ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ဒေါတမကြီး ကျေးရွာ အုပ်စုဖက်မှာဆိုရင် နှမ်းကို အဓိကထား စိုက်ပျိုးလေ့ရှိကြပြီး ဒီတစ်နှစ်မှာတော့ နှမ်းစိုက်ပျိုးတဲ့အချိန်မှာ မိုးမရွာတဲ့အတွက် ၂ခါ၊ ၃ခါ အထိ ကြဲရတဲ့ သူတွေရှိသလို အပင်မသန်တာတွေကြောင့် နှမ်းအထွက်နှုန်း တစ်ဝက်လောက် လျော့ကျသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အရင်နှစ် နှမ်း ၁၀ အိတ် ထွက်တဲ့ သူတွေဆိုရင်လည်း ဒီနှစ်မှာဆိုရင် သုံး၊ လေး အိတ်ပဲ ရတော့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒေါတမကြီးကျေးရွာမှာ စစ်လာရှောင်ရင်း နှမ်းစိုက်နေတဲ့ ဒေါ်ထားနွယ် ကတော့ နှမ်းနှစ်ခါ ကြဲခဲ့ရပြီး လက်ရှိထိ နှမ်းမခုတ်ရသေးဘူးလို့ ဆိုပါတယ်။
“ အရေးထဲ ဒီနှစ်ဆို နှမ်းမကောင်းတော့ ပိုဆိုးတာပေါ့။ တချို့ဆို တစ်အိမ်မှ နှစ်အိတ် သုံးအိတ်ပဲရတော့ တစ်နှစ်စာ ဘယ်လိုမျိုးစားမလဲ။ အခက်အခဲတအားရှိတယ်။ နှမ်းလုံးဝ မကောင်းကြဘူးလေ။ “ လို့ ဒေါ်ထားနွယ်က ဆိုပါတယ်။
နှမ်းတွေကို တောင်ယာခင်းတွေမှာ စိုက်ပျိုးလေ့ကြပြီး အာဏာမသိမ်းခင် စိုက်ပျိုးရာသီတွေမှာဆိုရင် လယ်ထဲတွေမှာပါ နှမ်းကိုသာ စိုက်ပျိုးကြတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ စားဝတ်နေရေးဖူလုံဖို့အတွက် စပါးတွေကို အနည်းငယ် ပြန်လည် စိုက်ပျိုးလာကြပေမယ့် စပါးစိုက်တာက နှမ်းစိုက်တာထက် အကုန်ကျများပြီး အထွက်မတိုး တဲ့အတွက် စပါးသိပ်မလုပ်ကြဘူးလို့ ဆိုပါတယ်။
“ အခုဒီ နိုင်ငံရေး ရှုပ်တော့ သူတို့က နည်းနည်းစိုးရိမ်စိတ်ရှိတယ်ပေါ့။ အကယ်၍ ဆန်ဝယ်လို့ မရခဲ့ရင် အဲ့လိုမျိုး ကြောင့် စပါးနည်းနည်းတော့ ပြန်လုပ်လာတယ် လယ်ထဲမှာ။ ပြီးခဲ့တဲ့ နှစ်တွေဆို နှမ်းတွေပဲရှိတယ်။ ဒီနှစ်ခါကျတော့ စပါးတွေ အပြည့်ပဲ ဒါပေမယ့် မဖူလုံပါဘူး။ စပါးစိုက်ပြီးတော့မှ တစ်နှစ်စာဆို မဖူလုံဘူး။ သူတို့ နှမ်းရောင်းပြီး ဆန်ဝယ်စားတဲ့ဟာ များတာပေါ့ အများဆုံးပဲ။ လယ်လည်း အများကြီး မရှိဘူးလေ။ လယ်ရှိတဲ့လူကရှိ မရှိတဲ့လူက မရှိ။ အဲ့ကြောင့် သူတို့ နှမ်းရောင်းပြီး ဆန်ဝယ်စားတာက ဓလေ့လို့ပြောရမှာပေါ့။ ဟိုး ကျမဒီမှာ စရောက်ကတည်းကပဲ။ အခုထက်ထိပဲလေ အဲ့လို။ “ လို့ ဒေါတမကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒေါတမကြီးကျေးရွာအုပ်စုမှာ နှမ်းပြာ ကို အများဆုံး စိုက်ပျိုးကြတာဖြစ်ပြီး အရင်နှစ် နှမ်းအထွက်နှုန်း ပိုရှိပေမယ့် နှမ်းစျေး တစ်ပိဿာ (၃၃၅၀)ကျပ် အထိသာ စျေးရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ စိုက်ပျိုးထားတဲ့ နှမ်းကို ရောင်းချပြီး တစ်နှစ်စာအတွက် ဆန်တွေကို စုဆောင်းဝယ်ယူ ကြတာြဖစ်ပါတယ်။ ယခုနှစ်မှာတော့ နှမ်းစျေးအရင်နှစ်ကထက်ပိုရှိပေမယ့် နှမ်းအထွက်နှုန်းနည်းသလို ဆန်စျေးနှုန်း၊ ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် နှမ်းစိုက်တောင်သူတွေ အခက်အခဲ ကြုံနေကြရပါတယ်။
“ အခက်အခဲက ဓါတ်ဆီရယ်၊ ကုန်စျေးနှုန်းက တက်တော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ နှမ်းရောင်းမယ်ဆိုရင်လည်း တစ်ခါ ရောင်း မှားသွားတာနဲ့ တစ်နှစ်စာ ငတ်မယ် အဲ့လိုပေါ့။ အခုက နှမ်းစျေးက ငါးထောင်၊ ငါးထောင်ကျော်ရှိပေမယ့် ဆန်စျေးကျတာကို စောင့်မယ်ဆိုရင်လည်း တစ်ခါမှ မကျနိုင်ဘူး။ နှမ်းစျေးကလည်း ထပ်မတက်သေးဘူး။ ဆန်စျေးကတော့ တစ်ရက်ပြီးတစ်ရက် ထပ်တက်ဖို့ပဲရှိတော့ အခက်အခဲရှိဆုံးကတော့ ဓါတ်ဆီနဲ့ ဆန် စျေးပေါ့။ တခြားလည်း အခက်ခဲရှိတယ် ဒါပေမယ့် ဦးစားပေး ဓါတ်ဆီနဲ့ ဆန် ပေါ့။ “ လို့ နှမ်းစိုက်တောင်သူတစ်ဦး ဖြစ်တဲ့ ခူးမီရယ်က ပြောပါတယ်။
လက်ရှိ နှစ်လ၊ သုံးလ အတွင်းမှာ ကုန်စျေးနှုန်းတွေမြင့်သည်ထက် မြင့်တက်လာနေသလို ဆန်စျေးနှုန်းကလည်း ၂၀၂၂နှစ်စပိုင်းလောက်မှာ ဗမာဆန်တစ်အိတ် ၃၅၀၀၀ ကျပ်ဝန်းကျင်ရှိပေမယ့် လက်ရှိမှာဆိုရင် ၄၂၀၀၀၊ ၄၆၀၀၀ ကျပ်အထိ ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင် တစ်နှစ်စာစုဆောင်းဖို့အတွက် ဆန်သယ်ယူရတဲ့ နေရာမှာလည်း အကန့်အသတ်တွေနဲ့ အစစ်အဆေးတွေကြား သယ်ယူဖို့ ခက်ခဲပြန်ပါတယ်။
လက်ရှိနှမ်းစျေးက ၅ထောင် ကျော်ရှိနေပြီး စျေးထပ်တက်ဖို့ မျှော်လင့်ပေမယ့် ဆန်ကလည်း တစ်လစာအတွက်ပဲ ဖူလုံတော့တယ်လို့ ခူးမီရယ်က သူ့ရဲ့ အခက်အခဲကို ဆက်ပြောပြပါတယ်။
“ အခုက နှမ်းစျေးက ၅ထောင်ကျော်တော့ရှိပြီ။ ဒါပေမယ့် ဆန်တစ်အိတ်က အခု လေးသောင်းကျော် ရှိနေပြန်တယ်လေ။ နောက် အခုက နှမ်းရောင်းရမလား မရောင်းရသေးဘူးလာ မပြောတတ်ဘူးဖြစ်နေတယ်။ ကုန်စျေးနှုန်းက အကုန်တက်နေတယ်။ ကျနော်တို့အတွက် ဆန်လည်း ဒီတစ်လ အတွက်ပဲ လောက်တော့တယ် အဲ့လိုပေါ့။ ဒီ ၉လပိုင်း တစ်လစာအတွက်ပဲ လောက်တော့တယ်။ မရောင်းသေးဘူးဆိုရင်လည်း ရောင်းဖို့လိုနေပြီ။ ရောင်းမယ်ဆိုရင်လည်း နှမ်းက အာဏာမသိမ်းခင်က ဆိုရင် နှမ်းတစ်အိတ်ဆို ဆန် အနည်းဆုံး ငါးအိတ်လောက်ရတယ်။ ဒီတစ်နှစ်နဲ့ အရင်နှစ်ကဆို နှမ်းတစ်အိတ်က ဆန် ၃အိတ်လောက်ပဲရတော့တယ်။ “ လို့ ခူးမီရယ်က ဆိုပါတယ်။
လက်ရှိ နှမ်းပြာ ကို တစ်ပိဿာ ၅၃၀၀၊ ၅၅၀၀ ကျပ်နဲ့ ဝယ်ယူကြပါတယ်။ လွိုင်ကော်ဖက်ကို ၅၇၀၀ ကျပ်နဲ့ ပြန်ရောင်းနေပြီး သွားလာရေးတွေမှာတော့ ခက်ခဲတယ်လို့ ဆိုကြပါတယ်။ နှမ်းဝယ်ယူနေတဲ့ ဒေါ်နှင်းနှင်းနွယ်ကတော့ နှမ်းစျေးတက်ဖို့အတွက် မျှော်လင့်တယ်လို့ ဆိုပါတယ်။
“ အရှုံးတော့ မရှိလောက်ဘူး။ ဒါပေမယ့် နှမ်းစျေးတက်ဆို ကျမတို့အတွက်ပိုကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဆန်တွေ စျေးတအားတက်ခါကျတော့ နှမ်းစျေးပိုထပ်တက်ဖို့ မျှော်လင့်တာပေါ့နော။ “ လို့ ဒေါ်နှင်းနှင်းနွယ်က ပြောပါတယ်။
ဒါ့အပြင် ဒေါတမကြီး ကျေးရွာအုပ်စု ထဲမှာဆိုရင် လက်နက်ကြီး ကျရောက်တာတွေလည်း ရှိခဲ့တဲ့အတွက် စစ်ရှောင်ရင်း တောင်ယာ၊ လယ်ယာ လုပ်ခဲ့ရသလို တချို့ ပေါင်းမလိုက်နိုင်တဲ့ မြေပဲခင်း၊ စပါးခင်းတွေလည်း ရှိသလို အလုပ်လုပ်ရတာ ခက်ခဲတယ်လို့ မြေပဲခင်းနားမှာ လက်နက်ကြီးကျခဲ့တဲ့ ဒေါ်ကူးမယ်က ဆိုပါတယ်။
“ အလုပ်လုပ်ရတာ ခက်ခဲတာပေါ့ လုပ်လည်းမလုပ်နိုင်တော့ ဘူး ခြံလည်း မရှင်းနိုင်တော့ ပြောင်းဖူးတောင်မစားရတော့ဘူး။ ခြံထဲဆို မြက်ထူကုန်တယ်။ ဝက်မွေးတာတောင် ပိန်အောင်မွေးထားသလိုပဲ ဝက်စာမကျွေးနိုင်တော့။ ကြက်တွေလည်း ပျောက်ကုန် ဝက်လည်း ပိန်သွားတယ်။အလုပ်ပိုင်းမှာ အကုန်ခက်ခဲတယ်။လက်နက်ကြီးလည်း ဒီမြေပဲခြံ နားပဲကျတယ်ကော။ ကျတဲ့အချိန်ကတော့ ကျမတို့ ပြေးပြီးသွားပြီ။ “ လို့ ဒေါ်ကူးမယ်က ပြောပါတယ်။
နှမ်းကို အဓိကထား စိုက်ပျိုးပြီး တစ်နှစ်စာအတွက် ဆန်ပြန်လည် စုဆောင်းနေရတဲ့ တောင်သူတွေအနေနဲ့ ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ခံနေကြရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။