ဦးမြာ
ကယားပြည်နယ် လွိုင်လင်လေးကျေးရွာအုပ်စု ပိန်းချစ်ကျေးရွာရှိ ရှေးဟောင်းရေကန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစိုးရကို အကူအညီပေးစေချင်တယ်လို့ ပိန်းချစ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးကောဝိသက ပြောပါတယ်။
“ရွာကလူတွေက အဲ့ဒီဟာကို တန်ဖိုးမသိကြဘူး။ အဟောင်းဆိုတော့ သူတို့ သိပ်ကရုမစိုက်ကြဘူးပေါ့နော။ အဲ့လိုမျိုးဖြစ်နေတာ ပြန်လည်ပြုပြင်ဖို့က ဒီရွာကလူ ဦးဇင်းတို့နဲ့ပဲ မလွယ်လောက်ဘူးပေါ့နော အစိုးရက ကူညီမှပဲ ရတာပေါ့နော ″ ဟု ကျောင်းထိုင်ဆရာတော် ဦးကောဝိသက မိန့်ကြားသွားပါတယ်။
ယခင်က မြန်မာသက္ကရာဇ် ၁၂၆၂ ခု စော်ဘွားစဝ်ခွန်းလီလက်ထက်တွင် ပိန်းချစ်ကျေးရွာရှိ ဘုရားကို တည်ထောင်ထားပြီး ရေကန်ကိုလည်း တစ်ပြိုင်တည်း တည်ထောင်ထားခဲ့တာဖြစ်သည်ဟု ဆိုပါသည်။
ရေကန်နှင့်အတူ နှစ်ပေါင်းတူညီနေသည့် ပိန်းချစ်ဘုရားကို ပြန်လည်ပြုပြင်မွမ်းမံထားသည်ကို တွေ့ရသည်။ ရေကန်ကိုမူ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် ယခုအချိန်တွင် ယိုယွင်းပျက်စီးနေတာဖြစ်သည်။ ယခင်က ၎င်းရေကန်သည် နက်ခဲ့သော်လည်း နှစ်ပေါင်းကြာလာတာနှင့်အမျှ တိမ်ကောလာခြင်းဖြစ်သည်ဟု ကျောင်းထိုင်ဆရာတော်ထံမှသိရသည်။
ပိန်းချစ်ဘုရားကို စော်ဘွားလက်ထက်တွင် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော်လည်း ထီးတော်မတင်နိုင်ခဲ့ကြောင်းသိရသည်။ မြန်မာသက္ကရာဇ် ၁၃၄၆ ခုနှစ်တွင် ရသေ့တစ်ပါးက ၎င်းဘုရားကို ထီးတော်တင်ခဲ့သည့်အတွက် ရှေးဟောင်းလက်ရာများ မရှိတော့ပဲ မွမ်းမံဘုရားအဖြစ် ယနေ့အချိန်ထိ တည်ရှိနေတာကို တွေ့ရသည်။
ကျေးလက်နေ ပြည်သူလူထုများက ယိုယွင်းပျက်စီးနေပြီဖြစ်သည့် ရှေးဟောင်းလက်ရာကို အလေးထားမှု နည်းပါးသည့်အတွက် ရှေးဟောင် အမွေအနစ် ပျက်စီးမသွားအောင် ထိန်းသိမ်းပြီး ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားထားပါသည်။
စော်ဘွားစဝ်ခွန်းလီ လက်ထက်တွင် ပိန်းချစ်ကျေးရွာသည် ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြီး ရေကန်ကိုလည်း ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။
″ နောက်ပိုင်းက အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဘုရားပွဲလည်း မဖြစ်ဘူး ရေကန်လည်း ဒီတိုင်းပဲ ပစ်ထားပြီးတော့ ရွာက သန့်ရှင်းရေးနဲ့ တစ်နှစ်တစ်ခါနှစ်ခါ အားလုံးပဲ လာပြီးတော့ သန့်ရှင်းရေးတွေ လုပ်ကြတယ်ပေါ့နော အမှန်ဆို ရှေးဟောင်းဆို ဒီတိုင်း ပြန်လည်ပြုပြင်သင့်တာပေါ့နော ဒီရှေးဟောင်းအမွေအနှစ်မပျောက်ပျက်အောင် သေချာထိန်းသိမ်းသင့်တယ်ပေါ့နော ″ ဟု ကျောင်းထိုင်ဆရာတော် ဦးကောဝိသက မိန့်ကြားပါသည်။
ယခင် အစိုးရလက်ထက်မှာ ရေကန်ကို ပြန်လည်ပြုပြင်နိုင်ရန် လာရောက်ကြည့်ရှူခဲ့ပြီး ကျောင်းထိုင်ဆရာတေ်ာကလည်း တင်ပြခဲ့သည်ဟုသိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံခြား ခရီးသွားများ လာရောက်လေ့လာခဲ့ကြသည်ဟု သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ၂၀၁၇-၁၈ ခုနှစ် ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းတွင် ကျပ်သန်းပေါင်း ၂၃ဝ နှင့် သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၃ဝ လျာထားကြောင်း သိရသည်။