spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

သစ်ထုတ်ယူနေခြင်းအပေါ် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် လူထုအခြေပြု အဖွဲ့အစည်းများ တိုက်တွန်း

Author

Date

Category

စိုင်းလင်းလင်းဦး

ပြည်နယ်အတွင်း ပုံစံအမျိုးမျိုးဖြင့် သစ်ထုတ်ယူနေခြင်းအပေါ် အစိုးရမှ ပွင့်လင်းမြင်သာစွာ အရေးတယူ ကိုင်တွယ်ဖြေရှင်းပေးရန် ကယား(ကရင်နီ)ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ထုတ်ပြန်ပြောဆိုလိုက်သည်။

စီးပွားရေးအရ အမြတ်ထုတ်သူများ၊ အစိုးရ လုပ်ထုံးလုပ်နည်းများဖြင့် အသုံးချနေသူများက သစ်များကို နေ့စဉ် လူထုများ၏ မြင်ကွင်းရှေ့တွင်တစ်မျိုး၊ လျို့ဝှက်စွာဖြင့်တစ်ဖုံ ထုတ်ယူနေမှုများ ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

ပြဌာန်ထားသော ဥပဒေအတိုင်းတိတိကျကျလိုက်နာကျင့်သုံးမှုအားနည်းခြင်းနှင့် အဂတိလိုက်စားမှုများရှိနေခြင်းကြောင့် တရားမဝင်သစ်ထုတ်သူများကို အရေးယူမှုအားနည်းလျှက်ရှိနေကြောင်း ကရင်နီ အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်(KCSN)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူနှင့် ကယားဖူနှစ်ခြင်းအဖွဲ့၏ လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန၏ ဒါရိုက်တာ ဦးစန်းဒေးထူးက ပြောသည်။

“အဓိကကတော့ ပွင့်လင်းမြင်သာမှုအားနည်းနေသေးတာက တစ်ခုပေါ့နော် ရှိရင်းစွဲဥပဒေတစ်ခုကို အဂတိလိုက်စားမှုကင်းကင်းနဲ့ ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင် ကျနော်ထင်ပါတယ် သစ်ထုတ်တဲ့သူတွေကလည်း သိထားလိမ့်မယ်။”ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် အစိုးရ အာဏာပိုင်များမှ ထိရောက်သောဥပဒေဖြင့်ကိုင်တွယ်ခြင်းနှင့်အတူ တဖက်တွင်လည်း သစ်သယံဇာတထုတ်ယူခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ တိုးမြှင့်လုပ်ဆောင်ရန် အထူးအလေးထားသင့်ကြောင်း ဦးစန်းဒေးထူးက ပြောသည်။

သဘာဝပတ်ဝန်းကျင်အား ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ ရေရှည်အကျိုးစီးပွားရည်ရွယ်ခြင်းနှင့် သစ်တောပြုန်တီးမှုကြောင်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် ကျွန်းနှင့် အခြားသစ်မာများကို စီးပွားရေးအရ ဆက်လက်ထုတ်ယူနေခြင်းအပေါ် KNPP မှ ကန့်ကွက်တားမြစ်ထားသော်လည်း ထိုအချက်အား KNPP အနေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မှု အားနည်းနေဆဲဖြစ်ကြောင်း လူထုအခြေပြုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ကဆိုသည်။

မြန်မာနိုင်ငံအတွင်း ကျရောက်နေသော သဘာဝဘေးအန္တရာယ်များသည် သစ်တောများပြုန်တီးခြင်း၊ သယံဇာတများ အလွန်အကျွံထုတ်ယူခြင်းတို့နှင့် ဆက်နွယ်နေပါသဖြင့် ပြည်နယ်အတွင်း အဖွဲ့အစည်းသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော်လည်းကောင်း တရားဝင်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ အစိုးရမှ စီမံချက်များချမှတ်ကာ အရေးယူမှုများ လုပ်ဆောင်ပေးရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ကယားပြည်နယ်အတွင်း ကျွန်းသစ်နှင့် သစ်မာများကို နှစ်အတော်အတန်ကြာ ထုတ်ယူခဲ့ရာမှ ယခုနှစ်သစ်ထုတ်ရာသီမှစ၍ ပြည်ထောင်စုအစိုးရမှ တရားဝင်သစ်ထုတ်လုပ်ခွင့် ရပ်နားထားကြောင်း သိရသည်။

spot_img
spot_img

Recent posts