ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ သစ်ယားတောစစ်ရှောင်စခန်းမှ စစ်ရှောင်တွေဟာ တစ်ပိုင်တစ်နိုင် မွေးမြူရေးကို လုပ်ကိုင်ကြပါတယ်။ စစ်ရှောင်အိမ်တိုင်းလိုလို မွေးမြူရေးကို လုပ်ကိုင်ကြပြီး အဓိက ကြက် နဲ့ ဝက်ကို မွေးမြူကြတာဖြစ်ပါတယ်။
အခုလို တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ရတာဟာ နောင်တစ်ချိန် ရိက္ခာပစ္စည်းတွေလာရောက်ထောက်ပံ့ခြင်း
မရှိတော့ရင် ကိုယ်ပိုင် ဝင်ငွေရစေဖို့ဖြစ်တယ် လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
” နောင်တစ်ချိန်မှာ ကျမတို့ ပစ္စည်းတွေရိက္ခာတွေ လာမပေးနိုင်ဘူးဆိုရင် ကျမတို့ တစ်ပိုင်တစ်နိုင်ကိုယ့်ကိုယ်ကိုယ် ဝင်ငွေအဖြစ် ကိုယ့်ကိုယ်ကိုယ် မားမားမတ်မတ်ရပ်တည်နိုင်ဖို့အတွက် ကျမတို့ အဓိကရည်ရွယ်ချက်နဲ့ ကျမတို့ ကြက်ရယ် ဝက်ရယ် မွေးမြူခြင်းဖြစ်တယ် ” လို့ဆိုပါတယ်။
အခုလို တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်နိုင်ဖို့ ထောက်ပံ့မှုရတဲ့ ငွေတစ်ချို့ထဲက ကြက်ကို အရင်မွေးကြတာဖြစ်ပြီး ကြက်ရောင်းရငွေနဲ့ ဝက်မွေးနိုင်တဲ့အထိ ရောက်လာတယ်လို့ ဆိုပါတယ်။ မွေးမြူရေးလုပ်တာဟာ မိသားစုအတွက်အပြည့်အဝ ဖူလုံမှုမရှိပေမယ့်လည်း စားဝတ်နေရေးအတွက် တစ်တောင့်တစ်နေရာမှာ အများကြီးသက်သာတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်မရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဒီလိုမွေးမြူရေးလုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင်လုပ်ရတာဟာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုလည်း သက်သာစေနိုင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
” ဒီချိန်မှာ ကျမတို့ သစ်ယားတောလို့ပြောလိုက်ရင် အိမ်ခြေ(၂၇)အနက် ကျမတို့ပြန်စီစစ်တဲ့အချိန်မှာ အိမ်ခြေ(၂၀)က အိမ်လောင်သွားပြီး (၆)အိမ်ကလက်နက်ကြီးထိတယ် (၁)အိမ်ကဘားမှတော့မဖြစ်သေးဘူးပေါ့နော်။ ကျန်တဲ့အိမ်တော်တော်များများက ပြာဖြစ်သွားတဲ့အတွက်ကြောင့် မွေးမြူရေးပိုင်း မှာပြန်ကြည့်ခြင်းအားဖြင့် စိတ်တွေလဲသက်သာစေတယ် ၊ တဲတွေလဲပြန်ဆောက်ပေးနိုင်တယ်။ နောက်ပြီး အာဟာကိုလည်း မျှမျှတတ ပြန်ပြီး စီမံခံခွဲနိုင်တယ်ပေါ့နော် ” လို့ ဆိုပါတယ်။
သစ်ယားတော စစ်ရှောင်တွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စတင်ရောက်ရှိလာကြတာဖြစ်ပြီး အိမ်ခြေ (၂၇)အိမ် လူဦးရေ (၁၄၀)ကျော် ရှိတယ်လို့သိရပါတယ်။