spot_imgspot_imgspot_imgspot_img
Friday, January 3, 2025
spot_imgspot_imgspot_imgspot_img

သောက်သုံးရေ ရရှိဖို့ ရေပိုက်သွယ်ရန် ငွေကြေးလိုအပ်နေတဲ့အတွက် အကူညီတောင်းခံ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ခြမ်း ခူးပရာအုပ်စု သာဒေးခို ကျေးရွာမှာ သောက်သုံးရေရရှိဖို့အတွက် ရေပိုက်သွယ်ရန် ငွေးကြေးလိုအပ်နေတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေထံ အကူညီတောင်းခံစာ ဖြန့်ဝေထားတယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ပေ ၈၀၀၀ ကျော်မြင့်တဲ့ တောင်ပေါ်မှ စိမ့်စမ်းရေကို ရွာတွင်းအထိ ရေပိုက်သွယ်မှာဖြစ်ပြီး ကုန်ကျစရိတ်များပြားတာကြောင့် အကူအညီတောင်းခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

“သိန်း၃၀၀လောက်ကုန်မှာပေါ့နော်။ ပေပေါင်းအားဖြင့် တစ်သောင်းခြောက်ဆယ်ပေါ့။ အဲ့နှစ်လက်မပိုက်နဲ့ ဟိုးတောင်ပေါ်မှာပေါ့နော် စိမ့်စမ်းရေ တောင်ကျရေပေါ့နော်။ မိုင်အနေနဲ့နှစ်မိုင်နီးပါးလောက်ရှိတယ်” လို့ ကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးသော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ပါဝင်ကူညီပေးကြဖို့ သူက တောင်းခံထားပါတယ်။

ကျေးရွာအတွင်း ရေကန်ရှိနေပေမယ့် နွေရာသီရောက်လျှင် ရေခမ်းခြောက်တာကြောင့် တောင်ပေါ်စိမ့်စမ်းရေကနေ တောင်အောက်ထိ ရေပိုက်သွယ်ယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ နေ့စဉ်ချက်ပြုတ် သောက်သုံးရန် ရေရရှိဖို့ အခြားကျေးရွာရှိ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခပ်ယူရသလို တစ်မိုင်ကျော်ခန့်ဝေးတဲ့ လယ်ကွင်းမှာ ရေသွားခပ်နေရတယ်လို့ ဆိုပါတယ်။

မိဘကူညီလိုတဲ့ ကျောင်းသူ၊ကျောင်းသားတွေ မနက်ကျောင်းမသွားခင် ဝေးလံတဲ့ လယ်ကွင်းမှာ ရေသွားခပ်ရသလို အခြားကျေးရွာမှာကျောင်းသွားတက်တဲ့ ကျောင်းသားတွေလည်း ရေပုံးယူသွားပြီး ကျောင်းဆင်းချိန် တစ်ပါတည်း ရေခပ်ပြန်ရတယ်လို့ သိရပါတယ်။

”ရေရှားပါးတဲ့အတွက်ကြောင့် ရေသွားပြီးတော့ခပ်နေရတယ် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေရတဲ့အခါမှာ ဝမ်းစာတွက်မက ရေရှာဖို့အတွက် အချိန်တော်တော် ပေးနေရတဲ့အတွက်ကြောင့် အခက်အခဲတော်တော်လေးရှိတာပေါ့” လို့ ကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

ယခင်က ဘေးရွာရှိ ခူးပရာရွာမှ ရေကို ရရှိခဲ့သော်လည်း လူဦးရေးများပြားလာတာကြောင့် ရေဆက်လက် ပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

အခုလို ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန် ရေပိုက်သွယ်ဖို့ အာဏာမသိမ်းခင် အစိုးရထံတင်ပြတောင်းဆိုထားပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အစီအစဉ်ပျက်သွားတယ်လို့ ပြောပါတယ်။

အဆိုပါ သာဒေးခိုကျေးရွာမှာ အိမ်ခြေ ၃၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ နီးပါးနေထိုင်ကြကာ စစ်ရှောင်တွေလည်း လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ နွေရာသီကာလရောက်ရှိနေပြီဖြစ်တဲ့အတွက် တောင်ပေါ်ဒေသက ကျေးရွာအပြင် စစ်ရှောင်စခန်းအသီးသီးမှာ ရေအခက်အခဲရှိလာကြပြီလို့ သိရပါတယ်။

spot_img
spot_img