spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

ဖာလာစိုက်ပြီး တောရိုင်းတိရစ္ဆာန်များ စည်းကမ်းမဲ့ ပစ်ခတ်နေမှုများရှိ

Author

Date

Category

စိုင်းလင်းလင်းဦး

ဖလာစိုက်ခင်းများ လာရောက်စိုက်ပျိုးထားမှုကြောင့် ဒေသခံများအမှီပြုအသုံးပြုနေကြသည့် ရေထွက်များ ခမ်းခြောက်လာနိုင်ခြင်းနှင့် တောရိုင်းတိရိစာ္ဆန်များအလွန်အကျွံ ဖမ်းဆီး စားသောက်နေခြင်းကြောင့် တောရိုင်း တိရိစာ္ဆန်များမျိုးတုန်းလာနေခြင်းကို ဒေသခံများမှ စိုးရိမ်နေကြသည်။

ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ကျေးရွာမှ အဓိကအသုံးပြုနေရသော ရေထွက်အရင်းအမြစ်အနီးအနားတွင် အခြားဒေသနေသူများမှ ဖာလာခင်းများ လာရောက် စိုက်ပျိုးထားခြင်းအပေါ် စိုးရိမ်းနေကြခြင်းဖြစ်သည်။ ထိုကဲ့သို့ စိုက်ပျိုးထားမှုမှာ နှစ်နှစ်ရှိသွားပြီဖြစ်ရာ ရွာမှအသုံးပြုနေရသော ရေအရင်းအမြစ်များမှ ရေထွက်နှုန်းတဖြည်းဖြည်း လျော့နည်းလာနေကြောင်း ဒေသခံများက ဆိုကြသည်။

“အရင်တုန်းကဆို ဒီနေရာမှာ ရေတအားထွက်တယ်။ သူတို့ဖာလာ လာစိုက်ပြီးနောက်ပိုင်း ရေတောင် မထွက်နိုင်တော့ဘူး”ဟု ချိကွဲ့ကျေးရွာနေ ဦးမြင့်နိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

မတ်လ ၆ ရက်နေ့က အဆိုပါ ဖာလာခင်းများစိုက်ပျိုးထားရာနေရာသို့ ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်ခဲ့ရာ ရေထွက်ပေါက်အနီး နေရာတွင် သစ်ပင်ကြီးများ ခုတ်ထွင် ရှင်းလင်းထားကာ ဖာလာပင်များ ၃ ဧက ကျော် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါနေရာကို လာရောက်ခုတ်ထွင်ရှင်းလင်းကာ ဖာလာပင်များစိုက်ပျိုးမည့်အကြောင်း လာရောက်စိုက်ပျိုးနေသူများက ဒေသခံတာဝန်ရှိသူများကို အသိမပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် လက်ရှိစိုက်ပျိုးနေသည့် ဧရိယာကို ထပ်မံချဲ့ထွင်ရန် ယမန်နှစ်အတွင်း ဖာလာမျိုးစေ့များ ပီနံအိတ်ပေါင်း ၃ဝ ကို ယူဆောင်လာခဲ့ရာမှ ရွာခံများမှ အချိန်မှီတွေ့ရှိခဲ့ပြီး ဟန့်တားနိုင်ခဲ့သည်။

ထိုဖာလာခင်းသို့ ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်ချိန်တွင် ဖာလာစိုက်ပျိုးထားသူနှင့် တွေ့ဆုံခဲ့ရာ ထိုသူမှာ မော်ချီးဒေသ လိုခါးလိုကျေးရွာတွင်နေထိုင်သူ စောအယ်ကွီးဒို (အဘ-စောတာပုလု) ဖြစ်ကြောင်း မိမိသည် ခဲသတ္တုတူးဖေါ်သည့်လုပ်ငန်းလုပ်ကိုင်သော ခဲကျင်းပိုင်ရှင်ဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။

ခဲလုပ်ငန်းလုပ်ကိုင်ရန် ပျင်းရိသည့်အချိန်တွင် ယင်းနေရာသို့ လာရောက်လည်ပတ်ရန် ဖာလာများစိုက်ပျိုးထားခြင်းဖြစ်ကြောင်း စောအယ်ကွီးဒိုက ပြောသည်။

ထို့အပြင် ဒေသခံများက ဖာလာ လာရောက်စိုက်ပျိုးခြင်းနှင့် အတူ ယင်းဒေသတွင် အမဲလိုက်ခြင်၊ တောရိုင်းတိရိစာ္ဆန်များအလွန်အကျွံ ဖမ်းဆီးစားသောက်နေခြင်းကြောင့် တောရိုင်း တိရိစာ္ဆန်များ မျိုးတုန်းလာနေကြောင်း ပြောဆိုထားသည်။

ချိကွဲ့ကျေးရွာအရှေ့ဘက် တောအုပ်ကြီးအတွင်း ကျက်စားသော ရှားပါးငှက်မျိုးစိတ်များနှင့် မျောက် အကောင်ရေ အများအပြားမှာ ဖာလာ လာရောက်စိုက်ပျိုးရင်း အမဲလိုက်သူများကြောင့် ယခင်ထက် အရေအတွက် လျော့နည်းနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ဖာလာခင်းများ လာရောက်စိုက်ပျိုးခြင်းနှင့်အတူ တောရိုင်းတိရိစာ္ဆန်များ ဖမ်းဆီးနေမှုအပေါ် နောက်နောင် လာရောက်မလုပ်ဆောင်ရန် မြို့နယ် အစိုးရအာဏာပိုင်များထံ ၂၀၁၆ ခုနှစ်ကတည်းက အကြောင်းကြားထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ချိကွဲ့ကျေးရွာအနီးရှိ စောင်းလော့ကျေးရွာအရှေ့ဘက်ရှိ တောအုပ်တွင်လည်း ကမဆည(ကြယ်ဖြူ)အဖွဲ့မှ ဖာလာခင်းများ အများအပြားလာရောက် စိုက်ပျိုးနေခြင်းများရှိနေသည်။

ချိကွဲ့ရွာနှင့် စောင်းလော့ကျေးရွာအရှေ့ဘက်ရှိ တောအုပ်သည် သက်တမ်းရင့် တောအုပ်ဖြစ်သည်။ နှစ်ရက်တာ ခရီးစဉ်အတွင်း ကန္တာရဝတီတိုင်း(မ်)မှ ချိကွဲ့တောအုပ် (ဒေသအခေါ် တောင်ပြောင်) အတွင်း၌ ရှားပါးတောရိုင်းတိရိစာ္ဆန်နှင့် သစ်ပင်ပန်းမန်များကို စာရင်းပြုစုခဲ့သည်။

တောအုပ်ကြီးသည် အပူပိုင်း အမြဲစိမ်းတောအမျိုးအစားဖြစ်သည်။ ချိကွဲ့ကျေးရွာမှ အသုံးပြုနေသော ရေချိုသည် တောအုပ်အတွင်းအရင်းပြုကာ ထွက်ရှိလာသော ရေအရင်းအမြစ်ဖြစ်သည်။ ဖာလာပင်များစိုက်ပျိုးထားသော နေရာအပါအဝင်ဖြစ်သည်။

ရှားပါးထူးခြားသော ငှက်အမျိုးအမည်မှာ ရှားပါးငှက်မျိုးများအနက် ဒေသခံများ၌ တွေ့ရှိရသော ငှက်အချို့မှာ အောက်ချင်းငှက်(အတောင် အဖြူ/အနက်ရောင်စပ် နုတ်သီးအဝါရောင်)၊ ကြိုးကြာ (အဖြူရောင်)၊ ငုံးအကြီးမျိုး၊ ဒေါင်း(အပြာ/အညို)တို့ဖြစ်ကြသည်။ အခြားဒေသတွင် တွေ့ရှိရလေ့မရှိသော ငှက်အမျိုးအစားများကို မြင်ခဲ့သော်လည်း အမျိုးအမည်မသိရှိပါ။

အောင်ချင်းငှက်နှင့် ကြိုးကြာငှက်ကို အလွန်အကျွံဖမ်းယူစားသောက်ခြင်းကြောင့် ယခုအခါ မျိုးတုန်းပျောက်ကွယ်လုနီးဖြစ်နေပြီဟု ဒေသခံထံမှ သိရသည်။

ထို့အပြင် ဒေသခံထံမှ မေးမြန်းသိရှိရသော ရှားပါးတောရိုင်းတိရစာ္ဆန်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကျား၊ ကျားအနက်ရောင်၊ ကျားသစ်၊ တောကျွဲ၊ ပြောင်၊ စပါးကြီးမြွေ၊ စပါးအုန်းမြွေ၊ တောလင်းမြွေ၊ ဝတ်ဝံ၊ တောဝတ်၊ ချေ၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ မျောက်ဂတုံ၊ မျောက်လေပွေ၊ မျောက်မြီးရှည်၊ ဖြူ၊ ခွေးတူဝတ်တူ၊ မျောက်ဝံ၊ ကုန်းလိပ်(နှစ်မျိုး)၊ ရှုးပျံ၊ ရှည့်ပျံ၊ သင်းခွေချပ်နှင့် စားဖါးအကြီးမျိုးတို့ဖြစ်သည်။ အဝါစင်းပါသော ကျားကိုမူ ပစ်ခတ်ဖမ်းဆီးရရှိခဲ့ခြင်း မရှိသော်လည်း အမဲလိုက်ချိန်တွင် တွေ့ရှိခြင်း၊ ရွာမှ မွေးမြူထားသော နွားများကို ဖမ်းယူစားသောက်ခဲ့ခြင်း ရှိခဲ့သည်။

ရှားပါးသစ်ပင်ပန်းမန်များမှာ ကယားသဇင်၊ သစ်ခွရှည်၊ ပန်းဂတုံး၊ ပန်းပျော့၊ ဖြူဆူး၊ သံချွန်ပန်း၊ တောင်တလုံးဥ၊ လိပ်ပြာဥ၊တပင်တိုင်မြနန်းဥ၊ တပင်ရွေထီး၊ စန္ဒကူး၊သစ်ဂျပိုး၊ ချိတ်၊ ပွေးညတ်၊ အင်တွဲ၊ ငုခေါက်နှင့် (ဆေးဖက်ဝင်သော သစ်ပင်ပန်းမန်အချို့မှာ ဒေသစကားဖြစ်သာနားလည်ပြီး မြန်မာလိုအဓိပ္ပါယ်မသိရှိခြင်းကြောင့် ချန်လှပ်ခဲ့)တို့ကို တွေ့ရှိရသည်။

ကြိမ်နှင့် ငှက်နှင့် တောရိုင်းတိရစာ္ဆန်များ စားသောက်သော သီးပင်/စားပင် အပင်များနှင့် သက်တမ်းကြာရှည်စွာပေါက်ရောက်နေဟန်ရှိပြီး ရေညှိတက်နေသည့် သစ်ပင်ကြီးများကိုတွေ့ရှိခဲ့ရသော်လည်း အမျိုးအမည်မသိရှိရပါ။

ဖာလာလာရောက်စိုက်သူများအနေဖြင့် နောက်ဆက်တွဲ ချဲ့ထွင်လာနိုင်ခြင်းနှင့် အထက်ပါ တောရိုင်းတိရိစာ္ဆန်များနှင့် ကျေးငှက်များကို ဖမ်းယူစားသောက်နေခြင်းအပေါ် အာဏာပိုင်တာဝန်ရှိသူများမှ အရေးယူပေးရန် လိုလာနေကြကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts