ကန္တာရဝတီတိုင်း(မ်)
ဒေသတွင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေက စိတ်ပိုင်းဆိုင်ရာကုစားတဲ့ လုပ်ရှားမှုတွေကို ပြုလုပ်လုပ်ပေးဖို့ တောင်းဆိုလာကြတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ အထွေထွေအတွင်းရေးမှူး အလား က ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရတဲ့ ပြဿနာကို ကုစားလိုတဲ့အတွက် တောင်းဆိုကြပေမယ့် နှစ်သိမ့်ဆွေးနွေးမှု (Counselling) ခံယူဖို့လိုတဲ့ အဆင့်ထိတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
“လိုတယ် သူတို့တောင်းဆိုကြတာလည်း ရှိတယ်။ ခုန ကျမပြောသလိုမျိုးပဲ Counselling (နှစ်သိမ့်ဆွေးနွေးမှု)
ခံယူဖို့လိုတယ် ဆိုတဲ့အဆင့်ထိကိုတော့ လာပြီးတော့ ချဉ်းကပ်တာမျိုး မရှိသေးဘူး။ ဒါပေမယ့် စစ်ရှောင်စခန်းမှာ ဒီလို Activities (လုပ်ရှားမှု) လုပ်ပေးတာအရမ်းကောင်းတယ်။ ဒါတွေများများလုပ်ပေးလို့လိုတယ်။ ဒီဆက်ရှင်လေးတွေကို များများဝင်ပေးပါဆိုပြီး တောင်းဆိုတဲ့စစ်ရှောင်စခန်းလည်းရှိတယ်။ ဒါမှမဟုတ်လည်း ကျမတို့ကိုယ်တိုင်ဝင်ပြီးတော့ နောက်တစ်ကြိမ် ထပ်လာလုပ်ဖို့ သူတို့တောင်းဆိုတဲ့စစ်ရှောင်စခန်းလည်းရှိတယ်ပေါ့နော။” လို့ အလား က ပြောပါတယ်။
KyWO အနေနဲ့ စစ်ရှောင်စခန်းတွေကို သွားရောက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပေးတဲ့အခါ စစ်ရှောင်တွေနဲ့ ဝိုင်းဖွဲ့စကားပြောတာ၊ အခက်အခဲ ရင်ဖွင့်စကားကိုနားထောင်တာ၊ အကြံပြု ဆွေးနွေးပေးတာ၊ အားပေးတာ၊ ဂိမ်းလေးတွေနဲ့ စိတ်ပျော်အောင် ကစားကြတာ စတဲ့ ပုံစံတွေနဲ့လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်း၊ ဖရူဆိုအနောက်ခြမ်း၊ ဖယ်ခုံမြို့နယ် ကယန်းဒေသတွေမှာ အဓိက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေဟာ မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှန်း မသိကြဘဲ ဆေးခန်းမှာ ပြလာတဲ့ စစ်ရှောင် ၁၀ယောက်မှာ ၈ယောက်လောက်က စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတယ်လို့ ဒေါက်တာပြည့်ဖြိုးကျော်က တွေ့ရှိချက်ကို ပြောပါတယ်။
“အိပ်မပျော်လို့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်လို့။ သွေးတိုးတယ်ထင်တယ် နှလုံးရောဂါရှိတယ်ထင်တယ်။ တကယ့်တကယ် စစ်ဆေးကြည့်လိုက်ရင် အဲ့ဒါတွေကရှိတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့လက္ခာတွေအကုန်လုံးရဲ့ လက်သည်က ဒီစိတ်ဖိစီးမှုပဲ။ Stress များလို့ ဒီလက္ခာဏာပေါ်လာတာပေါ့နော။ အဲ့လိုမျိုးကတော့ လာပြတဲ့လူနာ ၁၀ယောက်မှာ ၈ယောက်လောက်က ဒီ Stress ဒဏ်ခံရတာကို တွေ့ရပါတယ်။” လို့ သူက ပြောပါတယ်။
စစ်ရှောင်တွေဟာ နှစ်သိမ့် ဆွေးနွေးမှုခံယူတာတွေ နဲ့ ပါတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိတာကြောင့် မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်သက်ပြီး မဖွင့်ဟတာ၊ ရှက်တာ ရှိနေကြတယ်လို့လည်း KyWO မှ Alar ကပြောပါတယ်။ အများစုကတော့ စစ်ရှောင်ကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အခြေအနေ၊ ခံစားချက် တွေကို တင်ပြပြောဆိုကြတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ကုစားတဲ့ လုပ်ရှားမှုတွေကို အမျိုးသမီးအဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့၊ အစုအဖွဲ့၊ တစ်ဦးချင်း စသဖြင့် လုပ်ဆောင်လျက်ရှိနေတာပါ။
ဒါဟာ ကောင်းတဲ့လုပ်ရှားမှုတစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကုစားမှုတွေက ဆေးဝါးနဲ့ ကုသတာထက် အချင်းချင်း ထိတွေ့ပြီး နှစ်သိမ့်ဆွေးနွေးအားပေးတာက အကောင်းဆုံးအဖြေဖြစ်တယ်လို့ ဒေါက်တာ ပြည့်ဖြိုးကျော်က မှတ်ချက်ပြုထားပါတယ်။
“ဒီကရင်နီထဲမှာ အမျိုးသမီးအဖွဲ့အစည်းတွေရှိတယ်။ အမျိုးသမီးတွေအတွက် ထောက်ပံ့တဲ့အကူအညီတွေလာတယ်ပေါ့နော။ ဒါက ကောင်းတဲ့လက္ခာတစ်ခုပဲ။ Mental Assessment (စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှု) ပေါ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ အမြဲတမ်းလေ့လာအကဲခတ်ပြီး ဆွေးနွေးမယ်။ ဒါကတော့ အမျိုးသားကောအမျိုးသမီးကော လိုအပ်တယ်ပေါ့နော။ ဒီကာလကြီးထဲမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရတာ စိတ်ဓာတ်ကျတာတွေအတွက်ကျတော့ ဆေးဝါးနဲ့ တခြားဟာတွေက လုပ်ဖို့ခက်တယ်။”လို့ ဒေါက်တာပြည့်ဖြိုးကျော်က ဆိုပါတယ်။
လတ်တလောမှာ စစ်ရှောင်တွေကနေ နှစ်သိမ့် ဆွေးနွေးမှု ( Councelling ) ခံယူဖို့အတွက် ဆက်သွယ်လာတာ မရှိသေးပေမယ့် ရှိလာပါက နှစ်သိမ့်ဆွေးနွေးမှုပေးနေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်တယ်လို့ အလား က ပြောပါတယ်။
“လူထုတစ်ယောက်ယောက်က စိတ်ပိုင်းဆိုင်ရာလုံးဝအဆင်မပြေဘူး။ Depression အရမ်းဝင်နေတယ်။ Councelling (နှစ်သိမ့်ဆွေးနွေးမှု) ခံယူမှပဲအဆင်ပြေတော့မယ်ဆိုတဲ့အနေအထားမျိုးဆိုရင်တော့ ကျမတို့ကတော့ ချိတ်ဆက်ဆောင်ရွက်တဲ့ဟာမျိုး လုပ်ပေးလို့ရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်ကာလ ၂နှစ်ဝန်းကျင် ကြာမြှင့်လာပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့သူ အများစုဟာ အိမ်ထောင်ရဲ့ တာဝန်ထမ်းဆောင်ရတဲ့သူ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ၊ အိမ်မီးလောင်ပျက်စီးသွားသူ၊ ရေရှည်စားဝတ်နေရေး အဆင်မပြေသူ၊ မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးထားသူ၊ အလုပ်အကိုင်မရှိသူ၊ လုံခြုံမှုမရှိတဲ့အကြောက်တရားတွေကို ကြုံတွေ့နေရတဲ့သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။