ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ( မတ်လ ၁၁ ) ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်ရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။
“စောနက ၅ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ မိနစ် နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။ အပေါ်ကနေ ပစ်ချတဲ့အသံကြားတယ်။ အကျယ်ကြီးပဲ။” လို့ မြေပြင်သတင်းထောက်က သတင်းပေးပို့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊ မရှိ ကိုတော့ ကန္တာရဝတီတိုင်းအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ နေ့စဉ်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
တိုက်ပွဲကြောင့် ထပ်ဆင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူများ အပါအဝင် စစ်ရှောင်ပြည်သူဦးရေ တစ်သောင်းကျော်အထိ ရှိလာနေပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ် လိုအပ်နေဆဲ ဖြစ်ပါတယ်။