spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ တိမ်းရှောင်ရတဲ့ စစ်ရှောင်ကလေးတချို့မှာ အရေပြားအနာဖြစ်ပွားနေ

ဓါတ်ပုံ – JFK

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရှောင်နေကြရတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ ထပ်မံတိမ်းရှောင်ရတဲ့ စစ်ရှောင်ကလေးတချို့တွေမှာ အရေပြားအနာဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ စစ်ရှောင်တွေ ရွေ့ပြောင်းဖို့အတွက် ကူညီပေးနေတဲ့ Job For Kayah အဖွဲ့မှ တာဝန်ခံ ကိုလွမ်း က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ကျနော်တို့ တွေ့ရ မျက်မြင်ရှေ့မှာတော့ လေး၊ ငါး၊ ခြောက်ယောက်ပေါ့နော။ ရှိဦးမယ်။ ဒါကျနော်တို့ တွေ့တဲ့ဟာပဲရှိသေးတယ်။ ကျနော်တို့ တင်ထားတဲ့ဟာလည်း ကျနော်တို့တွေ့လို့ ရိုက်ထားတဲ့ဟာပဲပေါ့နော။ ရှိနိုင်သေးတယ် အများကြီး။ “ လို့ သူက ပြောပါတယ်။

တွေ့ရှိရတဲ့ စစ်ရှောင်ကလေးတွေအပြင် အဆိုပါလက္ခာပုံစံမျိုး ဖြစ်ပွားတာ ထပ် ရှိနိုင်သေးတယ်လို့ သူက ပြောပါတယ်။

ဓါတ်ပုံ – JFK

“ ကျနော်တို့ သိရသလောက်ကတော့ တစ်ကိုယ်သန့်ရှင်းရေးပေါ့နော။ အဲ့ဖက်က နည်းနည်းအားနည်းတယ်ဗျ။ ကျန်းမာရေးအသိလည်း နည်းနည်းနည်းတယ်။ နေရာလည်း နည်းနည်းခေါင်တော့လေ။ ပြီးတော့ ရေကြောင့်ပေါ့နော ရေကြောင့်လို့လည်းပြောတယ် အဲ့ဖက်က ဆရာမတွေကတော့။” လို့ Job For Kayah တာဝန်ခံ ကိုလွမ်းက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်တဲ့ မတ်လပထမအတွင်းကစပြီး ဒေသခံတွေအပြင်လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်တွေဟာ တောတောင်ထဲသွားရောက်နေထိုင်ကြရပြီး ရေမရရှိတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလည်း မပြုလုပ်နိုင်ကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – JFK

“ စစ်ရှောင်တွေအနည်းစုမှာ ကျမတွေ့ရသလောက်ကတော့ ကလေးတွေမှာ ယားနာ ဖုတွေ လိုလို ဘာလိုလို ထနေတာကို တွေ့ရတယ်ပေါ့။ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတယ်လို့ ကျမထင်တယ်ပေါ့နော။ သူတို့ကို မေးကြည့်တော့လည်းသူတို့ မသိဘူးဖြစ်နေတယ် အဲ့မျိုး။ “ လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကလေးငယ်တွေရဲ့ မျက်နှာ တွေမှာ အဖုတွေ ပေါက်နေပြီး တချို့ ကလေးတွေရဲ့ နားရွက်မှာ အနာပုံစံမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ တချို့ကတော့ ရေကျောက် အနာလို ပုံစံမျိုး ဖြစ်နေကြတာကို တွေ့ရတယ်လို့ အနာကို မျက်မြင်တွေ့ရှိသူတွေက ပြောကြပါတယ်။

ဓါတ်ပုံ – JFK
spot_img
spot_img