spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ မှာ စစ်ရှောင်လာတဲ့ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေး ဖမ်းဆီးနေ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ရှောင်ရင်းရောက်ရှိလာတဲ့ အရပ်သားတစ်ချို့တွေကို စစ်ကောင်စီက စစ်ဆေး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ လွိုင်ကော် ဒေသခံတွေဆီက သိရပါတယ်။

“စစ်ရှောင်တွေကို အများကြီး ဖမ်းထားတယ်။ အသက်ကြီးတဲ့ လူတွေကိုရောပဲ။ ဖမ်းပြီးတော့ ရိုက်တယ်။ မြင်ရတာ စိတ်မကောင်းဘူး။ လွိုင်ကော်ကလူတချို့လည်း ပါသလိုပဲ။ အဲဒါကြောင့် လွိုင်ကော်ဘက်ကို ဝင်ရင် သတိထားလို့ ပြောချင်တယ်။” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတဲ့နောက်ပိုင်း လွိုင်ကော်ဘက်မှာ အစစ်အဆေး ပိုတင်းကျပ်လာကာ ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတာဖြစ်တယ်လို့ လွိုင်ကော် ဒေသခံတွေက ပြောဆိုကြပါတယ်။

“စစ်ကောင်စီက စစ်ရှောင်တွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးထားတာရှိပြီး လက်ရှိ အချိန်အထိ ပြန်မလွှတ်သေးဘူး။ ပထမဆုံး ရှောင်တဲ့ နေ့မှာတောင် ၁၈ ယောက်လား။ ၁၅ ယောက်လားမသိဘူး။ အဖမ်းခံရတယ်။ သူတို့ ဖုန်းထဲမှာ ဓာတ်ပုံတွေ တွေ့လိုပေါ့နော။ ပြီးတော့ သူတို့က တော်တော်လေး စစ်တယ်ဗျ။ စစ်ရှောင်တွေဆို တော်တော်လေး စစ်တယ်။” လို့ JFK (job for kayah)ရဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာလည်း လွိုင်ကော်ဘက်တက်လာတဲ့ သူတွေကို ကားတွေ တန်းစီရပ်ခိုင်းပြီး စစ်ကောင်စီက စစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိလွိုင်ကော်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေကို အသင့် နေရာချထားတဲ့ ပုံစံနဲ့ တွေ့ရတယ်လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ဒီရက် မြို့ပေါ်တွေမှာ စစ်သားတွေ၊ ရဲတွေတော့ ရှိနေတယ်။ အစောင့်သဘောလား။ ကင်းချထားတဲ့ ပုံစံလားတော့ သေချာမသိဘူး။ သူတို့ စစ်ဆေးတာတွေတော့မရှိဘူး။” လို့ လွိုင်ကော် မြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားတဲ့အတွက် အဲဒီမှာနေထိုင်တဲ့ ဒေသခံနဲ့ စစ်ရှောင် နှစ်သောင်းဝန်းကျင်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိမှာလည်း သူတို့အတွက် နေထိုင်စရာနေရာတွေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။

spot_img
spot_img