ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ဆယ်သဲကောလိပ်ကနေ ဦးဆောင်ပြီး စစ်ရှောင်ကျောင်းသားလူငယ်တွေကို နွေရာသီတစ်လတာ သင်တန်းအဖြစ် အခြေခံ အင်္ဂလိပ်စာ၊ ကရင်နီစာပေ နဲ့ အခြေခံကွန်ပြူတာ သင်တန်းကို ဧပြီလ ၅ ရက်နေ့မှာ စတင် သင်ကြားပေးနေပါတယ်။
ကျောင်းနေအရွယ်စစ်ရှောင်တွေရဲ့ နွေရာသီကာလမှာ စိတ်လေလွင့်မှုမရှိဘဲ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့၊ ကျောင်းပြန်တက်တဲ့အခါမှာ စာနဲ့ ရင်းနှီးမှုရှိဖို့ အဓိက ရည်ရွယ်ပြီး သင်ကြားပေးနေတာဖြစ်တယ်လို့ ဆယ်သဲကောလိပ် ကျောင်းအုပ်ကြီး ဆရာမ မော်နိုမြာက ပြောပါတယ်။
“ကျမတို့ ရဲ့ ရည်ရွယ်ချက်က ဒီပညာ ဟိုး covid အတည်းက မသင်ရတဲ့ ကလေးတွေ အတွက်ပေါ့နော။ အဲ့လိုမျိုးပညာကို စဥ်ဆက်မပြတ် အဲလိုမျိုး ဥပမာ နွေရာသီဆိုလည်း အချိန်ကို အကျိုးရှိရှိ အသုံးချအောင် ပြီးလို့ရှိရင် လာမယ့် ပညာသင်နှစ်အတွက်လည်း တစ်ထောင့်တစ်နေရာမှာ အထောက်အကူဖြစ်အောင်ပေါ့နော။ ဘာလို့လဲဆိုရင်တော့ တချို့ဆို လုံးဝ အခြေခံမပါလာတဲ့ အချိန်မှာဒီ တကယ့် အ.ထ.က ကျောင်းတွေ ကလေးတွေမှာဆိုရင် သင်တဲ့ ဆရာ ဆရာမ အတွက်က အရမ်းအခက်ခဲ ဖြစ်စေတယ်ပေါ့နော။ အဲလိုဖြစ်တဲ့ချိန်မှာ တစ်နည်းတဖုံ သူတို့ကိုလည်း အကူညီဖြစ်စေတဲ့ အနေနဲ့ပေါ့နော။” လို့ ဆယ်သဲကောလိပ် ကျောင်းအုပ်ကြီး ဆရာမ မော်နိုမြာက အခုလိုပြောပါတယ်။
အင်္ဂလိပ်စာအတွက် ၅၉ ဦး၊ ကရင်နီစာပေမှာ ၂၁ ဦး၊ Computer မှာ ၁၈ဦးနဲ့ လက်ရှိမှာ သင်ကြားလျက်ရှိနေပါတယ်။ ဒီနွေရာသီ သင်တန်းကို ဆယ်သဲကောလိပ်က ဆရာ၊ ဆရာမတွေနဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသူကျောင်းသား တချို့ကနေ သင်ကြားပို့ချ ပေးနေတာဖြစ်ပါတယ်။
ဒီသင်တန်းကို အခြေအနေအမျိုးမျိုးကြောင့် အကန့်အသတ်နဲ့ ခေါ်ရတဲ့အတွက် သင်တန်းမတက်လိုက်ရတဲ့ လူငယ်တွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ ကျန်ရှိနေတဲ့ လူငယ်တွေအတွက် ၎င်းတို့ စိတ်ဝင်စားတဲ့ သင်တန်းတွေ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ သင်တန်းတွေကို စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ပေးနိုင်ဖို့ လိုတယ်လို့ သူမက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ဒီသင်တန်းကို ဖွင့်လှစ်ဖို့ နေရာထိုင်ခင်းနဲ့ ရေ အခက်အခဲတွေ ရှိနေပါတယ်။
“ပထမဆုံးက နွေရာသီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရေမရှိဘူး၊ သောက်ရေဆိုကျမတို့မပေးနိုင်ဘူး သောက်ရေဆို ကိုယ့်ကိုကိုယ် ထုပ်( ယူ ) လာခိုင်းရတယ်။ ပြီးလို့ရှိရင် အိမ်သာရေကအစပေါ့နော။ သူတို့ လာတက်ဖို့ဆိုရင် အခက်ခဲရှိတယ် ပြီတော့ နောက်တစ်ခုက ကလေးတွေ အကုန်လုံး ဖတ်စာအုပ်၊ ခဲတံ၊ ရေးစာအုပ်က အစ သူတို့မှာ မရှိဘူး၊ ဟို့ဖက်ခန်းသင်တာကို ဒီဖက်ခန်း ကြားတယ်ပေ့ါနော အခန်းကနည်းနည်း ကြပ်တဲ့အခါမှာဆို ဟိုဖက်ခန်းက အော်တဲ့ အခါမှာဆို ရင် ဒီဖက်ခန်းက ဆရာက ငြိမ်ပေးရတယ်။” လို့ ဆရာမ မော်နိုမြာ ကအခု လို ပြောပါတယ်။
အခုလိုမျိုး နွေရာသီသင်တန်းကို ယခုနှစ်မှ စဖွင့်ခဲ့တာမဟုတ်ဘဲ နယ်စပ်ဖက်ကို စစ်မရှောင်ခင်က ပြည်တွင်းမှာကလည်း နှစ်စဉ်နွေရာသီကာလမှာ ဖွင့်လှစ် သင်ကြားပေးလေ့ရှိပါတယ်။
သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီမှာတော့ အခက်အခဲများစွာရှိတဲ့အတွက်ကြောင့် သင်တန်းကို ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ဒီနှစ်မှာမှ စစ်ရှောင်မိဘတွေ တောင်းဆိုလာတဲ့အတွက် ဖွင့်လှစ်သင်ကြားပေးတာဖြစ်တယ်လို့ သိရပါတယ်။