spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

သီးနှံအထွက်တိုး၊ ပိုးမွှားအန္တရာယ်ကင်းစေရေး ကားတိုင်စိုက်ထူဆုတောင်း

Author

Date

Category

မူအက်စတာ/ကန္တာရဝတီတိုင်း(မ်)

တောင်သူများ၏ စိုက်ပျိုးရေးသီးနှံ ပိုမိုဖြစ်ထွန်းရန်နှင့် ပိုးမွှားဖျက်ဆီးသည့် အန္တရာယ်ကာကွယ်စေရန်အတွက် ဆုတောင်းပွဲများ ပြုလုပ်ကာ တစ်နှစ်တစ်ကြိမ် လယ်ကွင်းထဲတွင် ကရူးစူး(ခေါ်)ကားတိုင်ကို တောင်သူများ သွားရောက်စိုက်ထူကြခြင်း ဖြစ်သည်။ ကက်သလစ်ဘာသာဝင်များ၏ ကရူးစူး(ခေါ်) ကားတိုင်အောင်မြင်ခြင်းပွဲကို စက်တင်ဘာလ ၁၄ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ၅ မြောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စပါးတွေ ပိုအထွက်ကောင်းအောင်၊ ပိုးမကျအောင် ကျွန်တော်တို့ ဒီလိုဆုတောင်ပွဲတွေ လုပ်ကြတယ်ပေါ့၊ ပြီးတော့ ကျွန်တော်တို့လယ်ထဲမှာ ကရူးစူးကို သွားစိုက်ကြတယ်ပေါ့” ဟု တောင်သူဦးမာတေးအိုက ပြောပါသည်။
ကရူးစူး(ခေါ်)ကားတိုင်အောင်မြင်ခြင်းပွဲအား ပြုလုပ်ရခြင်းအကြောင်းအရင်းအား ကက်သလစ်ဘာသာဘုန်းတော်ကြီးတစ်ပါးက “အိမ်ရှေ့၊ အိမ်နောက် လမ်းဆုံလမ်းခွ၊ အိမ်ခေါင်မိုးတွေပေါ်မှာလည်း အောင်မြင်ခြင်းအတွက်၊ အနှောက်အယှက်တွေ ကင်းဝေးစေဖို့အတွက် အခုလို ကရူးစူးကို စိုက်ထူထားရခြင်းဖြစ်တယ်၊ ကရူးစူးဟာ ကယ်တင်ခြင်းရဲ့ အထိမ်းအမှတ်၊ အောင်မြင်ခြင်းရဲ့ အထိမ်းအမှတ်ဖြစ်တယ်” ဟု ၎င်းက ပြောသွားသည်။

ကားတိုင်အောင်မြင်ခြင်းပွဲကို ၅ မြောင်းတွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက် ရှိနေပါသည်။ ယုံကြည်သူ ဘာသာသူများလည်း တစ်နှစ်တခြား ပိုမိုများပြားလာကြောင်း သိရသည်။ ဆုတောင်းဝတ်ပြုပွဲအပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့နှင့်အတူ တက်ရောက်လာသည့် တောင်သူများက ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ် ဆွေးနွေးခဲ့ကြသည်။

“ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျနော်တို့ တွေ့ဆုံညှိနှိုင်းမယ့် တွေ့ဆုံပွဲလေးတစ်ခု ဖြစ်ပါတယ်” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသွားသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိနေသည့် အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူထုများ၏ ၎င်းတို့ဒေသတွင်းတွင် လိုအပ်နေသည့် လိုအပ်ချက်များကို တပါတည်းတင်ပြခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများလည်း ၎င်းတို့အနေနှင့် လုပ်ဆောင်ပေးနိုင်မည့် အချိန်ကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ၎င်းဆုတောင်းပွဲနှင့် ဆွေးနွေးပွဲသို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအပြင် လွိုင်ကော်မြို့နယ်ရှိ တောင်သူများလည်း လာရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။
ဓါတ်ပုံ – မူအက်စတာ

spot_img
spot_img

Recent posts