မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)
လူ ၈ ယောက်ဝန်းကျင်ပါတဲ့ တပ်စုတခုကို တပ်စုမှူးဖြစ်တဲ့ ဗင်းဇင့် ကဦးဆောင်ပြီး ဒီးမော့ဆိုမြို့နယ် သပြေတောကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ဖို့ လာခဲ့ကြပါတယ်။ ရေချောင်းဘေးမှာ အကာအကွယ်ယူနေချိန်မှာပဲ ဗင်းဇင့် ရဲ့ အရှေ့ မီတာ ၁၀၀ အကွာမှာ စစ်ကောင်စီ ကင်းပုန်းနှစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ ခြုံခိုပစ်ဖို့ ရေချောင်းကို အသံမထွက်အောင် အသာအယာကူးလိုက်ချိန်မှာတော့ ‘အုန်း’ ခနဲ မိုင်းပေါက်ကွဲသံနဲ့အတူ ဗင်းဇင့် တယောက်လဲကျသွားခဲ့ပါတယ်။
ဗင်းဇင့် မြေမြှုပ်မိုင်းနင်းမိသွားတာပါ။ သူ့ကို ကယ်ဖို့ ရဲဘော်တယောက်ပြေးလာခဲ့ပေမဲ့ အဲဒီရဲဘော်ကပါ နောက်မိုင်းတလုံးကို နင်းမိသွားပါတယ်။ အသိစိတ်လွတ်သွားတဲ့ ဗင်းဇင့်က ခဏအတွင်းမှာပဲ အသိပြန်ကပ်လာခဲ့ပြီး ပုခုံးပေါ်က ပုဝါကို ဆွဲဖြုတ်ကာ ပေါင်မှာတင်းတင်းကြပ်ကြပ်စည်းထားလိုက်ပါတယ်။ သူ့ရဲ့ ညာခြေထောက်ပြတ်သွားတာပါ။ အဲနောက် သူ့လက်နှစ်ဖက်ကို အားပြုရင်း ခန္ဓာကိုယ်တရွတ်တိုက်ဆွဲကာ ရေချောင်းကို မရရအောင် ပြန်ကူးလာခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ ၂၀၂၂ခုနှစ်ရဲ့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ဗင်းဇင့် အသက် ၂၀ ပဲရှိပါသေးတယ်။
မိုင်းနင်းမိတာကို သိသိလိုက်ချင်းမှာပဲ ဘာမှမမှတ်မိနိုင်လောက်အောင် “အတွေးတွေက အတော်များများ ဝင်လာတယ်။” လို့ ဗင်းဇင့်က ပြောပါတယ်။
အတွေးတွေစုပြုံ ဝင်လာပေမဲ့ သူ ထင်ထင်ရှားရှားမှတ်မိနေတဲ့ အကြောင်းအရာ နှစ်ခုရှိတယ်လို့ ပြောပါတယ်။ “တော်လှန်ရေးကို ကျနော်ဆက်မလုပ်နိုင်ဘူး ထင်တယ်ဆိုတဲ့အတွေးပေါ့။ နောက်ပြီး ကိုယ့်ကိုယ်ကို ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့တဲ့ အခြေနေက တော်တော်ဆိုးခဲ့တယ်ပေါ့နော”လို့ ဗင်းဇင့်ကပြောပါတယ်။
ဒါပေမဲ့လည်း ဗင်းဇင့်က ၆ လကြာဆေးကုသမှု ခံယူခဲ့ရပြီးနောက် ပြတ်သွားတဲ့ညာခြေကို အစားထိုးခြေတုတပ်ပြီး အရင်ကထက် ပိုမာကြောတဲ့ စိတ်ဓာတ်နဲ့ လက်နက်ကိုင်တော်လှန်ဖို့ နောက်တခါ တော်လှန်ရေးထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အခုတော့ သူ အသက် ၂၂ နှစ်ရှိသွားပါပြီ။ ခြေတဖက်ဆုံးရှုံးခြင်းက ဗင်းဇင့် ရဲ့ တော်လှန်ရေးအပေါ် ထားတဲ့စိတ်ဓာတ်ကို မခြောက်လှန့်နိုင်ခဲ့ဘဲနဲ့ တော်လှန်လိုစိတ် မီးတောက်ကို ပိုတောက်လောင်စေတဲ့ အကြောင်းရင်းတခု ဖြစ်လာခဲ့တာပါ။
“ကျနော် မိုင်းနင်းမိတဲ့ အချိန်မှာပဲ စိတ်တော်တော်နာသွားတာ စစ်ကောင်စီကို၊ သူတို့သာ အာဏာမသိမ်းလိုက်ရင် ကျနော်တို့ ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီလိုလိုက်ပြီးမှ ပေးဆပ်နေစရာ အကြောင်းလည်းမရှိဘူးပေါ့နော” လို့ သူကပြောပါတယ်။
တော်လှန်ရေးထဲကို ပြန်ရောက်ချိန်မှာတော့ ဗင်းဇင့်က တပ်စုမှူးရာထူးကို စွန့်လွှတ်လိုက်ကာ စစ်ကောင်စီ လေယာဥ်ပစ်ချဖို့ တာဝန်ရှိတဲ့ ပွိုင့်ဖိုက် (.5) တပ်ဖွဲ့ထဲ ပြောင်းရွေ့ ပြီး တိုက်ပွဲ ဆက်ဝင်ဖို့ အတွန့်အဆုတ်မရှိ ဆုံးဖြတ်ခဲ့ကြောင်းကိုလည်း သူကပြောပြပါတယ်။
သူက လူတရပ်စာလောက်ရှည်တဲ့ သေနတ်ပြောင်းနဲ့ ထုထည်ကြီးမားပြီး အောက်ခြေ အသံကျယ်လောင်လှတဲ့ ပွိုင့်ဖိုက် ကိုကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ပွိုင်ဖိုက်သေနတ်ဟာ ရဟတ်ယာဉ်တွေ၊ အနိမ့်ပျံ လေယာဉ်တွေကို ပစ်ချရာမှာ အသုံးဝင်ပါတယ်။
ဗင်းဇင့်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတရွာမှာ နေထိုင်ခဲ့သူတဦးပါ။ စစ်တပ်အာဏာ စသိမ်းချိန်တည်းက “ပြည်သူ့အာဏာ ပြည်သူပြန်ရလိုတယ်။” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူထုဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြလူထုကို စစ်ကောင်စီက လက်နက်သုံး ဖြိုခွင်းပြီးနောက် လူထုတွေက လက်နက်ကိုင် လမ်းစဥ်ကို ရွေးဖို့ဖြစ်လာတဲ့ခါ ဗင်းဇင့်က သူစုထားတဲ့ပိုက်ဆံ နဲ့ (ကျပ်) နှစ်သိန်း တန်ဖိုးရှိတဲ့ လက်လုပ် ပွိုင့် တူးတူး ( .22 ) သေနတ်တလက် ပြေးဝယ်ခဲ့တာပါ။ ဗင်းဇင့်ရဲ့ စုငွေပမာဏ မလောက်တာကြောင့် ပိုက်ဆံချေးပြီး ဝယ်ခဲ့ရတယ်လို့ သူကပြုံးရင်းပြောပြနေပါတယ်။
အဲဒီနောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ပေါ်ပေါက်လာခဲ့ပြီး KNDF တပ်ရင်း အမှတ် (၉) ၊ တပ်ခွဲ – ၂ ရဲ့ တပ်စုမှူး တာဝန်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ပေါ် လျှောက်ခဲ့တာဖြစ်ပါတယ်။ ဗင်းဇင့်က ကွန်မန်ဒို တိုက်ခိုက်ရေးသမားတဦးဖြစ်ပြီး တိုက်ပွဲပေါင်းများစွာပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ ၁၉ ကြိမ်မြှောက် တိုက်ပွဲမှာပဲ မိုင်းနင်းမိခဲ့တာပါ။
ကရင်နီပြည်နယ်မှာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ အထိ တိုက်ပွဲပေါင်း ၁၁၈၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ကသြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးကာလတလျှောက် ကရင်နီမှာ အကြီးမားဆုံးစစ်ဆင်ရေးတခုဖြစ်ခဲ့တဲ့ မြို့တော် လွိုင်ကော်ကို ထိုးစစ်ဆင်တဲ့ တစ်လေးလုံးစစ်ဆင်ရေးမှာလည်း ဗင်းဇင့် က အားတက်သရောပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်းဇင့်ရဲ့ တိုက်ပွဲဝင်တဲ့ အခြေအနေဟာ အရင်ကနဲ့ မတူတော့ပဲ ကွာခြားလာပါတယ်။ လမ်းကြာကြာလျှောက်ရင် ခြေတုဆက်ထားတဲ့ နေရာက နာကျင်လာပြီး ဒဏ်ရာကလည်း နာကျင်လာတာကြောင့်အရင်လို သွက်သွက်လက်လက် ပြေးလွှားလို့မရတော့ပါဘူး။
“အဲ့တခေါက်က တိုက်ပွဲအနီးမှာ ခြေတုဖြုတ်ပြီးနားတာ။ စစ်ကောင်စီက လက်နက်ကြီးပစ်လာတော့ ကျနော်တို့ နံဘေးမှာ နှစ်လုံးလာကျတယ်ပေါ့နော။ လာကျတော့ ခြေတုတောင်မတပ်အားပဲ ခြေတဖက်နဲ့ ခုန်ပြီး ကာဗာပြေးယူရတယ်။ လက်နက်ကြီးကျပြီး အခြေနေငြိမ်သွားမှ ခြေတုရှိတဲ့ နေရာ ပြန်ခုန်သွားပြီး ပြန်သွားကောက်တပ် ခဲ့ရတယ်ပေါ့နော” လို့ ခြေတုနဲ့ တိုက်ပွဲကြားကြုံခဲ့ရပုံကို ပြောပြပါတယ်။
ဗင်းဇင့်အတွက် စစ်ပွဲက ပိုခက်ခဲကြမ်းတမ်းလာပြီး စိန်ခေါ်မှု များလာပေမဲ့ သူ့ရဲ့လုပ်နိုင်စွမ်းကို သူမေးခွန်းမထုတ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ အကောင်းဆုံးလုပ်ဆောင်နေပြီး တော်လှန်ရေးအတွက်အမြဲ စိတ်အားထက်သန်တဲ့ သူ့ကိုယ်သူ ကျေနပ်တယ်လို့ပြောပါတယ်။
သူက မွေးချင်း လေးယောက်ထဲက အကြီးဆုံးသား ဖြစ်ပါတယ်။ တော်လှန်ရေးမှာ စိတ်နစ်ထားပြီး မိသားစုအရေးကို ရှေးမရှုနိုင်တော့တဲ့ဗင်းဇင့်ရဲ့ ဖခင်ကလွန်ခဲ့တဲ့နှစ်လကပဲ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တာပါ။ ဖခင်ရဲ့ အရိပ်အာဝါသကို မရနိုင်တော့တဲ့ ဗင်းဇင့်နဲ့ သူ့မိသားစုဝင်တွေအတွက် စားဝတ်နေရေးရုန်းကန်ရာမှာ အားပြုဖို့ အကြီးဆုံးသားဖြစ်တဲ့ ဗင်းဇင့်က အသင့်ရှိမနေပေးနိုင်တော့ပါဘူး။ တော်လှန်ရေးက သူ့ရဲ့ ရွေးချယ်မှု နံပါတ် ၁ ဖြစ်နေပါပြီ။
တစ်လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ကရင်နီတပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်းလိုင်းပြတ်တောက် သွားခဲ့တာကြောင့် စစ်ရှောင်စခန်းထဲမှာနေထိုင်တဲ့ ဗင်းဇင့်ရဲ့ မိသားစုဝင်နဲ့ ဆက်သွယ်ဖို့ကလည်း ခက်ခဲလှပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ တဝမ်းကွဲအစ်မဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဗင်းဇင့်ဟာ အကြီးဆုံးသား တယောက်ဖြစ်တဲ့အလျောက် စိုက်ပျိုးရေးလုပ်ငန်းအတွက် စီမံရာမှာ သူ့မိဘနှစ်ပါးနဲ့အတူ အမြဲပါဝင် ဆုံးဖြတ်ပေးလေ့ရှိတယ်လို့ပြောပါတယ်။ မိသားစုအတွင်း အားအကိုးရဆုံးသားတယောက်လို့ မြင်ကြောင်းလည်း အခုလိုပြောပါတယ်။
“အခုက သူ့အဖေလည်း မရှိတော့ဘူး။ သူလည်း ခြေထောက်တဖက်လည်းမရှိတော့ဘူးဆိုတော့ သူ့အမေအတွက်တော့ တော်တော် အခက်တွေ့တယ်။ အခုကတော့ သူ့အမေကို သူရှေ့တန်းမထွက်တဲ့ အချိန်မှာတော့ သူပြန်ကူတယ်။ အများအားဖြင့်တော့ သူ့ ညီမကပဲ သူ့အမေကို အနီးကပ်နေပြီးတော့ ကူညီရတာပေါ့နော” လို့ ဗင်းဇင့်ရဲ့ ဝမ်းကွဲ အစ်မက ပြောပါတယ်။
မိခင်ကို အနီးကပ် ကူညီပေးနေတဲ့ ဗင်းဇင့်ရဲ့ ညီမလေးက အသက် ၂၁နှစ် ရှိပြီး ၂၀၂၃ ခုနှစ်ထဲမှာပဲ ၁၂ တန်း အောင်ခဲ့တာပါ။ ဗင်းဇင့်တို့မိသားစုက သုံးနှစ်ကျော် စစ်ဘေးရှောင်နေရပြီဖြစ်ပြီး စားဝတ်နေရေးဖူလုံဖို့အတွက် လယ်ယာ စပါးစိုက်ပျိုးရေးလုပ်ငန်းကို စစ်ရေးအခြေအနေအရ အလျင်းသင့်ရင် သင့်သလို အရဲစွန့် လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။
ဗင်းဇင့်လိုပဲ တော်လှန်ရေးကာလထဲ ကိုယ်လက်အင်္ဂါပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေကို ကရင်နီ ပြည်နယ်တွင်း တပ်စခန်းအများစုမှာ တွေ့မြင်ရပါတယ်။ ရဲဘော် ပေါ့ဗ ကလည်း ဗင်းဇင့် လိုပဲ မြေမြှုပ်မိုင်းကြောင့် ခြေတုတဖက်တပ်ပြီး ရှေ့တန်းမှာ ဆက်လက်တိုက်ခိုက်နေသူပါ။
“ဒီကောင်တွေ (စစ်ကောင်စီ) ပြုတ်သွားတဲ့ အချိန်ကျမှ ကျနော်တို့ တာဝန်ကျေမယ်လို့ ကျနော်ခံယူထားတယ် ပေါ့နော” လို့ ပြောဆိုသွားတဲ့ ရဲဘော်ပေါ့ဗ ကလည်း မိသားစုအရေးထက် တော်လှန်ရေးကို ဦးစားပေးတယ်လို့ ပြောပါတယ်။
“ ကျနော်တို့မိသားစုကိုပဲ ကျနော်ကြည့်လိုက်ရင် ကျနော်တကိုယ်ခေါင်းဆန်သလို ဖြစ်သွားမယ်လို့ ကျနော်ထင်လို့ဗျာ။ ဘာလို့လဲဆို ကျနော့်မိသားစုကိုပဲ ကျနော်ကြည့်မယ်။ ကျနော့် မိသားစုဘေးမှာပဲ နေမယ်ဆိုရင် ဒီတော်လှန်ရေးမှာ တထောက်တနေရာမှာ ကျနော်ပါဝင်နိုင်မှာ မဟုတ်ဘူးလေး “ လို့ သူကပြောပါတယ်။
ဗင်းဇင့်နဲ့ ပေါ့ဗတို့လို ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရတဲ့ သူတွေဟာ စစ်အာဏာမသိမ်းခင် တချိန်ကတော့ ကျောင်းသား ၊ ကျောင်းဆရာ ၊ ရုံးဝန်ထမ်း စသဖြင့် အလုပ်အကိုင်တခုခုကို အတည်တကျလုပ်ကိုင်နေခဲ့ကြသူ၊ ကိုယ့်အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေခဲ့ကြသူတွေပါ။ ဗင်းဇင့်ကလည်း အထက်တန်းကျောင်းသား တစ်ဦး ဖြစ်ခဲ့တာပါ။
ပေးဆပ်မှုအတွက် ဂုဏ်ယူကြရတဲ့ သူတို့တွေက အကောင်းပကတိရှိတဲ့ လူတယောက်အတိုင်း လုပ်ကိုင်နိုင်တာကိုလည်း ဂုဏ်ယူရတယ်လို့ပြောပါတယ်။ ဒါ့ကြောင့်လည်း အခြားသူရဲ့ သနားညှာတာမှု ရတာထက် ဂုဏ်ယူပေးနေမှုကို ပိုလိုလားတယ်လို့ ရဲဘော် ပေါ့ဗ ကပြောပါတယ်။
“ကျနော်တို့ ဆေးရုံဆင်းပြီးကာလမှာ တပ်ရင်းတွေကိုပြန်တဲ့ချိန်မှာ ကိုယ့်ကိုသနားတဲ့ အကြည့်နဲ့ ကြည့်တယ်။ အဲလိုမြင်ရတော့ ကိုယ် အားငယ်တယ်။ ငါ့ကို ဘာလို့အဲ့လိုကြည့်ကြတာလဲပေါ့နော၊ ကြည့်တာမခံနိုင်ဘူးပေါ့နော”
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် သက်ဆိုင်ရာတပ်ရင်း တချို့မှာ မွေးမြူရေးအတွက် ထောက်ပံ့ပေးတာရှိခဲ့ပါတယ်။ တပ်ရင်းရဲ့ ရန်ပုံငွေ အခြေနေကြောင့် ရဲဘော်တွေရဲ့ ကုသစရိတ်ကိုလည်း အပြည့်အဝ မထောက်ပံ့နိုင်ပါဘူး။
အဲဒါကို KNDF တပ်ရင်းအမှတ် (၁) တပ်ရင်းမှူး မျက်မှန်က “သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းတွေ ဖြစ်တဲ့ မွေးမြူရေးကိစ္စတွေ၊ နောက်တချို့ တပိုင်တနိုင် အသေးစားလုပ်ငန်းတွေ ကျနော်တို့ ဖန်တီး ပေးလေ့ရှိတယ်ပေါ့နော။ ဒါမဲ့နောက်ပိုင်း အလှူရှင်တွေလည်း မရှိတော့တဲ့ခါမှာ ဒါကို ကျနော်တို့ လုပ်ပေးတာမျိုးတော့ သိပ်မရှိတော့ဘူးပေါ့နော” လို့ ပြောပါတယ်။
ဗင်းဇင့်ကတော့ သူ့လိုပဲတော်လှန်ရေးကာလအတွင်း ကိုယ်လက် အင်္ဂါဆုံးရှံးရတဲ့ တော်လှန်ရေး ရဲဘော်တွေ အတွက် တော်လှန်ရေးအလွန်ကာလမှာ သူတို့စွမ်းဆောင်နိုင်စွမ်းအလျောက် အလုပ်အကိုင်အခွင့်အရေး ရစေချင်တယ်လို့ သူ့မျှော်လင့်ချက်ကို ပြောလာပါတယ်။
KNDF ဗဟိုဌာန သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကတော့ “KNDF မှာ ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေ အားလုံးကို သူ့ရဲ့ တပ်ရင်းတွေမှာလည်း သူတို့ကိုစောင့်ရှောက်ထားတာရှိပါတယ်။ … ရဲဘော်တွေက KNDF ရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ရှိပါတယ်” လို့ပြောပါတယ်။
ဒါပေမဲ့ ထောက်ပံ့ကြေးထက် တော်လှန်ရေးကို စိတ်ဝင်စားတဲ့ ဗင်းဇင့်က လက်ရှိလွိုင်ကော်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် “အေ ရှေ့တန်းသွားလိုက်အုံးမယ်” လို့ သူ့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ ကယန်းဘာသာစကားနဲ့ တက်ကြွစွာ ပြောဆိုပြီး ထွက်သွားလိုက်ပါတယ်။
“လုပ်ချင်တာထက် အခုလုပ်သင့်တာကိုလုပ်တာက ပိုကောင်းတယ်လို့ ကျနော်ထင်တယ်” လို့ပြောတဲ့ ဗင်းဇင့်က တော်လှန်ရေးကြီး ပြီးခဲ့ရင်တော့ လက်တွေ့ကျပြီး အသုံးဝင်တဲ့ ပညာရေးကို ဆက်လက် သင်ယူချင်သေးတယ် လို့လည်း ဖွင့်ဟပြောဆိုသွားပါတယ်။