မောင်သိုက်(လွိုင်ကော်)ရေးသားသည်။
မြန်မာပြည်က အော်ဂင်းနစ်စိုက်ပျိုးရေးသမားတွေရဲ့အဓိက အခက်အခဲကတော့ ဈေးကွက်ပါပဲ။ လူတွေက ဓါတုဆေးတွေနဲ့စိုက်ထားတာတွေကို မစားသုံးသင့်မှန်းသိလာပါတယ်။ ဒါပေမဲ့ အော်ဂင်းနစ်က ဈေးကြီးတော့ မကြိုက်ပေမယ့် အောင့်ကာနမ်းနေရတဲ့ဘဝတွေ ဖြစ်နေပါရောလား။
အော်ဂဲနစ်ဆိုတာက ဓါတုမြေဩဇာနဲ့ ပိုးသတ်ဆေးမပါတဲ့ သဘာဝစိုက်ပျိုးနည်းကို ဆိုလိုတာပါ။ ဒီနေရာမှာအတွေအကြုံတစ်ခုလေး သင်ယူထားတာလေးတစ်ခု မျှဝေချင်ပါတယ်။
တစ်ဆက်တည်းမှာပဲ အနောက်နိုင်ငံကို အားကျတာမျိုးမဟုတ်တာကိုလည်း မေတ္တာရပ်ခံချင်တာပါပဲ။ ဘာလဲဆိုတော့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်လေးတစ်ခုကို မောင်သိုက်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ထူးဆန်းစွာပဲ အော်ဂင်းနစ်စိုက်ပျိုးနေတဲ့ တောင်သူ လယ်သမားတွေကို များစွာတွေ့ရပါတယ်။
အမေရိကန်နိုင်ငံလိုမျိုးမှာ အော်ဂင်းနစ်စိုက်တဲ့သူရှိတာသေချာလားဆိုပြီး သံသယတွေဝင်မိပါသေးတယ်။ ဟုတ်တယ်ဗျာ စိုက်တဲ့သူကပေါ့လို့ဗျာ။ ဘာလို့စိုက်လဲလို့မေးစရာရှိတာပေါ့ အဲ့တော့ဝယ်စားတဲ့သူ ရှိလို့ပေါ့ဗျာ။ အဖြေကရှင်းနေတာပဲ။ မောင်သိုက်ရယ် စားလို့ စိုက်တာဆိုတာ ကလေးမေးတောင် သိတယ်။
မင်းက ဘာအရေးလုပ်လို့ပြောနေတာလဲ မေးမှာပေါ့နော်။ မောင်သိုက်က သူတို့ စိုက်ပျိုးထားတာတွေကို ဘယ်လိုရောင်းချလဲဆိုတာကို ပြောမလို့ပါ။ သီတင်းတစ်ပတ်ရဲ့ စနေနေ့တိုင်းမှာ လမ်းတစ်ခုကို ပိတ်ပြီး အဲ့လမ်းပေါ်မှာ လယ်သမားတွေက သူတို့စိုက်ပျိုးထားတဲ့သီးနှံတွေကို ရောင်းချကြတယ။်
အဲ့ဒီစနေနေ့က အလွန်ပျော်စရာကောင်းတဲ့ နေ့လေးလည်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့သီးနှံတွေကိုလည်း ဝယ်ခွင့်ရတယ်။ သူငယ်ချင်းအသိမိတ်ဆွေတွေနဲ့လည်း ဆုံတွေ့ခွင့် လက်ဖက်ရည်သောက်ခွင့် ဂီတတွေ အနပညာတွေ အတူခံစားခွင့်တွေ ရကြတယ်။
အဲ့ဒီလမ်းလေးထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှာ ကိုကာကိုလာရောင်းနေတာ၊ အသင့်စားသောက်ကုန်တွေ ရောင်းနေတာမရှိဘူး။ မောင်သိုက်သိသလောက်ဆို အချို့သောမိသားစုတွေက အဲ့နေ့ကို မသွားရရင် မနေနိုင်အောင် ဖြစ်ကြတယ်။
အော်ဂင်းနစ် စိုက်တဲ့ လယ်သမားအချင်းချင်းလည်း ဈေးဝယ်မလာတုန်းလေး ဘယ်လိုဘယ်ပုံစိုက်တယ်၊ပျိုးတယ်ဆိုတာ အချင်းချင်းဖလှယ်ကြတယ်။ ဈေးကြီးမှာပေါ့ မောင်သိုက်ရဲ့လို့ ငေါ့ကြမှာပေ့ါ။ ဒါပေမဲ့လည်း အဲ့မှာဈေးဝယ်နေတဲ့သူတွေက ဈေးကြီးလိုက်တာလို့ ညည်းတာ မောင်သိုက်မကြားခဲ့ရပါဘူး။
မောင်သိုက်သာ ငရုပ်သီးလေး သုံးတောင့်ဝယ်တာ ၂ ဒေါ်လာပေးခဲ့ရလို့ မစားရက်နိုင်ဖြစ်ခဲ့သေးတာ၊ ဈေးဝယ်သူတွေက ကျေးဇူးတောင်တင်သေးတာ စိုက်ပျိုးတဲ့သူတွေကို၊ ဘာလို့လဲဆိုတော့ ဆေးရုံတက်ရင် ကုန်မယ့်စာရိတ်နဲ့ ကျန်းမာရေးနဲ့ ညီတဲ့အစားအသောက်ကို စားတဲ့စာရိတ် ယှဉ်ကြည့်လိုက်ရင် အပုံကြီးကွာတယ်ဆိုတာ မောင်မင်းကြီးသား အမေရိကန်တို့က သိတယ်လေ။ အဲ့တော့ စိုက်သူလဲအကျိုးရှိ စားသူလည်းအကျိုးမယုတ်တော့ဘူးပေါ့။
အစိုးရကလဲ အဲ့ဒီအချိန်အခါသမယလေးဖြစ်မြောက်ဖို့အတွက် အားပေးတယ်လေ။ အခုမှလာမှာ လယ်ကွင်းမှ တက္ကသိုလ်/ကျောင်းသို့ဆိုုတာက အဲ့ဒီလယ်သမားတွေက အကြွေးတွေနဲ့ မနစ်နေဘူး။ ဓါတုဆေးဝါးကုမ္ပဏီတွေကိုလည်း အဖေခေါ်မနေရဘူး။ ကလေးတွေဘယ်နှစ်ယောက်ရှိရှိ ကျောင်းထားနိုင်တယ်။ လူနေမှုအဆင့်အတန်းရှိရှိ နေထိုင်နိုင်တယ်။
ဘာလို့လဲ။ သူတို့စိုက်တဲ့ အော်ဂင်းနစ်သီးနှံတွေကို အချိန်တန်ရင် ဈေးကောင်းပေးဝယ်နေတဲ့သူတွေရှိတာကို။ ဘယ်သူတွေလဲဆိုတော့ တက္ကသိုလ်ကျောင်းတွေ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတွေကပေါ့။
နေအုန်း။ အဲ့ဒါမပြောခင် ကျောင်းတွေရဲ့ဝန်ဆောင်မှုကိုပြောရအုံးမှာပေါ့အရင်၊ အဲ့ဒီအမေရိကန်နိုင်ငံမှာရှိတဲ့ ကျောင်းတော်တော်များများက နေ့လယ်စာကိုကျောင်းကကျွေးပါတယ်၊ မွန်တားနားတက္ကသိုလ်က ကျောင်းသား/သူပေါင်း တစ်ရက် ၁၃၀၀ဝ (တစ်သောင်းသုံးထောင်ကျော်)လောက်ကို နေ့တိုင်း နေ့လည်စာ စီစဉ်ပေးရပါတယ်။
အဲ့လိုချက်ပြုတ်ဖို့ကို အသီးအနှံ အသားငါးတွေကို အော်ဂင်းနစ်စိုက်တဲ့ တောင်သူလယ်သမားတွေဆီကနေ ဝယ်ပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေကို ကျောင်းသား/သူတွေအတွက် စီစဉ်ပေးတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီတက္ကသိုလ်က နာမည်လည်းရပါတယ်။
အဲ့လိုပဲ အထက်တန်းကျောင်းတွေ အလယ်တန်းကျောင်းတွေ မူလတန်းကျောင်းတွေက အော်ဂင်းနစ်တွေပဲ စီစဉ်ပေးပါတယ်။ ဆိုတော့ တောင်သူတွေက ဘယ်သူ့ကို အဖေခေါ်ရမလဲဆိုတဲ့ဈေးကွက်ပြဿနာမရှိတော့ဘူးပေါ့။
စိုက်သလောက် ဝယ်နေတဲ့သူတွေရှိနေတာကို မိဘတွေကလည်း ကိုယ့်သားသမီးကျောင်းမှာစားတဲ့ အစားအစာတွေကို စိုးရိမ်ပူပန်နေစရာမလိုတော့ဘူးပေါ့။ ပြီးတော့ အဲ့လိုကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကျွေးတဲ့ ကျောင်းတွေမှာပဲ သူတို့သားသမီးတွေကို ထားတော့ ကျောင်းတွေအတွက်လည်း အကျိုးက ရှိပြန်ရော။
ဒါ့အပြင် ကျောင်းတွေကလည်း ကျောင်းသူ ကျောင်းသားတွေကို သူတို့စားတဲ့အစားအစာတွေက ဘယ်ကလာသလဲဆိုတာကို အဲ့ဒီလယ်ကွင်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်စေပြီး အော်ဂင်းနစ်စိုက်ပျိုးရေးအကြောင်းတွေကို လေ့လာသင်ယူစေတယ်လေ။ ပြီးရင် ကျောင်းပြန်ပြီး လက်တွေ့ အသေးစားစိုက်ခင်းလေးတွေကို ပြန်လည်ထူထောင်စေတယ်။
အဲ့ဒီမွန်တားနားမှာရှိတဲ့ အော်ဂင်းနစ်စိုက်တဲ့ တောင်သူလယ်သမားတွေကတော့ ကျေးဇူးရှင်ကြီးတွေပဲဆိုတာ ဒေသခံလူတိုင်း နားလည်ကြပါတယ်။ အပေါ်ကဟာလေးကိုဖတ်ပြီး မောက်သိုက်ရဲ့ အဲ့ဒါက သူတို့ဆီမှာလေ ငါတို့ဆီမှာက ကျောင်းတွေက ထမင်းမှ မကျွေးတာလို့ ခင်ဗျားပြောတော့မှာ ဆိုတာသိပါတယ်။
မြန်မာနိုင်ငံမှာလည်း နေ့လည်စာကျွေးတဲ့ ကျောင်းတွေရှိနေပါပြီ အဲ့လိုကျောင်းတွေကသာစပြီး အော်ဂင်းနစ်အသီးအနှံတွေကို ကျွေးမယ်ဆိုရင်၊ အစိုးရကသာ ကျောင်းတွေမှာ နေ့လည်စာကျွေးဖို့ မူဝါဒတွေချမှတ်ရင်၊ အနည်းဆုံး တစ်ပတ်တစ်ခါလောက်ပဲကျွေးအုံး အော်ဂင်းနစ်စိုက်ပျိုးတဲ့သူတွေ ဈေးကွက်ရှိပြီး ဓါတုတွေကို မစိုက်ဘဲ အော်ဂင်းနစ်တောင်သူလယ်သမားတွေပေါလာပြီး သူတို့ရဲ့ဘဝတွေလည်း လူတန်းစေ့ နေနိုင်ပြီပေါ့ဗျာ။
အော်ဂင်းနစ် မဖြစ်နိုင်ဘူးပြောတဲ့သူတွေကို မောင်သိုက်က ရယ်ရယ်ပြီးသာပြောလိုက်ချင်တယ် ခေါင်းသုံးပါလို့။