ကန္တာရဝတီတိုင်း(မ်)
ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်မတ်လ ရ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ၎င်းတို့က အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။
“အဓိကကတော့ ကျနော်တို့နှစ်ဦးဘက်ကြားမှာရှိတဲ့ သဘောတူညီမှုတွေကို ဆက်ပြီးတော့ ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်ဆိုတာတွေကို အဓ်ိက သွားဆွေးနွေးဖို့ပါပဲ။”ဟု KNPP ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။
ထို့အပြင် KNPP အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တ ွင်ဆက်လက်ပါဝင်နိုင်ရေးကိစ္စများနှင့်UNFC ၏ အဆိုပြုချက်(၈) ချက်ထဲမှ ကြေလည်မှု မရရှိသေးသည့် အချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP က မတ်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယခင်နှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့က KNPP နှင့် တပ်မတော် အကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည့်ကိစ္စကို ယင်းအလွတ်သဘောတွေ့ဆုံမှုတွင် ထည့်သွင်းဆွေးနွေးရန်ရှိမလားဟု ကန္တာရဝတီတိုင်း(မ်)၏ မေးမြန်မှုကို KNPP ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက “လောလောဆယ်တော့ ပြောလို့မရသေးဘူး။ ဆွေးနွေးဖို့အခြေအနေအရ ညှိနှိုင်းဆွေးနွေးဖို့ပေါ်လာမယ်ဆိုရင်လဲ ကျွန်တော်တို့ ညှိနှိုင်ဆွေးနွေးဖို့ရှိမယ်။”ဟု ၎င်းက ပြောသည်။
KNPP သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။
`
တပ်မတော်အစိုးရနှင့် ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် UNFC နှင့်အတူ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေဆဲဖြစ်သည်။