ခူးစိုးရယ်ဦး
ယခုလများအတွင်း ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အလုပ်ရှားပါးခြင်းကြောင့် တောင်ယာအလုပ်အစား တောတွင်းရှိ ဝဥများကို လိုက်လံရှာဖွေစုဆောင်းကာ ရောင်းချနေကြောင်း သိရသည်။
“ကျွန်တော်တို့ အလုပ်ပါးလို့ လိုက်ရှာတာပေါ့၊ နည်းနည်းပါးပါးရရင်လည်း မဆိုးဘူးလေး၊ ဒါပေမယ့် သွားလိုက်ရှာတဲ့အခါဆို တော်တော်အခက်အခဲ ရှိတာပေါ့၊ တောင်ကြိုတောင်ကြားမှာ သွားရတာမျိုးလည်း ရှိပါတယ်” ဟု ကေးလျားကျေးရွာနေ ဦးကိုရယ်ကပြောပါသည်။
ယခုချိန်ခါတွင် ဒေသခံတောင်သူများ စိုက်ပျိုးပြီးချိ်န်ကာလဖြစ်၍ ၎င်းတို့ ထွေထွေထူးထူး လုပ်စရာအလုပ်မရှိဘဲ ယင်းစိုက်ပြီးပျိုးပြီးသော သီးနှံများကိုသာစောင့်ကြည့်ရ၍ အလုပ်ပါးသည်ဟု တောင်သူအချို့က ဆိုပါသည်။
ကုန်စည်ဒိုင်မှ မြေပဲ၊ နှမ်း၊ ပဲ၊ ဒညင်းသီးနှင့် အခြားတောထွက်ပစ္စည်းများကို ရာသီအလိုက် ဝယ်ယူကြသည်။ ယင်းကုန်များအပေါ် အခြေခံကာ တနေ့လျင် နေ့စားခ ကျပ် တစ်သောင်းဝန်းကျင်ခန့် အမြတ်ရကြောင်း ကုန်စည်ဒိုင်များက ဆိုသည်။
“ခုလောလောဆယ်တော့ ကုန်သိပ်မရှိဘူးပေါ့၊ ရာသီအလိုက်ထွက်တော့ ကြုံရာဝယ်ရတာပေါ့၊ ဈေးပါးလိုက်တဲ့အချိန်ဆို အခက်တွေ့တယ်၊ ကားခလေးပြန်နုတ်လိုက်ရင်တော့ နေ့စားခလောက်ပဲ ရတာပေါ့” ဟု လွိုင်ကော် ရွာတန်းရှည်ကျေးရွာနေ ဒေါ်နန်းအောင်ကပြောပါသည်။
အဆိုပါ ဝဥများကို နှစ်မျိုးခွဲ၍ ဝယ်ယူကြသည်။ အစိုနှင့် အခြောက်ဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး ဝဥအစိုတစ်ပိဿလျှင် ၁၀၀ဝ ကျပ်ဖြစ်ခန့် ဈေးပေါက်ပြီး အခြောက်တစ်ပိဿလျှင် ၆၀၀ဝ ကျပ်အထိရှိကြောင်း သိရသည်။ ဒေသခံများ ရလာသောဝဥများကို ကုန်စည်ဒိုင်သို့ တိုက်ရိုက် ရောင်းချခြင်းများက ပိုများသည်ဟု သိရသည်။
ဝဥများကို ဒိုင်များကတစ်ဆင့် အချောပြန်သပ်ပြီးတစ်ဆင့် ပြန်ရောင်းကြကြောင်း သိရသည်။ ဝဥအစိုများကို ပါးပါးလှီးကာ အခြောက်လှမ်းကြပြီး တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။
ယခုလတွင် ဖရူဆိုမြို့နယ်အတွင်း ဒေသခံတောင်သူများ အလုပ်ရှားပါးနေ၍ တောင်ယာအလုပ်အစား ဝဥများကိုလိုက်လံရှာဖွေကြပြီး ရောင်းကြသည်။ ဝဥသည် ယခင်နှစ်ထက် ဈေးနှစ်ဆ ပိုမိုမြင့်တက်လာပြီး တစ်ပိဿလျင် ၆၀၀ဝ ကျပ် ရှိသည်ဟုသိရသည်။