ခူးဘဲရယ်
ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စုများရှိ စိုက်ခင်းများတွင် ကြွက်များ ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့ပြီး နောက်နှစ်စပါးမျိုးစေ့များ ပြန်ရနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
” ဟိုးအရင်နှစ်တွေလဲ ကြုံခဲ့ရဖူးတယ်ဒါပေမဲ့ ဒီနှစ်က အဆိုးဆုံးပဲ ခုမှ စပါး စသီးတုန်းရှိသေးတယ် ကြွက်တွေ ဖျက်လိုက်လို့ ဘာမှ မကျန်တော့ဘူး။ နောက်နှစ်စပါးမျိုးတောင် ကျန်ပါဦးမလားမသိဘူး” ဟု ဒေါမူလဲကျေးရွာနေ ဦးထယ်ရယ်မှ ပြောသွားပါသည်။
ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စုများသည် အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးစိုက်ပျိုးခြင်းကိုသာ လုပ်ဆောင်နေကြသည်။ တောင်သူများက ကြွက်သတ်ဆေးအမျိုးမျိုးသုံးသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။
“ကြွက်သတ်ဆေးလဲ သုံးတယ် ဆေးလဲဖျန်းတယ် ဒါပေမဲ့ ခွေးတွေသွားစားမိလို့ ခွေးပဲသေတယ် ကြွက်အတွက်ထိရောက်မူမရှိဘူး”ဟု ဦးထယ်ရယ်မှ ဆက်လက်ပြောသွားပါသည်။
”ကျမတို့က ဒီကစပါး ဒီကဆန်တွေပဲစားနေကြ ဆိုတော့ တခြားဆန်တွေ မစားတတ်ကြဘူး စားရင်လဲဗိုက်မပြည့့်သလိုခံစားရတယ် ဒါပေမဲ့ ဒီနှစ်တော့မဖြစ်မနေဝယ်စားရတော့မယ်”ဟု ဒေါတနောကျေးရွာနေ ဒေါ်ဆော်မယ် မှ ပြောသွားပါသည်။
ယခင်၂၀၁၄ခုနှစ်တွင် ကြွက်များဖျက်ဆီးမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်မှ ကြွက်သတ်ဆေးများကို ဒေသခံတောင်သူများကို သွားရောက်ပေးအပ်ခဲ့သေးသည်။ ထို့အပြင် ကြွက်ဖျက်ဆီးမှုကြောင့် ချေးငွေများပြန်မဆပ်နို်င်သည့် တောင်သူများကို ချေးငွေများလျော်ပေးခြင်းများလည်း ရှိခဲ့သည်။
ကြွက်ဖျက်ဆီးသည့် ကျေးရွာများမှာ နန်းအွမ်ကျေးရွာ၊ ဒေါဝယ်ရောကျေးရွာ၊ ဒေါမူလဲကျေးရွာ၊ ဒေါတနောကျေးရွာနှင့် ဒေါနော်ကလုကျေးရွာ စသည့် တောင်ပေါ်ကျေးရွာများတွင် စပါးဖျက်ကြွက်များ ဖျက်ဆီးခြင်းကြောင့် စပါးစိုက်တောင်သူများ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရှိရသည်။
၎င်းကျေးရွာများတွင် ၂၀၀၈ ခုနှစ်တွင်တစ်ကြိမ် ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ် ကြွက်ဖျက်ဆီးမူများကြုံတွေ့ခဲ့ရပြီး ယခု ၂၀၁၈ ခုနှစ်ကြွက်ဖျက်ဆီးမူသည် ပျက်စီးမူအများဆုံးနှင့် အကြီးမားဆုံးဖျက်ဆီးမှု ဖြစ်ကြောင်းသိရပါသည်။