ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကေကော၊ ရော်ဒေါ်ခေါ၊ သိုသီးဖိုအုပ်စုက ကျေးရွာပေါင်း ၂၆ရွာရှိ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရအဖွဲ့တို့ သိရှိနိုင်ဖို့ဆိုပြီးတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့က ကေကော်ကျောင်းအုပ်ဆရာမ အိမ်မှာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကေကောအလယ်တန်းကျောင်းအုပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ကြပါတယ်။
ဆွေးနွေးပွဲမှာတက်လာတဲ့အုပ်စု ၃အုပ်စုက ဒေသခံရပ်မိရပ်ဖတွေ ၊ အုပ်ချုပ်ရေးမှူးတွေဟာ အများစု ပရဲ့မျိုးနွယ်စုတိုင်းရင်းသား တွေဖြစ်ပါတယ်။
အဲဒီဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားတွေဟာဆိုရင် လမ်းပမ်းဆက်သွယ်ရေးအရမ်းခက်ခဲတဲ့အတွက် ပညာရေး၊ ကျန်းမာရေး အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့တဲ့ဒေသဖြစ်ပါတယ်။ ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျားဖြစ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေ တာဝန်အမြဲထမ်းဆောင်နေနိုင်ဖို့ ခက်ခဲတဲ့နေရာဒေသလည်း ဖြစ်ပါတယ်။
ဒီလိုအစစအရာရာနောက်ကျပြီး လိုအပ်ချက်တွေများနေတာတောင်မှ သူတို့ကိုယ်စားလှယ်တွေနဲ့တွေ့တဲ့အခါ တင်ပြစရာရှိတာ တင်ပြဖို့ တွန့်ဆုတ်နေကြတဲ့သူတချို့လည်း ရှိနေပါတယ်။
အဲဒီအစည်းအဝေးပြီးတော့ အစည်းအဝေးမှတ်တမ်းထဲမှာ အစိုးရကိုတင်ပြတောင်းဆိုဖို့အချက်အလက်တွေက ကေကောအုပ်စုအတွင်းက လိုအပ်ချက်တွေအများဆုံးတင်ပြထားတာတွေ့ရပါတယ်။
ဘာလို့လဲဆိုတော့ ကေကောကလာတဲ့ ရပ်မိရပ်ဖတွေထဲက ပိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောရဲဆိုရဲ တင်ပြတာကိုတွေ့ရလို့ပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရင်ကဘာလို့မတင်ပြတာလဲ၊ အခုမှ ပါလို့တင်ပြရတာလဲစတဲ့ မေးခွန်း အခြေအတင်ပြောဆိုခဲ့ကြရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒေသခံမဲဆန္ဒနယ်နဲ့တွေ့တဲ့အခါ နားထောင်ပေးဖို့ ၊ လမ်းကြောင်းပေးဖို့ထက် ဆူဖို့ အော်ဖို့ ဟောက်ဖို့ ဆရာကြီးလုပ်ဖို့က ပထမဖြစ်နေတယ်။
ကေကောရပ်မိရပ်ဖက သူတို့အခက်အခဲတွေပြောဆိုတင်ပြတဲ့အခါ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၆)က ဒေါ်လွီးဇာက “အပြောနဲ့မရဘူး၊ စာတစ်တန်ပေတစ်နဲ့လုပ်ရမယ်။” အဲ့လိုပြန်ပြောဆိုသွားပါတယ်။
“ကျွန်တော်ကလည်း ကျွန်တော်မှ စာမတတ်တာ စာမတတ်လို့ ပြောပဲပြောတတ်လို့ ပြောနေတာပေါ့။” လို့ ကေကောကျေးရွာက ရပ်မိရပ်ဖ ဦးပရယ်ဖားက အစည်းအဝေးထဲမှာ အဲလိုပြန်ပြောပါတယ်။
တစ်ချို့ဒေသခံရပ်မိရပ်ဖတွေကတော့ သူတို့ဒေသမှာ တင်ပြစရာတွေ တပုံတပင်ကြီးရှိနေပါလျက်နဲ့ ဘာသာစကားမကျွမ်းကျင်လို့ ပြောဆိုရမှာ ကြောက်နေကြတာလား၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဟောက်လား၊ ဟိန်းလား အသံကိုကြားရမှာစိုးလို့ပဲလား၊ မထူးပါဘူးတင်ပြနေလဲအပိုပါပဲဆိုပြီး စိတ်မဝင်စားတော့တာလားဆိုတာက စိတ်ထဲမှာ မေးခွန်းထုတ်စရာတွေဖြစ်လာစေပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ မိမိတို့မဲဆန္ဒနယ်ကိုဘယ်လောက်အထိ ကွင်းဆင်းလဲ ၊ ဘယ်လောက်အထိ ချိတ်ဆက်ဆောင်ရွက်မှုရှိနေလဲဆိုတာ ရောက်တဲ့ဒေသရောက်တဲ့အရပ်မှာ ဒေသခံတွေကို မေးကြည့်မိပါတယ်။
အခုလည်းကေကောရပ်မိရပ်ဖတွေကို မေးကြည့်တဲ့အခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ဂဃနဏ မသိကြပါဘူး။
လွတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်၊ရာထူးကို အသေးစိတ်မသိရတာဟာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ မဲဆန္ဒနယ်ကို ကွင်းဆင်းတာ၊ ချိတ်ဆက်တာအားနည်း လို့ပါလို့လည်း ဆွေးနွေးပွဲအတွက် တဖက်တလမ်းကူညီဆောင်ရွက်ပေးနေတဲ့ ကေကောကျောင်းအုပ် ဆရာမ ရှားမိုးက သုံးသပ်ပြောဆိုသွားပါတယ်။
အရင်က ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ကွင်းဆင်းတဲ့အချိန်တုန်းကလည်း ကားပေါ်ကနေလမ်းမပေါ်မှာပဲ စကားပြောခဲ့ရတာပါလို့ ဦးပရယ်ဖားကပြောပါတယ်။
ဒေသခံတွေကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ့ရဲ့တာဝန်ယူထားရတဲ့ လွှတ်တော်ကဏ္ဍတွေကို သေချာမသိကြပါဘူး။ ဌာနဆိုင်ရာတွေကအစ အခေါ်အဝေါ်တွေ မသုံးတတ်လို့ ဖိတ်စာမှားရေးမိတာ တွေရှိနေတယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါတယ်။
” ကျမကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ဥက္ကဌတဲ့ အဲလိုဖိတ်လာတဲ့သူကလည်းရှိသေးတာ။ အဲဒါတခြားမဟုတ်ဘူး။ဝန်ထမ်းတွေထဲကပဲ။” လို့ ဒေါက်တာခင်စည်သူကပြောပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့နယ် ဒေါတဟေးကျေးရွာမှာ ပြုလုပ်တဲ့ လူထုတွေနဲ့ လူမှုအသင်းအဖွဲ့တွေ ၊ ဌာနဆိုင်ရာတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စကားဝိုင်းမှာ ဒေါက်တာခင်စည်သူက မိတ်ဆက်စကားပြောရင်း ပြောဆိုသွားတာဖြစ်ပါတယ်။
လူထုတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိကိုယ်ကို သေချာမိတ်ဆက်သွားတာဖြစ်ပါတယ်။ အကြောင်းကတော့ လူထုတွေသာမက ဝန်ထမ်းတွေကအစ ကိုယ်မဲထည့်လိုက်တဲ့ ကိုယ်စားလှယ်က ဘယ်သူဘယ်ဝါ ဘာကိုယ်စားလှယ်လဲဆိုတာ သေချာမသိကြလို့ အခုလို သေချာမိတ်ဆက်တာလို့ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အရပ်ရပ်နဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေပြုရေး၊ ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုးကိစ္စတွေကို လွှတ်တော်မှာ အဆိုပြုတင်သွင်းတာတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်တာတွေ ပြည်သူတွေအပေါ် တာဝန်ယူမှု တာဝန်ကျေမှုရှိရှိ ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့သူတွေပါ။
ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ထိတွေ့တာတွေ ၊ ကွင်းဆင်းတွေ့ဆုံမှုပြုလုပ်တာတွေ ၊ လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သတင်းအချက်အလက်တွေရယူတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
အခုဒေသခံရွာသားတွေတချို့က အခက်အခဲအားလုံးကို မတင်ပြရဲပေမယ့်လည်း မိမိတို့မဲထည့်ခဲ့လို့ အနိုင်ရသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တော့ တွေ့ဆုံနိုင်ဖို့ တင်ပြနိုင်ဖို့ စောင့်မျှော်လင့်နေကြဆဲပါ။