ဒွေးအယ်ခူ
ဖရူဆိုမြို့နယ်၊ နန်းဖဲအုပ်စု နှင့် တော်ခူကျေးရွာအုပ်အတွင်းရှိ ရွာသူရွာသားများ၏ စပါးခင်း၊ နှမ်း၊ ပြောင်း၊ ဖာလာစသည့် သီးနှံများသည် စိုက်ပျိုးရာသီရောက်သည့်အချိန် နှစ်စဉ်နှစ်တိုင်း ကြွက်များစားသောက် ဖျက်ဆီးခြင်းကိုခံနေရသည်။
ကျေးရွာ ၁၁ ရွာရှိသည့် တော်ခူအုပ်စုတွင် စိုက်ပျိုးရေးအနေဖြင့် ရွှေ့ပြောင်းတောင်ယာတစ်မျိုးတည်းသာလုပ်ကိုင်နေရသကဲ့သို့ ကြားညှပ်သီးနှံအနေဖြင့် နှမ်း၊ ပြောင်းကောက်၊ သခွား၊ ပဲ၊ ငရုတ် စသည့် သီးနှံများကိုဟင်းအတွက် စိုက်ပျိုးကြသည်။
ဆန်၊ စပါးသည် တောင်ပေါ်ဒေသ၏ အဓိကစားသောက်ကုန်ဖြစ်သည့်အတွက် စပါးခင်းကို ကြွက်ဖျက်ဆီးစားသောက်သည့်အခါ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိတော့ပေ။
“စပါးနှံထွက်ခါနီးအချိန်ဆို ကြွက်တွေကကိုက်ပြီ။ စပါးရိတ်တဲ့အချိန် စပါးကမရှိတော့ဘူးပေါ့ နည်းနည်းပါးပါးပဲကျန်တယ်။ ဒီဒေသအနေနဲ့ စားဝတ်နေရေးမှာမဖူလုံဘူးပေါ့” ဟုနန်းခွီးခိုကျေးရွာနေ ဦးရဲထက်ဦးက ဆိုသည်။
ပူးပြင်းသည့် ဒေသအတွင်းကျရောက်သည့်အတွက် တောင်ယာလုပ်ငန်းမှအပအခြားစီးပွားဖြစ် သီးနှံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ရန် မဖြစ်နိုင်ပါ။
တစ်နိုင်တစ်ပိုင်ဝင်ငွေရရှိရန် ဖာလာ၊ ရှားစေး၊ ငရုတ်သီးတို့ကိုစိုက်ပျိုးပြီးရောင်းချကြသည်။ သို့ပေမယ့် စိုက်ပျိုးတဲ့အချိန် ကြွက်များလိုက်လံဖျက်ဆီးသည့်အတွက် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဟုပလဲလယ်ကျေးရွာနေဦးမိုးဇက်ကပြောပါသည်။
၎င်းက “ ကြွက်တွေလိုက်ဖျက်တော့ အသီးရှိပြီလားဆိုအခွံပဲကျန်တယ် အစေ့မပါတော့ဘူးအဲခါကျတော့ အသီးက ၂ပိဿ ၃ပိဿ ထွက်မလားဆိုတော့လည်း ၅ဝသားပဲ ကျန်တယ်” ဟုဆိုသည်။
တောင်ပေါ်ဒေသဖြစ်သည့်အပြင် ဖွံ့ဖြိုးရေးနောက်ကျကာလမ်းပန်းဆက်သွယ်ရေးမှာလည်း နှောင့်နှေးသည့် ဒေသလည်း ဖြစ်သည်။ စိုက်ပျိုးရာသီရောက်လျှင် သီးနှံများစိုက်ပျိုးသည့်အခါ နှစ်စဉ် ကြွက်၏စားသောက် ဖျက်ဆီးမှုကိုကာကွယ်ရန် နည်းလမ်းများမသိကြသကဲ့သို့ သက်ဆိုင်ရာဌာနဆိုင်ရာများကိုနည်းပညာအကူအညီတောင်းရန် မသိရှိကြကြောင်းဆိုကြသည်။