spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုနှင့် CSO များ၏ အခန်းကဏ္ဍ

Author

Date

Category

ကျော်စိုးသူ (လွှတ်တော်) Economics Development ရေးသားသည်။

ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုသည်မှာ ရွေးကောက်ခံ နိုင်ငံရေးစနစ်တွင် အင်မတန်အရေးကြီးသော အချက်ပင်ဖြစ်ပေသည်။

ပြည်သူက မဲပေးရွေးချယ် ပေးလိုက်သော ကိုယ်စားလှယ်များမှ တစ်ဆင့် အစိုးရဖွဲ့ကာ နိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်ကြခြင်းဖြစ်၍ ပြည်သူများ၏ သဘောဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမယ် ဖြစ်ပါသည်။

ဤနေရာတွင် ခေတ်အဆက်ဆက် လှို့ဝှက်သဖွယ် ဆောင်ရွက်ခဲ့သော အစိုးရစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံ ခန့်ခွဲမှုများမှာ ဒီမိုကရေစီ စနစ်နှင့် အညီ ပွင့်လင်း မြင်သာဖို့ လိုအပ်လာမှာ ဖြစ်ပေသည်။

 ထိုအချက်ကို မည်သူများက ဦးဆောင်၍ လုပ်ဆောင်ကြမည် ဆိုသည်မှာလည်း စိန်ခေါ်မှုပင် ဖြစ်ပေသည်။

အစိုးရပိုင်းမှ ဦးဆောင်မည်လား၊ လွှတ်တော်ပိုင်းမှ ဦးဆောင်မည်လား စသည်ဖြင့် နည်းလမ်းရွေးစရာ ရှိသော်လည်း ဘယ်သူပဲ လုပ်လုပ် CSO ဟုခေါ်သော အရပ်ဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မှာ ဖြစ်ပါသည်။

၎င်းတို့၏ အခန်းကဏ္ဍ မှာ ဖယ်ဒရယ် ဒီမိုကရေစီစနစ်နဲ့ ပြုပြင်ပြောင်းလဲရေး အတွက် များစွာ အရေးပါလှပေသည်။

ပထမ ဦးစွာ CSO များ အကြောင်းကို အရင်ရှင်းပြရသော် CSO များ ဆိုသည် ဒေသတွင်း သာရေး၊ နာရေး ၊ လူမှုရေး၊ အသိပညာပေးရေး၊ အကူအညီပေးရေး စသည့် ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ဖြစ်ပေသည်။

ဒေသတွင်း နေရာအနှံ့အပြားတွင် မတူညီသော ကူညီဆောင်ရွက်ပေးမှုပုံစံများဖြင့် တွေ့ရပေသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများမှ ဘာကလေကဂိုဏ်းလို အဖွဲ့များမှ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အဓိကနေရာမှ ကူညီဆောင်ရွက်ပေးခဲ့တာကို တွေ့ရပေသည်။

မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ဖြစ်စဉ်များ အလားတူဖြစ်ပေါ်လာစေရန် အရပ်ဖက် အဖွဲ့အစည်းများ၏ အားကို ယူ၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အတူတကွ ဆောင်ရွက်သင့်ပေသည်။

ထိုအဖွဲ့အစည်းတွင် လူအား၊ ငွေအား နှင့် အသိပညာအား များစွာရှိပြီး အစိုးရ (သို့) လွှတ်တော်၏ အားများနှင့် ပေါင်းလျှင် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာစက်ဝန်းတွင် အပိုင်း (၄)ပိုင်း ပါရှိပြီး ၎င်းတို့မှာ ဘတ်ဂျက်ရေးဆွဲခြင်း၊ ဘတ်ဂျက်ဥပဒေပြဌာန်းခြင်း၊ အကောင်အထည်ဖော် သုံးစွဲခြင်းနှင့် စာရင်းစစ်ဆေးဆန်းစစ်ခြင်း တို့ပင် ဖြစ်ပေသည်။

၎င်း အပိုင်း (၄)ပိုင်းတွင်မှ အရပ်ဖက် အဖွဲ့အစည်းများ အနေဖြင့် မည်သည့် အပိုင်းများတွင် မည်သို့ ပါဝင်ဆောင်ရွက်နိုင်သလဲ ဆိုတာကို ချပြမှာ ဖြစ်ပါသည်။

ဘတ်ဂျက်ရေးဆွဲခြင်းအပိုင်းတွင် CSO များ အနေဖြင့် ပါဝင်နိုင်သည့်နေရာများစွာ ရှိပေသည်။

စီမံကိန်း ရေးဆွဲသည့် အချိန်နှင့် ဘတ်ဂျက် ရေးဆွဲသည့် အချိန် နှစ်ခုတွင် မည်သည့် အချိန်က ပိုထိရောက်မလဲ ဆိုတာကို စဉ်းစားဆုံးဖြတ် ရွေးချယ် ကြရပါလိမ့်မည်။

ကျွန်တော်အကြံပြုလိုသည်မှာ ဘတ်ဂျက်ရေးဆွဲချိန်တွင် အစိုးရနှင့် ပူးပေါင်းကာ ဘတ်ဂျက်ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို အကူအညီ ပေးနိုင်ပေသည်။

 အထူးသဖြင့် ပြည်သူလူထု၏ လိုအပ်ချက်ကို CSO များမှ တစ်ဆင့် အစိုးရဌာနအဖွဲ့အစည်း များသိအောင် လုပ်ဆောင်၍ ဘတ်ဂျက်များ ကို ထိထိရောက်ရောက် လျာထားဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။

ထို့နောက် ဒုတိယလုပ်ငန်းစဉ်ဖြစ်သော ဥပဒေ ပြုရေး အပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြပေသည်။

 လွှတ်တော်ကော်မတီနှင့် အဖွဲ့များတွင် CSO များမှ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးလည်း ရှိပေသည်။

အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာအားများကို CSO များ၏ အားနှင့် ပေါင်းကာ ဘဏ္ဍာရေး စနစ် ပွင့်လင်းမြင်သာမှုအတွက် ဆောင်ရွက်နိုင်ပေသည်။ ဒါ့အပြင် လွှတ်တော်နှင့် ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂)ပါ ဒေသနှင့်ဆိုင်သော ဥပဒေများ ကို ပြင်ဆင်ခြင်း၊ ပြဌာန်းခြင်း များတွင် အတူတကွပူးပေါင်းဆောင်ရွက်၍လည်း ရနိုင်ပေသည်။

တတိယလုပ်ငန်းစဉ်ဖြစ်သော ဘတ်ဂျက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အပိုင်းတွင်မူ အစိုးရနှင့်လွှတ်တော် နှစ်ခုစလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရသည်မှာ အစိုးရဖြစ်၍ ထိုအပိုင်းတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပါကပိုမို ကောင်းမွန်သလို လွှတ်တော်ရှိ ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီများနှင့် ပူးပေါင်း လုပ်ဆောင်၍လည်း ရမှာဖြစ်ပါတယ်။

ဤနေရာတွင် ပူးပေါင်းလုပ်ဆောင်ခြင်းက လက်ရှိအခြေအနေတွင် အထိရောက်ဆုံး နည်းလမ်းဟု ယူဆမိပေသည်။

အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များမှာ နေရာဒေသအနှံ့အပြားထိ မရှိသောကြောင့် အောက်ခြေကျေးရွာများထိ ပေါက်ရောက်သော ဒေသခံ CSO များကသာ ပြည်သူလူထု၏ အသံ အစစ်အမှန်နှင့် ဘတ်ဂျက်အသုံးပြုတည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပေသည်။

၎င်း အားသာချက်များကို လွှတ်တော်၊ အစိုးရများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများ ယိုဖိတ်မှုကို လျော့နည်းစေမည် ဖြစ်ပါသည်။

ဒါ့အပြင် ပြည်သူလူထုအား ဘတ်ဂျက်ဆိုင်ရာ အသိအမြင်များ မျှဝေပေးခြင်း နှင့် အစိုးရစနစ်ဆိုင် ဗဟုသုတများ ဖြန့်ဝေပေးခြင်းကို လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါသည်။

စတုတ္ထလုပ်ငန်းစဉ်ဖြစ်သော စာရင်းစစ်ဆေးဆန်းစစ်ခြင်း အပိုင်းတွင်လည်း လွှတ်တော်၊ စာရင်းစစ်ချုပ်ရုံးများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြပေသည်။

 စာရင်းစစ်များအား လက်တွေ့အောက်ခြေတွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များ အား ပေးပို့ ခြင်းများ ဆောင်ရွက်၍ ပြည်သူပါဝင်သော စာရင်းစစ်ဆေးခြင်း စနစ်ကို အကောင်အထည်ဖော်နိုင်ပေသည်။

 ထို့အပြင် လွှတ်တော်တွင်း စာရင်းစစ်အစီရင်ခံစာများနှင့် ပတ်သက်၍လည်း ရွေးကောက်ခံ ကိုယ်စားလှယ်များအား မိမိတို့ ဒေသတွင်းမှ အကြောင်းအရာများကို ပေးပို့အသိပေးခြင်းဖြင့် လွှတ်တော်တွင်းမှ ထိန်းကြောင်းမှုကို ပိုမို အားကောင်းလာစေမှာ ဖြစ်ပါသည်။

Advertisement

 အချုပ်အားဖြင့် ဆိုသော် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုသည်မှာ ပြည်သူတိုင်း မျှော်လင့်နေသော အရာတစ်ခုပင် ဖြစ်ပေသည်။

သို့မှသာ ၎င်းနှင့် ဆက်စပ်နေသော အခွန် စနစ်များ နှင့် အစိုးရစနစ်များ အားကောင်း လာမှာ ဖြစ်ကာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် အောင်မြင်စေမှာဖြစ်ပါသည်။

သို့ရာတွင် အပြောင်းအလဲ ကာလ အင်စတီကျူးရှင်းပိုင်းဆိုင်ရာအားနည်းခြင်း၊ ပြည်သူပြည်သားများ၏ အသိရေချိန်နည်းပါးခြင်းနှင့် အုပ်ချုပ်ရေးအာဏာ လွှမ်းမိုးမှုအားကောင်းသော အချိန်ကာလတွင် အပြောင်းအလဲ အောင်မြင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ CSO များနှင့် ပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ မိမိတို့လိုချင်သော ဘဏ္ဍာရေးစနစ်ပွင့်လင်းမြင်သာမှုကို ရရှိမှာ ဖြစ်ကြောင်း မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။

spot_img
spot_img

Recent posts