ဖူးမော် ရေးသားသည်။
မြန်မာနိုင်ငံနေရာတော်တော်များများတွင် မြေယာပြဿနာဖြစ်နေသည်။ ယခင်ကတည်းက ကယားပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် မြေယာနှင့်ပါတ်သက်သည့် ပြဿနာရှုပ်ထွေးမှုရှိနေသည်မှာ ယခုချိန်ထိပါ။
ကိုယ့်မြေပေါ် စိုက်စားနေသည့် တောင်သူများတရားစွဲခံရတဲ့ဘဝ
လက်ရှိကယားပြည်နယ်၏ မြေယာသိမ်းဆည်းမှုသည် ပြည်နယ်အတွင်းအကြီးဆုံးပြဿနာတစ်ခုဖြစ်သလို ယခုလိုမိုးတွင်းအချိန်သည် ကယားပြည်နယ်လိုစိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့် တောင်သူများအတွက် လုပ်ငန်းစချိန်ဖြစ်သည်။
ဒီလိုလုပ်ငန်းစချိန်တွင် တောင်သူများအနေဖြင့် နှစ်စဉ်နှစ်တိုင်းလိုလိုကြုံတွေ့နေရသည်မှာ ကိုယ်ပိုင်မြေတွင် လုပ်ကိုင်ရင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်သည်ဟု ဆိုကာတရားစွဲခံနေရတဲ့ကိစ္စတွေပါ။
ယခုနှစ်၂၀၁၉ခုနှစ်ဇွန်လ၂၁ရက်နေ့ ညသန်းခေါင်းယံ လူအများအိပ်မောကျအချိန်တွင် လွိုင်ကော်ရဲစခန်းမှ ရဲအင်အား(၃၀)ခန့်သည် ဒေါမူကလားရွာတပ်သိမ်းမြေနှင့်ပါတ်သက်ပြီး တောင်သူများထဲမှ(၂)ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့ကို ပြည်သူပိုင်ပစ္စည်းများကို ဖျက်စီးသည့်အမှု ပုဒ်မ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြားထားသည့်အဆင့်ထိ ဖြစ်လာပါသည်။
တောင်သူနှစ်ဦးဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပါတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိပဲ ဒီမိုကရေစီစနစ်ကို ပျက်ပြားအောင်လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ကရင်နီတောင်သူလယ်သမားသမဂ္ဂမှ ၂၂ရက်နေ့ဇွန်လ ၂၀၁၉ နေ့စွဲပါ သဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြပါသည်။
ထို့အပြင်သဘောထားထုတ်ပြန်ချက်တွင် ကယား(ကရင်နီ)ပြည်နယ်အတွင်း ဘိုးဘွားစဉ်ဆက်နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် ဒေါဆိုရှေးကျေးရွာမြေယာကို အမတ(၃၆၀)မှ၎င်း၊ ဒေါမူကလားကျေးရွာ၊ လွိုင်တမူးကျေးရွာ၊ ၃မိုင်ပါကြဲကျေးရွာ၊ မြေနီကုန်ကျေးရွာမြေယာများကိုအမတ(၃၅၆)၊ ခမရ (၂၅၀)မှ၎င်း၊ BEတပ်မှ ၎င်း လာရောက်စိုက်ပျိုးခြင်းခြံစည်းရိုးခတ်ခြင်းများ လုပ်ဆောင်လာသည့်အပြင် ကျေးရွာရှိတောင်သူများအား တရားစွဲဆိုခြင်းများ လုပ်ဆောင်ရန်ပြင်ဆင်လျက်ရှိလာသည်။
စစ်တပ်က ဒေသခံတောင်သူများ၏ မြေယာကိုသိမ်းဆည်းပြီး ဝင်ရောက်စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများခတ်ခြင်းနှင့် တရားစွဲဆိုဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းတို့ကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်ပေးပါရန် ကရင်နီတောင်သူလယ်သမားသမဂ္ဂမှ တောင်းဆိုကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင်ကယားပြည်နယ်အတွင်း မြေယာနှင့်ပါတ်သက်ပြီး တရားရုံးတွင်အမှုပေါင်း (၅၀)ခန့် တရားရင်ဆိုင်နေရကြောင်း ခူးတူရယ်က၂၆ရက်နေ့ ဇွန်လ၂၀၁၉ခုနှစ်တွင် ပြုလုပ်သည့် ကယား(ကရင်နီ)ပြည်နယ် မြေယာပြသာနာများနှင့် ပါတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။
မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် တိုင်းရင်းသာဒေသခံများ၏ အခက်
ယခင်စစ်အစိုးရလက်ထက်ကတည်းက မြေသိမ်းဆည်းမှုပြဿနာများရှိနေသလို ၂၀၁၂ ခုနှစ် အစိုးရထုတ်ပြန်လိုက်သည့် လယ်ယာမြေဥပဒေနှင့်လက်ရှိ NLDအစိုးရလက်ထက်တွင် အသစ်ထပ်မံ သတ်မှတ်လိုက်သည့် ဥပဒေကြောင့် တောင်သူအပါအဝင် ကယားပြည်နယ်အတွင်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံးနီးပါးသည် မြေယာမဲ့ဘဝသို့ရောက်ရတော့မည့် အနေအထားကိုရောက်ရှိလာပါသည်။
ယခင်နှစ်၂၀၁၈ ခုနှစ်စက်တင်ဘာလ(၁၁)ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ မြေလွတ်မြေလပ်မြေရိုင်းဆိုပြီး ဥပဒေတစ်ရပ်ကို တရားဝင်သတ်မှတ်လိုက်သည်။ ၎င်းသတ်မှတ်ထားသည့်မြေပေါ်မှာ အမှီပြုနေရသူများအားလုံးကို (၆)လအတွင်း အသုံးပြုခွင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရန်ပျက်ကွက်ပါက ရွေ့ပြောင်းခံရခြင်းနှင့် ထောင်ဒဏ်ကျခံရနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
မြေလွတ်မြေလပ်နှင့်မြေရိုင်းဥပဒေအရ မှတ်ပုံမတင်လျှင် ထောင်ဒဏ်၂နှစ် သို့မဟုတ် ငွေဒဏ်၅သိန်း သို့မဟုတ် ပြစ်ဒဏ်၂ခုလုံးကျခံနိုင်ကြောင်း ထည့်သွင်းထားသည်။ အသစ်ထပ်မံအတည်ပြုလိုက်သည့် ဥပဒေသည် သန်းပေါင်းများစွာသောပြည်သူကို ခြိမ်းခြောက်လျက်ရှိသော်လည်း တောင်သူအများစုက ၎င်းဥပဒေကိုမသိရှိကြပါ။
၎င်းသတ်မှတ်ထားသည့် ဥပဒေမှ မြေများကို မှတ်ပုံတင်လိုက်မည်ဆိုလျင် ဌာနေတိုင်းရင်းသားများ ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်က ပိုင်ဆိုင်လာကြသည့် မြေများကိုအပြီးပိုင် ဆုံးရှုံးသွားနိုင်သည်။
သို့သော် ဌာနေတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားဒေသတွင် မြေလွတ် မြေလပ် မြေရိုင်းများ မရှိပဲ မြေများအားလုံးသည် ပိုင်ရှင်ရှိကြောင်းပြောသည်။
တိုင်းရင်းသားဒေသတွင် တစ်ဦးပိုင်မြေ၊ လူမျိုးစု မျိုးနွယ်စုပိုင်မြေ၊ အစုအဖွဲ့ပိုင်မြေ၊ ကျေးရွာပိုင်မြေ၊ သချိုင်းမြေ၊ နတ်မြေ၊ သာသနာ့မြေ၊ တောင်ယာမြေ၊ လယ်မြေ၊ ယာမြေ၊ ယုံကြည်ကိုးကွယ်သောမြေ၊ စားကျက်မြေ၊ သုသာန်မြေ၊ ကာကွယ်တော (ကျေးရွာပိုင်ဘုံသစ်တော)၊ ကျေးရွာမြေ၊ အိမ်ယာမြေ(အိမ်ခြံ)၊ သစ်တောကြိုးဝိုင်း၊ ဘေးမဲ့တော( တိရစ္ဆာန်ကြိုးဝိုင်း)၊ အများပိုင် အဆောက်အဦးမြေများသာရှိသည်ဟု ဒေသခံများကပြောကြသည်။
ထို့အပြင် ပြည်တွင်းစစ်ကာလ ၁၉၉၅-၉၆ ခုနှစ်တွင် စစ်အစိုးရ၏ဖြတ်လေးဖြတ်ကာလအတွင်း ကယားပြည်နယ်မှ ရွာပေါင်း ၁၀ဝကျော်ကို မောင်းထုတ်မီးရှို့ခဲ့ပြီး အချို့ပြည်သူမှာ စစ်ရှောင်အဖြစ်မြို့ပေါ်ရပ်ကွက်များတွင် ရွှေ့ပြောင်းနေထိုင်ကြသည်။ တချို့ပြည်သူများမှာရွာလုံးကျွတ် စစ်ဘေးဒုက္ခသည်အဖြစ်ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့ရသည်။
လက်ရှိတွင် ကရင်နီဒုက္ခသည်စခန်း (၂) ခုအတွင်းလူဦးရေ (၁၁၀၀၀) ခန့်နေထိုင်လျက်ရှိပါသည်။ ထို့ကြောင့်၎င်းတို့ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြေများတွင် မူရင်းပိုင်ရှင်များရှိပြီး မြေလွတ်မြေလပ်မြေရိုင်းများ မဟုတ်ကြောင်းပြောကြသည်။
အစိုးရ၏ မြေယာဥပဒေအရ မြေပေးမိန့်၊ ပုံစံ ၁၀၅၊ မြေဂရမ် မရှိတဲ့မြေနေရာတွေကို အစိုးရက မြေလွတ်၊မြေရိုင်းတွေအဖြစ် သတ်မှတ်ပြီးမြေယာပိုင်ဆိုင်မှု အထောက်အထားမပြနိုင်တဲ့ မည်သည့်မြေယာ ကိုမဆိုအစိုးရက သိမ်းဆည်းနိုင်ကာ ကုမ္ပဏီများကိုဖြစ်စေ စီမံကိန်းမြေနေရာအဖြစ်ချထားတာမျိုးတွေ ပြုလုပ်နိုင်ကြောင်း လည်းပြောကြသည်။
၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေလပ်မြေရိုင်းဥပဒေကြောင့် ဖရူဆိုမြို့နယ်ထီးပေါ်ဆိုကျေးရွာအုပ်စု ဒေါကူးခူကျေးရွာတွင် မောင်နှမအချင်းချင်းမြေယာအငြင်းပွားမှု ပြသာနာများဖြစ်ပွားခြင်း၊ မော်သီဒိုရွာ၊ ခေါဘာရွာစသည့်ရွာများသည်လည်း မြေလွတ်မြေလပ်မြေရိုင်းအဖြစ် အလျောက်ခံရသည့်များလည်း ဖြစ်ခဲ့သည်။
ခေါဘာရွာမှ ဓမ္မဆရာဦးထွန်းရီမှ ၎င်း၏ ရွာကိုမြေလွတ်မြေလပ်အနေဖြင့် လာရောက်လျောက်ထားတဲ့အပေါ် ”သူတို့လာလုပ်မယ်ဆိုရင် ကျနော်တို့ အခက်အခဲအများကြီးရှိတယ်။ ကျနော်တို့ ဘယ်နားသွားနေရတော့မလဲ။ အောက်မှာလည်းကျနော်တို့ရွာတွေ အများကြီးရှိတယ်။” ဟုပြောသည်။
ထို့အပြင် မော်သီဒိုရွာမှ ဒေါ်စူစမ်းနာမှလည်း “တစ်ယောက်ပြီးတစ်ယောက် မြေလွတ်မြေလပ်တွေ လာလျောက်လိုက်ရင်ကျမတို့ လုပ်ကိုင်စရာမရှိတော့ဘူး။ ကျမတို့ သားသမီးတွေ နေရာတွေ နောက်ထပ် ကျမတို့ လုပ်ရမယ့် ဝမ်းစာအတွက် အခက်အခဲရှိတာပေါ့နော်။” ဟုဆိုသည်။
မြေလွတ် မြေလပ် မြေရိုင်းဥပဒေကို ဥပဒေထွက်ရှိပြီး ပြီးသွားတာလားသို့မဟုတ် အများပြည်သူကို အသိပေးကြေညာရဲ့လားဟု Law Home မှ ကိုကျော်ဝဏ္ဍအောင်က မေးခွန်းထုတ်ပါသည်။
ကိုကျော်ဝဏ္ဍအောင်မှ “ရွာသားတစ်ယောက်က ကျနော့်ကိုထပြောတယ် ဆရာဓလေ့ထုံးတမ်းဆိုတာ စာအုုပ်စာရွက်ပေါ်ချရေးချပြီး ကျင့်သုံးတဲ့အရာမဟုတ်ဘူး။ လက်တွေ့ကျင့်သုံးခြင်းကနေ လက်တွေ့ကျင့်သုံးခြင်းသို့ ဆင့်ကဲလွှဲပြောင်းကျင့်သုံးခြင်းစနစ်သာ ဖြစ်တယ်လို့ သူပြောတဲ့ချိန်မှာ ကျနော်ဟတ်ကော့ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဓလေ့ထုံးတမ်းတွေပြောလိုက်တဲ့ချိန်မှာ စာအုပ်စာပေတွေနဲ့ ချရေးပြီး ကျင့်သုံးလာတဲ့ အဆင့်ဆင့်ဆိုတာမျိုးမရှိဘူး။” ဟုပြောသည်။
မြေယာတော်လှန်ရေးဖြစ်ပွားမှုများ
ထို့အပြင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်မောင်းရှိုသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ၁၉၉၄ ခုနှစ်က ကတ်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ခဲ့သည့် မယ်စဲ့မြို့နယ် မြေစရင်းဌာနမှ မြေစာရင်း ပုံစံ(၁၀၅) ထုတ်ပေးထားသည့် မြေနေရာကိုမြေညှိခြင်း၊ မြောင်းတူးခြင်း ပြုလုပ်ခဲ့ပြီး ခြံစည်းရိုးကာရံရန် လုပ်ဆောင်လာမှုများရှိခဲ့သောကြောင့် မယ်စဲ့တိုက်နယ်၊ လွိုင်ကော် ကက်သလစ်သာသနာ၊ သာသနာ့ အကျိုးဆောင်အဖွဲ့နှင့် မြေယာပြသာနာဖြေရှင်းရမှုများ ရှိခဲ့သည်။
ဖရူဆိုမြို့နယ်မြို့ရှိ မြို့မကျေးရွာအုပ်စု၊ မာခရော်ရှေ့၊ကေးလျားကျေးရွာအုပ်စုတွင်းရှိ မြေဧက(၃၀၀၀)ကျော် ကိုအမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်သိမ်းဆည်းခဲ့တဲ့အပေါ်ပြန်လည်ရရှိ လိုကြောင်း ဒေသခံ(၅၀၀)ကျော်က ၂၀၁၃ ခုနှစ်မှာတောင်သူလှုပ်ရှားမှုအနေဖြင့် ဆန္ဒဖော်ထုတ်ပွဲကို ခိုးလျှေဆိုတောင်သူ လယ်သမားကော်မတီက ဦးဆောင်၍ ကယားပြည်နယ်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့ကြသည်။
ဒေါမူကလားကျေးရွာ ဘိုးဘွားပိုင်မြေ ဧက ၃၀ဝ လောက်ကို (ခ.မ.ရ ၂၅၀) နှင့် (အ.မ.တ ၃၅၆) တို့မှ ၁၉၉၁ ခုနှစ်ဝန်းကျင်တွင် စတင်သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် တပ်ပိုင်အဖြစ် စစ်တပ်မှ မြေတိုင်း ခြံခတ်ဖို့ အုတ်တိုင် စိုက်ထူခြင်း၊ ဒီမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာ ဘိုးဘွားပိုင်မြေယာတွေဖြစ်သည့် အမှတ်(၃၆၀)အမြောက်တပ်ရင်းမှ သိမ်းဆည်းထားသည့် မြေဧက (၇၀၀)ကျော်တွင် ဝင်ရောက်ထွန်းယက်ခဲ့သောကြောင့် တောင်သူ (၁၀)ဦး တရားစွဲခံရပြီး ပြစ်ဒဏ်ပါကျခံခဲ့ရခြင်းများ ဖြစ်ခဲ့သည်။
ဖရူမြို့နယ်ရှိအမှတ် (၅၃၁) တပ်ရင်းကို ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး တပ်ရင်းတည်ဆောက်သည့် နေရာနှင့် ဆက်စပ်မှု မရှိသည့် ဆိုလျားကူးကျေးရွာရှိ ဒေသခံများ၏ ခန့်မှန်းခြေစိုက်ပျိုးမြေဧက (၆၀၀)ကျော်ကိုတိုးချဲ့ သိမ်းယူထားခဲ့သောကြောင့် ၂၀၁၄ ခုနှစ် မေလ ၂ရ ရက်နေ့တွင်ဆိုလျားကူးတောင်သူ ၃၀ဝ ခန့်မှ ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာ ဦးဆောင်သူငါးဦးကိုစစ်တပ်မှ ပိုင်နက်ကျူးလွန်မှုဖြင့် စစ်တပ်မှ တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်ခဲ့ဖူးသည်။
ထိုသို့ တရားစွဲဆိုခံရမှုများ၊ ပြစ်ဒဏ်ခံခဲ့ရပြီးချိန်တွင် ဆိုလျားကူးကျေးရွာ၏ မြေယာ (၄၉၅)ဧကကို အမှတ်(၅၃၁)တပ်ရင်းမှ ပြန်လည်စွန့်လွှတ်ပေးခြင်း၊ အမှတ် (၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ရန် သိမ်းဆည်းထားသည့် ဧက(၃၀၀၀)ကျော်ထဲမှ ဧက (၈၆၀)အတွက် တစ်ဧကကို ကျပ် ၅၀၀၀ဝ ပေးလျော်ခဲ့ကာ ၂၀၁၄ခုနှစ်တွင် တပ်စွန့်လွတ်မြေအဖြစ် ၁၉၉.၈၆ ဧကကို ပြန်လည်ပေးအပ်ခဲ့ခြင်းများရှိခဲ့သည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ပြုစုထားသည့် စာရင်းအရသိရသည်။
ဌာနေတိုင်းရင်းသားအများဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာကြသောမြေယာ၊ တောင်ယာများကိုယခင် ဥပဒေတစ်ခုပြီးတစ်ခု မပေါ်ခင်အထိ အချင်းချင်းအကြားလေးစားလိုက်နာ အသိအမှတ်ပြုခဲ့ကြသော်လည်း ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်း ပြစရာဖြစ်လာချိန်တွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြသည်။
ဒီမိုကရေစီအစိုးရလက်ထက်မှာ တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်
ကယားပြည်နယ်အတွင်း စစ်တပ်မှမြေသိမ်းသည်မှာ ယခင်အစိုးရလက်ထက်ကတည်းကရှိနေတာဖြစ်ပြီး ပြည်သူများမှ ယခုလက်ရှိအစိုးရသစ်လက်ထက်တွင် ၎င်းပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယနေ့အချိန်ထိ တိကျရှင်းလင်းသည့်ဖြေရှင်းပေးမှု မရှိသေးပါ။
ကမ္ဘာ့ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ ကြေငြာစာတမ်းအပိုဒ်(၂၆-က)တွင် ဌာနေတိုင်းရင်းသား လူမျိုးများသည် ရိုးရာယဉ်ကျေးမှုအရပိုင်ဆိုင်၍ လုပ်ကိုင်စားသောက်လာသော လယ်၊ မြေ၊ ပိုက်နက်နယ်မြေနှင့် သံယံဇာတပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရှိသည်ဟုဆိုထားသည်။
ဒေါဆိုရှေ့ထွန်တုံးတိုက်ပွဲတွင် တောင်သူတစ်ဦးက စစ်တပ်နှင့်အပြန်အလှန် ပြောဆိုရာတွင် “ကျနော်တို့မှာဒါလေးပဲရှိတယ်။ ဒါလေးနဲ့ပဲလုပ်စားတယ်။ သူတို့ဒါကိုလုပ်လိုက်မယ်ဆိုရင် ကျနော်တို့ကို သတ်လိုက်နားအေးတယ်။ အသေခံမယ်။ ဘာမှမဖြစ်ဘူး။ မသတ်ဘူးဆိုရင်ခင်ဗျားတို့ ကျနော်တို့မြေကိုလာမလုနဲ့” ဟုပြောသည်။
ယခုတွင်ကယားပြည်နယ်အတွင်း မြေယာနှင့်ပါတ်သက်ပြီးအဓိက လုပ်ဆောင်နေသည့်ပြည်တွင်း CSOs နှင့်နယ်စပ် CBOs တို့ပူးပေါင်းပြီး မြေယာကော်မတီဖွဲ့စည်းပြီး မြေယာနှင့်ပါတ်သက်သည့် ဆွေးနွေးမှုများပြုလုပ်ကာ ပညာရှင်များနှင့် တိုင်ဆွေးနွေးပြီး မူကြမ်းတစ်ခုထွက်လာခဲ့သည်။
ထိုမူကြမ်းကို ကယားပြည်နယ်ရှိမြို့နယ်အားလုံးထဲမှ ဘောလခဲမြို့နယ်မှလွဲ၍ ကွင်းဆင်းကာဒေသခံလူထုများနှင့် တွေ့ဆုံအကြံဉာဏ်များ ရယူခဲ့သည့်မူကြမ်းမှာ ယခုဆိုလျှင် ကရင်နီမြေမူဝါဒ ထွက်လာနိုင်ခဲ့ပြီဟု ကရင်နီမြေယာကော်မတီမှ သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်စာမျက်နှာ (၁၀)တွင် နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ရေးထားသည်။
ထိုအချက်နည်းတူ ကယားပြည်နယ်ရှိမြေအများစုသည် တပ်ပိုင်မြေ၊ကုမဏီပိုင်မြေ၊ စီးပွားရေးလုပ်ငန်းရှင်များပိုင်မြေနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ပိုင်မြေများအများစုဖြစ်နေတာကို တွေ့ရသည်။
မြေကိုထုတ်ကုန်အနေဖြင့် စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုသာမြင်၍ အသုံးမပြုကြပဲဆင်းရဲမှုကို လျော့ချနိုင်ရန် မြေယာသိမ်းဆည်းမည့်အစား လူထုဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီထောက်ပံ့ခြင်း၊ မြေယာပြဿနာတွင် တပ်မတော်၏အခန်းကဏ္ဍ အရေးကြီးပုံနှင့်စီမံခန့်ခွဲထိန်းချုပ်မှုကို အစိုးရမှလူထုဖက်မှကူညီဖြေရှင်းပေးခြင်းများ ပြုလုပ်မည်ဆိုလျှင် မြေယာပြသာနာများ လျော့နည်းလာနိုင်ပါသည်။
မြေသည် လူတိုင်းအတွက် ဖြစ်၍လူတိုင်းသည် ဂုဏ်သိက္ခာရှိစွာနေထိုင်စားသောက်နိုင်ရန် မြေလိုအပ်သည်။ မြေမရှိပါကဂုဏ်သိက္ခာမရှိပဲ မနေထိုင်နိုင်၍ ငြိမ်းချမ်းမှု မရှိနိုင်ပါ။ ထို့အတွက်ကြောင့် ဌာနေ တိုင်းရင်းသားဒေသခံလူထုများအနေဖြင့် အစိုးရကိုဆန့်ကျင်ခြင်းမဟုတ်ပဲမိမိတို့၏ မြေကိုကာကွယ်ခဲ့၊ ကာကွယ်နေဆဲ၊ ကာကွယ်သွားခြင်းသာ ဖြစ်သည်။