ကယားထဲ ရေးသားသည်။
အနောက်အရပ်မှာက သစ်တောတွေ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာကတော့ ချောင်းတွေဝန်းရံစီးဆင်နေတယ်။ ရွာရဲ့ ပတ်ပတ်လည်လည်မှာ ဖာလံခြံတွေ၊ တောင်ယာတွေ ၊ရေထွက်ပေါက်တွေ၊ သဲကျောက်တောင်တွေနဲ့ သဘာဝအရင်းအမြစ်တွေက ဘေးပတ်ပတ်လည်လည်မှာ အပြည့်ရှိနေတဲ့ ဖားဖိုရွာဟာဆိုရင် ဖရူဆိုမြို့နယ်ရဲ့ အနောက်တောင် ဘက်ခြမ်းမှာတည်ရှိပါတယ်။
ဘေးပတ်ပတ်လည်လည်မှာ သဘာဝအဖိုးတန်သယံဇာတတွေရှိနေပေမယ့်လို့ ကျေးရွာရဲ့ အခြေခံအဆောက်အဦးတွေ၊ လူနေမှု အဆင့်တွေက ဖွံ့ဖြိုးတိုးတက်ဖို့လိုနေပါသေးတယ်။
သစ်တောတွေကြားထဲမှာနေနေကြပေမယ့်လို့လည်း အိမ်တွေကတော့ ဝါးထံရီအိမ်တွေပဲ ဖြစ်ပါတယ်။
ရေချောင်းတွေမြစ်ချောင်းတွေ ရေထွက်ပေါက်တွေရှိနေပေမယ့်လို့ ရွာနဲ့ဝေးတဲ့အတွက် ရေကို အဝေးကနေ ခက်ခက်ခဲခဲသွယ်ယူထားရတာဖြစ်ပါတယ်။ နွေရာသီဆိုရင်တော့ ရေရှားပါးတဲ့ဒဏ်ခံနေရပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အဲဒီရွာကိုရောက်ဖို့ဆိုရင် ပွင့်လင်းရာသီချိန်မှာတော့ ဆိုင်ကယ်နဲ့သွားလို့ရပေမယ့် မိုးရာသီမှာတော့ ခြေလျှင်ခရီးနဲ့ပဲသွားနိုင်ပါတယ်။
ဖားဖိုရွာဟာ သိုသီးဖိုကျေးရွာအုပ်စုထဲမှာပါရှိပြီးတော့ အိမ်ထောင်စု ၄၅ စု၊ ကျား ၁၁၄ ဦး၊ မ၁၀၈ ဦး နေထိုင်တဲ့ရွာဖြစ်ပါတယ်။
ဖားဖိုရွာတစ်ရွာတည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲတာမဟုတ်ပဲ တစ်အုပ်စုလုံးက လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတာဖြစ်ပါတယ်။ သိုသီးဖိုကျေးရွာအုပ်စုမှာဆိုရင် သိုသီးဖိုရွာ၊ ကေခီး၊ ပေခီး၊ ဒိုးမူခေါး၊ လားဖာထီး၊ ပရယ်ဆော်ခို၊ ဒိုးဖို၊ဖားဖိုရွာတို့ရှိကြပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးတွေက ပရဲ့လူမျိုးတွေဖြစ်ကြပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတာဖြစ်ပါတယ်။
သိုသီးဖိုကျေးရွာအုပ်စုဟာဆိုရင်မငြိမ်းချမ်းတဲ့နယ်မြေအဖြစ် အခုချိန်ထိ သတ်မှတ်ထားခံ နေရသေးတဲ့ ဒေသဖြစ်တဲ့အတွက် တခြားလိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှု မရခဲ့လို့ ဘာသာရေးခေါင်းဆောင်တွေကိုပဲ အားကိုးအားထားလာခဲ့ရတဲ့ရွာတွေဖြစ်တယ်လို့ သိုသီးဖိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောဒိုဟာက ပြောပါတယ်။
“ဘာသာတရားကိုပဲ အားကိုးခဲ့ရတာပိုများတယ်။ အခုဒီတစ်နှစ် နှစ်နှစ်အတွင်းပြီးမှ ကျေးလက်ကျန်းမာရေးပြန်ချပြီးနောက် အစိုးရကိုပြန်မှီခိုရတာပေါ့။ အဲဒီမတိုင်ခင်တုန်းကဆို ဆေးတွေကတော့ ကက်သလစ်အရာစီဘုန်းကြီးကျောင်းကနေပဲ ဝင်ခိုနားရတယ်။”လို့ ဦးစောဒိုဟာက ပြောပါတယ်။
၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာသာ အစိုးရပညာရေးဌာနဝန်ထမ်းတွေ တဖြည်းဖြည်းရောက်လာတာလို့ ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်အတွက် အစိုးရပညာရေးဌာနဆိုင်ရာမှ ဝန်ထမ်းများအတွက်လည်း သွားလာရေးအခက်အခဲရှိနေကြပါတယ်။
ကျေးလက်ဆေးပေးခန်းတွေမရှိတဲ့အတွက်လည်း ရွာမှာ ဖျားနာတဲ့ လူနာရှိရင် နီးစပ်ရာ ကေကော်တိုက်နယ်ဆေးခန်းကို လူတွေနဲ့ထမ်းပြီးခေါ်သွားရလို့ ဦးစောဒိုဟာက ပြောပါတယ်။
ဦးစောဒိုဟာက ” တောင်ပေါ်ဒေသဆို နွေဆိုတော့နည်းနည်းဟုတ်ပါသေးတယ်။ မိုးတွင်းဆိုရင်တော့ ခက်တယ် တချို့က လူနဲ့ထမ်းသွားရတာပိုများတယ်။ အရင်တုန်းကဆိုရင် ဗမာပြည်က လာတဲ့ဆရာ/မဆိုသူ့ခမျာမလာနိုင်လို့ ကျနော်တို့ထမ်းပြီးပို့ရတယ်။” လို့ ပြောပါတယ်။
လူထုဗဟိုပြုစီမံကိန်းက လုပ်တဲ့ ကျေရွာဖွံ့ဖြိုးရေး အစီစဉ်တွေမှာ ဖရူဆိုအနောက်ဘက် ပရဲ့မျိုးနွယ်စုတွေနေထိုင်ကြတဲ့ဒေသဟာဆိုရင် အများစု လမ်းကိုပဲတောင်းဆိုကြတယ်လို့ ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးမောင်ပိုက ပြောပါတယ်။
၎င်းက “ဝေးလံခေါင်းပါးတဲ့နေရာတွေမှာတော့ လမ်းတွေမပေါက်သေးတဲ့အတွက် လမ်းတောင်းတာတွေကြားရတယ်။”လို့ပြောပါတယ်။
လက်ရှိဖရူဆိုမြို့နယ်အတွင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်သိန်း ၆ သောင်းလျာထားပြီး ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လမ်းပန်းဆက်သွယ်ရေးအတွက် ကျပ်သိန်း ၂ သောင်း ခွဲတန်းဖြင့် ဆောင်ရွက်ရန်ရှိသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆားမူက ပြောပါသည်။
” ဖရူဆိုမြို့နယ်အနေနဲ့ သိန်း၆သောင်း ကိုအနောက်ဘက်မဲဆန္ဒနယ် အတွက်သိန်း၂သောင်းက လမ်းလုပ်မယ် အဆင့်မြင့် ကတ္တရာလမ်းခင်းဖို့ပြောထားတယ်။ သိန်း၂သောင်းကရေနဲ့ တစ်မြို့လုံးအတွက်ပေါ့။ ဘယ်တော့လဲဆိုတော့ အခုတော့ကွင်းဆင်းနေပြီပဲ။”ဟု ပြောပါသည်။
ကျပ်သိန်း ၆ သောင်းကို တခြား ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေးစီမံကိန်းများလည်း အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းသိရပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံတွေရဲ့ အခက်အခဲတွေအားလုံးထဲက လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေတဲ့အတွက်ကြောင့် အစိုးရအနေဖြင့် ဒေသခံများအတွက် သွားလာရေးအဆင်ပြေလွယ်ကူစေရန် မြေပြိုကျပျက်စီးသွားသည့် နေရာများကိုလည်း စက်ယန္တာယားတွေနဲ့ ဆောင်ရွက်ပေးစေလိုတယ်လို့ ဒေါမူခေါရွာမှ မောင်ကျော်လွှီးဇီက ပြောပါတယ်။
မောင်ကျော်လွီးဇီက ” အဓိက ဒီလမ်းပန်းဆက်သွယ်ရေးပဲ ဒီအုပ်စုအတွင်း ပြန်လည်ထိုးပေးဖို့ပြောချင်တယ်။” လို့ပြောပါတယ်။
သိုသီးဖိုကျေးရွာအုပ်စုထဲမှ ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပြသနာအပြင် နောက် စိတ်အနှောက်ယှက်ဖြစ်စရာ၊ ပူပန်စရာတခုလည်း ရှိနေပြန်ပါတယ်။
အကြောင်းကတော့ အဲဒီဒေသဘက်မှာ လမ်းတွေတိုင်း သီးနှံခွန်တွေကို ကောက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေကြလို့ဖြစ်ပါတယ်။
ယခုလို နိုဝင်ဘာလ ၊ ဒီဇင်ဘာလဆိုရင်တော့ သူတို့ရဲ့ ဖာလာသီးနှံရိတ် သိမ်းချိန်ဖြစ်ပြီးတော့ သီးနှံတွေကို မြို့ပေါ်တက်ရောက်ကြတဲ့အချိန်ပါ။
သီးနှံပေါ်ချိန်အတွင်းမှာ ဝင်ငွေအများဆုံးရတဲ့အချိန်လို့ဆိုပေမယ့်လည်း သိုသီးဖိုကျေးရွာအုပ်စုတစ်ခုတည်းမဟုတ်ပဲ တခြား ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၂၆ ရွာလုံးဟာဆိုရင် သီးနှံခွန်ကောက်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေကြောင့် စိတ်ပူပန်နေကြရတဲ့အချိန်ဖြစ်နေပြန်တယ်လို့ ကေကောကျေးရွာမှ ဦးပရယ်ဖားက ပြောပါတယ်။
“ကေကောနဲ့ယာဒိုကြားလမ်းမှာ မိုင် ၂၀ ပဲရှိတယ်။ အဲဒီမိုင် ၂၀ ထဲမှာ ကေကောကနေ ၂ ဖာလုံမှာ တစ်ဂိတ် ရှိတယ်။တစ်မိုင်အကွာမှာ တစ်ဂိတ်ရှိတယ်။ နောက် ထပ်တစ်မိုင်အကွာမှာ တစ်ဂိတ်ရှိတယ်။ ကျနော်တို့ အနောက်ဘက်ရွာမှာဆိုရင် ၂၆ ရွာပဲရှိတယ်။ ဒီ ၂၆ ရွာကို အနိုင်ကျင့်ကြမလားပေါ့။ တခြားလမ်းကနေထွက်မယ်ဆိုရင်လည်း ဟိုယာကနေဆို နှစ်ဂိတ်ရှိတယ်။ ဒါလည်း အနိုင်ကျင့်ခံနေရတဲ့သဘောပါပဲ။” လို့ ဦးပရယ်ဖားက ပြောပါတယ်။
သီးနှံတွေကို သယ်သွားဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ကြားက လုပ်ကိုင်စားသောက်ဖို့ ရလာတဲ့ ဝင်ငွေတွေအပေါ် အခွန်ပြန်ပေးဆောင်ရတာဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ ဒေသမှာ အခုလို သီးနှံပေါ် အခွန်ထပ်မံပေးဆောင်ရတာကလည်း ဒေသခံတွေဝန်ပိုပိစေတဲ့ အကြောင်းရင်းတခုပဲဖြစ်ပါတယ်။