“ပြည်နယ်အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နားလည်အောင်လည်းမကြိုးစားခဲ့သလို အရေးတယူနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် တွေကို သူတို့နဲ့မဆိုင်သလို သဘောထားတဲ့ကိစ္စပါဘဲ။”
NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့တာဝန်စတင်ယူစဉ် ကာလကနေ အခုချိန်ထိ ကယားပြည်နယ် (ကရင်နီပြည်) မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဘယ်လောက် အထိလုပ်နိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။
KT – NLD အစိုးရ စတက်လာတော့ ကရင်နီပြည်ညီလာခံကိုလုပ်ခဲ့တယ်နော်။ အဲ့ဒီမှာ ကရင်နီပြည် အမည်နာမ ပြန်လည်ခေါ်ဆိုရေးအပါအဝင် အချက်တော်တော်များများကိုအတည်ပြုခဲ့ကြတယ်။ မီဒီယာနဲ့တွေ့ဆုံတဲ့ နေရာ မှာလည်း ဆရာတို့ဘက်က ဒီအစိုးရလက်ထက်မှာ ပူးပေါင်းတာတွေအများကြီးလုပ်နိုင်မယ်လို့ပြောခဲ့တယ်။ ဆိုတော့ အခုအစိုးရက သက်တမ်းကုန်တော့မယ်၊ ဒီကြားထဲဆရာတို့ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြလဲ။
SMT – NLD အစိုးရ မတက်လာခင်ကတည်းကကျနော်တို့ ပဏာမအပစ်အခတ်ရပ်စဲရေးလုပ်ပြီး လူထုနဲ့တွေ့ဆုံ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့အစိုးရသက်တမ်းကတည်းက ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ကရင်နီ ပြည်ညီလာခံလုပ်တယ်ဆိုတဲ့ကိစ္စက ညီလာခံတစ်ရပ်ကိုနေ့ချင်းညချင်း ပြင်ဆင်ကျင်းပနိုင်တာတော့မဟုတ်ပါဘူး။
ပဏာမတွေ့ဆုံညှိနှိုင်း အစည်းအဝေးတွေ၊ ပြင်ဆင်ရေးညှိနှိုင်း အစည်းအဝေး၊ အဲ့ဒီ ကမှတဆင့် မြို့နယ်အ ဆင့်ညီလာခံ (၃)ခုအပေါ်အခြေခံပြီး ပြည်နယ်ညီလာခံကိုကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဒီအခြေ အနေကိုကြည့်မယ်ဆိုရင် ကျနော်တို့တွေဟာပြည်နယ်ညီလာခံအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်နယ်ညီလာခံကို ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့တာဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅-နိုဝင်ဘာရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမဲ့ ဒီဇင်ဘာမှာ အစိုးရဖွဲ့နိုင်သေးတဲ့အနေအထားမရှိသေးပါဘူး။
ဒီတော့ ကျနော်တို့ပြည်နယ်ညီလာခံကျင်းပ တဲ့အချိန်ဟာ NLD အစိုးရ ပီပီပြင်ပြင်မဖွဲ့စည်းနိုင်ခင်ကတည်းက ကျင်းပခဲ့တယ်လို့ပြောလို့ရပါတယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ NLD အစိုးရအပေါ်မှာ မူလကတော့ လူထုကရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အပြင် သူတို့အစိုးရတက်လာရင် အရေးတကြီးဆောင်ရွက်မဲ့ကိစ္စရပ် ၃ ခုထဲမှာ မြန်မာနိုင်ငံရဲ့ငြိမ်း ချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ဖော်ပြထားတဲ့အတွက် အများကြီးမျော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့တကယ် တမ်းကျတော့ NLD အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပါတ်သက်ရင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိခဲ့ပါတယ်။ အားအနည်းဆုံးလို့ပြောလို့ရတဲ့အချက်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နားလည်မှု ရအောင်မကြိုးစားခဲ့တာပါဘဲ။ ဒီတော့ တစ်နှစ်တောင်မပြည့်တော့တဲ့ လက်ကျန်ကာလအတွက် ကျနော်တို့ အနေနဲ့ သိပ်ပြီးမျှော်လင့်ချက်မထားတော့ပါဘူး။
KT – ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာဘာတွေ အခက်အခဲ ရှိလဲခင်ဗျ။ အဓိကစိန်ခေါ်မှုကဘာတွေဖြစ်မလဲ။
SMT – ပြည်နယ်အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နားလည်အောင်လည်းမကြိုးစားခဲ့သလို အရေးတယူနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် တွေကို သူတို့နဲ့မဆိုင်သလို သဘောထားတဲ့ကိစ္စပါဘဲ။ ပြီးခဲ့တဲ့ အစိုးရနဲ့ချုပ်ခဲ့တဲ့ စာချုပ်ပါသဘောတူညီချက်တွေကို နားလည်အောင် မကြိုးစားတဲ့အပြင် သူတို့နဲ့မဆိုင်သလို သဘောထားနေတဲ့အတွက် ပြီးခဲ့တဲ့အစိုးရနဲ့ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ ခဲ့ကြတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဒီအစိုးရလက်ထက်မှာ အကောင်အထည်ဖော်ဖို့ ခက်ခက်ခဲခဲနဲ့ ဆောင် ရွက်ခဲ့ရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကျနော်တို့က သဘောထားမပြည့်ဝတဲ့ အစိုးရနဲ့တွေ့နေတယ်လို့တောင် ပြောချင်ပါတယ်။ အစိုးရရဲ့လုပ်ရပ်တချို့ကို ကျနော်တို့ကန့်ကွက်ခဲ့တဲ့အပေါ်မှာ ကျနော်တို့လုပ်တဲ့ လူထုဖွံ့ဖြိုးရေး လုပ်ငန်းကို တားဆီးပိတ်ပင်မှုတွေ လုပ်တာတွေ့ရတဲ့အတွက်ပါ။ ဒီတော့ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုမှာ အထစ်အငေါ့တွေ အများကြီးရှိခဲ့ပါတယ်။
အဓိက စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အခက်အခဲအကျပ်အတည်းကြားက လုပ်နေရတဲ့ကျနော်တို့အပေါ်မှာ သဘောထားမကြီးနိုင်တဲ့ ပြည်နယ်အစိုးရရဲ့စေတနာနဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ် မှာ ကြုံတွေ့ရတဲ့အကျပ်အတည်းလို့ ပြောရမှာဘဲ။
KT – နှစ်ဦးနှစ်ဘက် သဘောတူစာချုပ် Bilateral Agreement က ဆရာတို့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လောက်အထိအထောက်အကူဖြစ်စေလဲ။
SMT – Bilateral Agreement က ကျနော်တို့အဖို့တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတော်အထောက်အကူပြု တယ်လို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NCA မထိုးရသေးပေမဲ့ ပြည်နယ်ရဲ့အခြေအနေကို တစ်စုံတစ်ရာ အတိုင်းအတာအထိ တည်ငြိမ်အောင်ထိန်းထားနိုင်တာဟာ ဒီသဘောတူညီချက်ကြောင့် လို့ပြောလို့ရပါတယ်။ အစိုးရဘက်က တပ်ဘက်က ဒီသဘောတူညီချက်အပေါ်မှာ အလေးထားမှုအပိုင်းမှာ အားနည်းချက်ရှိပေမဲ့ ကျနော်တို့ကတော့ ကိုယ်လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်ဆိုတော့ တတ်နိုင်သမျှ အလေးထားလိုက်နာပါတယ်။ ဒီလိုလိုက်နာတဲ့အတွက်ကြောင့်လည်း ပြဿနာအခက်အခဲတွေကို သည်းခံမှု နဲ့ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
KT – ဆရာတို့KNPP အနေနဲ့ NCA မထိုးလို့ အခွင့်အရေးတွေသိပ်မရတာလို့ ဝေဖန်ခံနေရတာတွေရှိတယ်။ အဲ့ဒီအပေါ်ဆရာဘာများပြောချင်လဲ။
SMT – အမှန်အတိုင်းပြောရရင် ဒီအပေါ်မှာ တော့ သိပ်သဘောမကျပါဘူး။ အစိုးရက NCA ကို အခွင့်အရေးတစ်ခု အနေနဲ့ အသုံးမချစေချင်ဘူး။ အခွင့်အရေးလိုချင်လို့ NCA ထိုးရတယ်ဆိုတာမျိုးက ဘယ်လိုစစ်မှန်တဲ့ငြိမ်းချမ်း ရေးကိုတည်ဆောက်နိုင်ပါတော့မလဲ။ သေချာတာကတော့ KNPP အနေနဲ့က အခွင့်အရေးလိုချင်ယုံနဲ့တော့ NCA ထိုး မှာမဟုတ်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်တော့ တဖက်နဲ့တဖက်မြင်အောင် ကြည့်ပါ။ နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ပါ “သင်ကောင်းလျှင် ကျွန်ုပ်တို့မဆိုးပါ” လို့ပြောလိုပါတယ်။
KT – သိပ်မကြာခင်မှာ ၂၁ ပင်လုံ စတုတ္ထအကြိမ်ညီလာခံလုပ်မယ်လို့ အစိုးရဘက်ကပြောဆိုထားတာတွေရှိ တယ်။ ဆရာတို့အနေနဲ့ပင်လုံကို တက်ဖို့ရှိလား။ တက်မယ်ဆိုလည်းဘယ်ပုံစံနဲ့တက်ဖြစ်မလဲပေါ့။
SMT – တတိယ အကြိမ်တုန်းက ကျနော်တို့တက်ခဲ့ပါတယ်။ လောလောဆယ်တော့ ပြောဖို့စောပါသေးတယ်။ ကျနော်တို့ကို ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်စေမလဲဆိုတာက အရေးကြီးပါတယ်။ ကျနော်တို့ အနေနဲ့က တော့ NCA မထိုးရသေးပေမဲ့ ပြည်နယ်တစ်ခုရဲ့အမျိုးသားများကို တစ်စုံတစ်ရာကိုယ်စားပြုနေတဲ့ အနေအထားရှိတော့ ကရင်နီပြည်နယ်နဲ့ ကရင်နီအမျိုးသားများရဲ့ အခန်းကဏ္ဍအတွက် ဘယ်လောက် နိုင်ငံရေး အာမခံချက်တွေ ရမလဲဆိုတာရယ်၊ ဒီညီလာခံကြီးက စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုအထောက်အကူပြုတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို ဆွေးနွေးမလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့် မယ်။
KT – တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ညီလာခံဖြစ်နိုင်ပါ့မလား။ ရခိုင်ဘက်မှာ AA နဲ့ အစိုးရတပ် စစ်ပွဲတွေ က ပိုပြင်းထန်လာနေသလို၊ KNPP အပါအဝင် မြောက်ပိုင်းအဖွဲ့က NCA မထိုးရသေးတာတွေရှိနေ တော့လေ။ ဆရာ့အမြင်လေးသိပါရစေ။
SMT – ဒီ ညီလာခံဟာလည်း တနိုင်ငံလုံးအတိုင်းအတာဆောင်ဖို့တော့ မဖြစ်နိုင်လောက်သေးပါဘူး။ ရခိုင်မှာဖြစ် နေတဲ့ ပြင်းထန်တဲ့လက်နက်ကိုင်ပဋိပက္ခတွေကို အချိန်တိုအတွင်းဖြေရှင်းနိုင်မဲ့အလားအလာမရှိ သေးတာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်တွေချုပ်ဆိုဖို့မဖြစ်နိုင်သေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ “ဝ” ပါဝင်လာနိုင်ရေးမသေချာသေးတာတွေရယ်ကြောင့် တနိုင်ငံလုံးအတိုင်း အတာဆောင်တဲ့ ညီလာခံမဖြစ်နိုင်သေးပါဘူး၊ နောက်တခါ ပြီးခဲ့တဲ့ ညီလာခံတွေရဲ့အား နည်းချက်တွေကို ကြည့် လိုက်ရင် ညီလာခံကိုပုံဖော်တဲ့အပိုင်း၊ ဆွေးနွေးတဲ့အကြောင်းအရာ၊ ပြင်ဆင်ရတဲ့အပိုင်း တွေမှာ အားနည်းချက် တွေရှိခဲ့တဲ့အပြင် အဓိက က နိုင်ငံရေးမူဘောင်ကို ကျေကျေလည်လည်ပြန်ပြင် ဆင်နိုင်တဲ့အနေအထား မရှိသေး တာနဲ့ NCA စာချုပ်ပါ သဘောတူညီချက်တွေကို အစိုးရနဲ့စစ်တပ်က လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနေတာတွေ ကြောင့် ညီလာခံဟာ တနိုင်ငံလုံးအတိုင်းအတာဆောင်ဖို့ အခက်အခဲရှိနေဦးမှာပါ။
KT – ဒီအစိုးရလက်ထက်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေကိစ္စတွေကို ဘယ်အတိုင်း အတာ အထိဖော်ဆောင်နိုင်တယ်လို့ ဆရာ့အနေနဲ့မြင်လဲ။
SMT – အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေဖြစ်နေတဲ့ အမျိုးသားတွေကြားမှာ အင်အားစုတွေကြားမှာ ပြန်လည်စည်းလုံးညီညွတ်ရေးကိုတည်ဆောက်တယ်လို့ပြောရမှာပါ။ ဒီတော့ ဒီအစိုးရဟာ အမျိုးသားရင် ကြားစေ့ရေးထားလိုက်ဦး ပါတီတွင်းစည်းလုံးညီညွှတ်ရေးတောင် ခိုင်မာအောင်တည်ဆောက်နိုင်တာမတွေ့ရပါဘူး။ အစိုးရအကြီးအကဲမဖြစ်သင့်မဖြစ်ထိုက်သူတွေကိုနေရာပေးတော့ ပြည်နယ်တွေမှာ အစိုးရနဲ့လူထုတွေ ပို တောင်ဝေးကွာသွားတာတွေ့ရမှာပါ။ ဒီတော့ ဒီအစိုးရကိုလက်ရှိကြည့်ရတာ ပြည်နယ်တွေနဲ့ တိုင်းရင်း သားဒေသတွေမှာလူထု၊ အထူးသဖြင့် တိုင်းရင်းသားတွေယုံကြည်မှုကျဆင်းလာတာ သိသိသာသာတွေ့ရပါ တယ်။ အစိုးရအနေနဲ့လည်း တိုင်းရင်းသားများနဲ့ အမျိုးသားရင်ကြားစေ့ရေးတည်ဆောက်တာထက် ကိုယ့်လူ တွေအပေါ် အကာအကွယ်ပေးတာတွေနဲ့ ပြဿနာရှင်းရတာတွေနဲ့ဘဲ လုံးပမ်းနေတာတွေ့ရပါတယ်။
ငြိမ်းချမ်းရေးနဲ့ပါတ်သက်ရင်လည်း ဒီအစိုးရရဲ့လုပ်ကိုင်ပုံနည်းနာတွေမှာ လှစ်ဟာကွက်တွေ အများကြီး တွေ့ရတယ်။ အထူးသဖြင့် စေ့စပ်ညှိနှိုင်းရေးသမားတွေနဲ့ ထိပ်ဆုံးကဆုံးဖြတ်ချက်ချတဲ့ ခေါင်းဆောင် တွေကြား က အချိတ်အဆက်ဟာ ကွင်းဆက်ပြတ်နေတယ်။ စေ့စပ်ညှိနှိုင်းရေး လုပ်နေတဲ့သူတွေရဲ့ လုပ်ပိုင်ခွင့် တွေဟာ အရင်အစိုးရလောက်တောင် ပြတ်ပြတ်သားသားမရှိတာတွေ့ရတယ်။ အဆိုးဆုံးက အစိုးရဝန်ကြီးတွေ ဟာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ အထိအတွေ့အဆက်အဆံမရှိတာဘဲ၊ တယောက် အကြောင်း တယောက် မသိမှတော့ သိအောင်လည်းမကြိုးစားမှတော့ အိတ်ပေါက်နဲ့ဖားကောက်တဲ့ ငြိမ်းချမ်းရေးလို ယုံကြည်မှုမတည်ဆောက်နိုင်၊ ပြတ်သားတဲ့ခေါင်းဆောင်မှုနဲ့ လမ်းစဉ်လည်းမရှိတော့ စစ်တပ်က ပိုမိုလုပ်ပိုင် ခွင့်ဝင်ယူနဲ့ ငြိမ်းချမ်းရေးဟာ နောက်ဆုံးတော့ ရှေ့မဆက်နိုင်ဘဲ ထိရောက်တဲ့ဖြစ်ပေါ်တိုးတက်မှုတွေကို မတွေ့မြင်ရဘဲရှိနေပါတယ်။
KT – KNPP ကို အစိုးရက NCA ထိုးဖို့ကမ်းလှမ်းလာမယ်ဆိုရင်ရော ဆရာတို့လက်မှတ်ထိုးဖြစ်မလား။ ဘယ်လို အခြေအနေရှိလဲဗျ။
SMT – NCA ထိုးဖို့တောက်လျှောက်ပြောနေတာဘဲ ဒါပေမဲ့ ကျနော်တို့ပြောနေတာက ကျနော်တို့ထိုးချင်အောင် ဘာလုပ်ပြသလည်း၊ NCA ထိုးဖို့ဆိုရင် အစိုးရ၊ စစ်တပ်၊ ကျနော်တို့ကြားမှာ ယုံကြည်စိတ်ချမှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံရေးပါတ်ဝန်းကျင် အခင်းအကျင်းရှိနေရမှာဖြစ်သလို ပြည်သူလူထုတွေရဲ့ ဘဝတွေဟာ လုံခြုံအေးချမ်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေရမယ်။ အခုကျနော်တို့ပြည်နယ်ရဲ့အနေအထားတွေကို ကြည့်လိုက်ပါ။ အစိုးရနဲ့ လူငယ်တွေ၊ လူထုတွေရဲ့ ပြဿနာတွေ၊ စစ်တပ်နဲ့ လယ်သမားတွေရဲ့ ပြဿနာတွေ ကျ နော်တို့နဲ့ အစိုးရကြားယုံကြည်မှုတည်ဆောက်ရမဲ့ ကိစ္စတွေ အများကြီး လုပ်စရာကျန်သေးတယ်။ ဒီကိစ္စတွေ မဖြေရှင်းဘဲနဲ့ လက်မှတ်ထိုးရင်ပြီးရောဆိုတာမျိုးလုပ်လို့မရပါဘူး။ လက်မှတ်ထိုးတယ်ဆိုတာ တဖက်နဲ့ တဖက် ပိုမိုခိုင်မာတဲ့ယုံကြည်မှုတွေရအောင် သဘောတူညီမှုအတွေအပေါ်မှာ နှစ်ဖက်က ခိုင်ခိုင်မာမာကတိပြုကြတာ မျိုးဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ ပြဿနာလေးတွေတောင်မဖြေရှင်းပေးဘဲနဲ့ NCA လက်မှတ်ထိုးပါ ဆိုတော့ ပိုပြီး ခိုင်မာတဲ့ ပြည်ထောင်စုအဆင့်ကတိကဝတ်တွေကို ဘယ်လိုယုံကြည်မှုနဲ့ အကောင်အထည် ဖော်ကြမလဲဆိုတဲ့ပြဿနာရှိပါတယ်။
KT – တစ်နိုင်လုံးအတိုင်းအတာဆောင်ပြီး ဆိုင်ရာအစုအဖွဲ့တွေအားလုံးပါဝင်တဲ့ (All Inclusive) ငြိမ်းချမ်း ရေးဖြစ်စဉ်ကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့မြင်လဲဗျ။
SMT – ဒီအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အစကတည်းကရပ်တည်ခဲ့သလို အခုချိန်အထိ လည်း ဒီသဘောထားရှိနေဆဲပါ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ဆိုပြီး ရသလောက်အဖွဲ့တွေ နဲ့ လက်မှတ်ထိုး ငြိမ်းချမ်းရေးကွက်ကြားမိုးရွာနေခဲ့တော့ အခုဆိုငြိမ်းချမ်းရေးအနေအထားက NCA စာချုပ် စတင်ညှိနှိုင်းတဲ့ ၂၀၁၃ ဝန်းကျင်အခြေအနေထက်ပိုဆိုးနေတာတွေ့ရမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖက်က ဘယ်အဖွဲ့ကမှ ငြိမ်းချမ်းရေးအတွက်မညှိနှိုင်းဘူး။ တိုက်ဘဲတိုက်မယ်လို့မပြောခဲ့ပါဘူး၊ မညှိနှိုင်းခဲ့တဲ့အဖွဲ့ တွေလည်းမဟုတ်ပါဘူး၊ ဒီတော့ စစ်ပွဲဟာ အဆုံးမဖြတ်မပေးနိုင်ဘူး အကယ်၍ အဆုံးအဖြတ်ပေးခဲ့သည့် တိုင်အောင် သမိုင်းမှာ ကြီးမားတဲ့ ဒဏ်ရာအနာတရတွေကိုပေးခဲ့နိုင်တယ်ဆိုတာ အစိုးရရော စစ်တပ်ရော သဘောပေါက်ဖို့လိုပါတယ်။ ဒီတော့ ပြဿနာထဲမှာပါဝင်တဲ့ အင်အားစုတိုင်းရဲ့ ရပ်တည်ချက်နဲ့သဘောထား ကို အစိုးရနဲ့စစ်တပ်က သေခြာလေ့လာဆန်းစစ်ပြီး စေတနာမှန်နဲ့ စေ့စပ်ဆွေးနွေးဖို့လိုတယ်။ တောက်လျှောက် အထက်စီးက ဆွေးနွေးခဲ့တော့ ဆွေးနွေးပွဲပေါင်းများစွာလုပ်ခဲ့ပေမဲ့ အဖြေမထုတ်နိုင်ခဲ့တာ တွေ့ရမှာပါ။
စေ့စပ်ညှိနှိုင်းတဲ့အခါမှာလည်း နှစ်ဘက်က လျှော့နိုင်သလောက်တော့လျှော့ဖို့လိုတာပေါ့ ဘုံသဘော ထားမျှခြေ ကျနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှုရှိကိုရှိတယ်လို့ ကျနော်တော့ယုံကြည်ပါတယ်၊ ဒါကြောင့် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တည်ဆောက်နိုင်ဖို့ဆိုရင်တော့ လက်ရှိပစ်ခတ်တိုက်ခိုက်မှုတွေလျှော့ချ၊ တဘက်ရဲ့ရပ်တည် ချက်ကို တဘက်က မြင်အောင်ကြည့် တိုင်းပြည်အပေါ်အမှန်တကယ်စေတနာထား၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူတွေချ၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်၊ မှန်ကန်တဲ့စေ့စပ်ညှိနှိုင်းမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စားပွဲဝိုင်းကိုဆင့်ခေါ် နှစ်ဘက် သဘောထားကြီးကြီးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ် စတဲ့အဆင့်တွေကိုလုပ်ဖို့လိုမယ်လို့မြင်ပါတယ်။