မော်ဦးမြာ
တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေအနေနဲ့ အခက်အခဲက ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အလုံအလောက် မရှိတဲ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကော်မတီဝင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) မှ ဒါရိုက်တာ ခွန်းဖီးလစ်က ပြောပါတယ်။
“ ကျတော်တို့ တွဲလုပ်တဲ့နေရာမှာတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ အစိုးရကျန်းမာရေးဖက်မှာတော့ ဖိအားပေးခံရတာတွေ တခါတလေရှိတယ်။ CHDN က လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပေးမလုပ်နဲ့ဆိုတဲ့ ကိစ္စတွေကို တခါတလေ ကျတော်တို့ ပြန်ကြားရတယ်။ KNPP က NCA လက်မှတ် မထိုးထားတဲ့အတွက် တချို့ ကိစ္စတွေမှာဆိုရင် လက်မှတ်ထိုးခိုင်းလိုက် အဲ့ဒါမှ တချို့ Activity တွေက ပိုပြီးမှ တွဲပြီးလုပ်လို့ရတယ် အဲ့လိုမျိုးတွေပေါ့ သူတို့ဖက်က ဒါပေမဲ့ကျတော်တို့ကတော့ တကယ့် နိုင်ငံရေးနဲ့ မဆိုင်ဘူး ကျတော်တို့က အဓိက ကျန်းမာရေးလုပ်ငန်းကိုပဲ တွေးတာပေါ့။” လို့ ခွန်းဖီးလစ်က ဆက်ပြောပါတယ်။
ကိုဗစ်ရောဂါက လူသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ လုံခြုံမှုနဲ့ လွတ်လပ်စွာ လုပ်နိုင်မဲ့ အခင်းအကျဉ်းကို ရရှိထားဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားကျန်းမာရေးကော်မတီ ဒုဥက္ကဌ နိုင်ဗညားမွန်က ပြောပါတယ်။
၎င်းက “စိန်ခေါ်မှုကတော့ အများကြီးပဲ။ ဒါပေမဲ့ စိန်ခေါ်မှု အများကြီးထဲက အခက်အခဲက ဒီကိုဗစ်ရောဂါ ကာကွယ် လုပ်ဆောင်တဲ့နေရာမှာ ကျတော်တို့ တစ် အချက်က အဟန့်အတား မရှိပဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်တဲ့ အခင်းအကျဉ်းမျိုးကိုတော့ လိုတယ်။” လို့ ပြောပါတယ်။
တိုင်းရင်းသားကျန်းမာရေးကော်မတီမှ မေလ ၆ ရက်နေ့ပါ ရက်စွဲဖြင့် “ အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်အပေါ် တိုင်းရင်းသားကျန်းမာရေးကော်မတီ၏ သဘောထား ထုတ်ပြန်ချက်”ဆိုတဲ့ ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲတွင် ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေးဖို့ အချက်အပါအဝင် ၃ ချက်ဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်များအားလုံး ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားကျန်းမာရေးကော်မတီ ဒုဥက္ကဌ နိုင်ဗညားမွန်က ပြောပါတယ်။
“ကျတော်တို့ နိုင်ငံမှာလည်း ဒီရောဂါကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် ဒီလုံခြုံမှုအရ သော်လည်းကောင်း ဒီ့အပြင် အတားအဆီးတွေ မရှိဖို့ နောက်ပြီး ကျတော်တို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တပ်မတော်တွေကို အဓိက အပစ်ရပ်ဖို့ ကျတော်တို့ တောင်းဆိုတာ ဖြစ်တယ်။”လို့ နိုင်ဗညားမွန်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ရောဂါကာကွယ်ရေးအတွက် ထားရှိတဲ့ စစ်ဆေးရေး စခန်း (၂) ခုကို တပ်မတော်က မီးရှိူ့ ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ ကျေးလက်နေ လူထုတွေကို ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာမှာလည်း တပ်မတော်မှ မယူဖို့ လူထုတွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ နိုင်ဗညားမွန်က ပြောပါတယ်။
တိုင်းရင်းသားကျန်းမာရေးကော်မတီမှာ ကယား(ကရင်နီ) ပြည်နယ်မှ ကရင်နီတိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ကနေ ဖွဲ့စည်းထားတဲ့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) အပါအဝင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။