ကန္တရဝတီတိုင်း(မ်)
ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကို ပြည်နယ်အစိုးရကနေပြီး လယ်မြေပေါ် နေအိမ်ဆောက်လုပ်တဲ့အတွက် ဥပဒေအရ ဒဏ်ငွေမပေးဆောင်ပါက တရားစွဲဆိုခံရမယ်လို့ ညွန်ကြားထားကြောင်းသိရပါတယ်။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မလျှောက်တာကြောင့် ဒဏ်ငွေပေးဆောင်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပြီး ငွေကြေးမတတ်နိုင်တာကြောင့် သက်ညှာစဉ်းစားပေးဖို့ အသနားခံစာကို ပြည်နယ်အစိုးရကိုတင်ပြထားပေမယ့် အဆင်မပြေဘူးလို့ ဒေါ်စူးမြာက ပြောပါတယ်။
“ရုံးကခေါ်တယ်ပေါ့ ကျမကအရမ်းစိတ်ညစ်ရတယ် သုံးလေးခါလောက်ခေါ်နေပြီ ဟိုမှာသွားရင်လည်းကျမက ဗမာစကားမတတ်တော့ပိုတောင်ဆိုးသွားတယ်ပေါ့။ သူတို့က ငွေကြေးပေးရမယ်ဆိုပြီးပြောလာတယ် ကျမက ၉သိန်းကိုလျော့ပြီးတော့ တစ်သိန်းနှစ်သိန်းပဲပေးနိုင်တာကိုပြောလည်း သူတို့ကလက်မခံဘူး ဆိုတော့ ၉သိန်းအပြည့်အဝပေးရမယ်သူတို့ကပြောလာတယ်ပေါ့။ ရုံးကိုသွားတဲ့အချိန်ကျတော့ ဗမာစကားမတတ်တော့ ဌားပြီးသွားရတာပေါ့” လို့ ဆိုပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့်လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကိုလည်း မသိရှိဘူးလို့ ၎င်းကဆိုပါတယ်။
၂၀၁၃ခုနှစ်ကတည်းက လယ်ယာမြေပေါ်မှာ အခုလို အိမ်ဆောက်လုပ်ပြီး နေထိုင်တဲ့အတွက် ပြည်နယ်အစိုးရက ၂၀၁၂လယ်ယာမြေဥပဒေ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ဒဏ်ငွေ ၉သိန်း ပေးဆောင်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဒဏ်ငွေမပေးဆောင်ဘူးဆိုရင် တရားစွဲဆိုခံရမှာဖြစ်ပြီး အိမ်ကိုလည်း ဖြိုဖျက်တဲ့အခြေအနေဖြစ်လာမယ်လို့ သိရပါတယ်။
သို့သော် လက်ရှိ အိမ်ဆောက်ထားတဲ့မြေက ရွာမြေဖြစ်ပြီး နေထိုင်တဲ့အခါမှာအဆင်ပြေဖို့အတွက် လယ်ယာမြေဥပဒေအရ ပုံစံ (၇)လက်မှတ်ရရှိဖို့အတွက်လည်း ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးကနေ လုပ်ပေးမယ်ဆိုပြီး လက်ဖက်ရည်ဖိုးဟုဆိုတာ ငွေကြေး (၇၅၀၀၀)ခန့် ကုန်ကျခဲ့ဖူးတယ်လို့ ဒေါ်စူးမြာက ပြောပါတယ်။
၂၀၁၂လယ်ယာမြေဥပဒေကို နားမလည်တဲ့တောင်သူတွေက အခြားနည်းသုံးစွဲခွင့်မလျှောက်တာကြောင့် ဒဏ်ငွေပေးဆောင်ရတာက မျှတမှုမရှိဘူးလို့ ကရင်နီတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူးတူးရယ်က ဆိုပါတယ်။
“တောင်သူလယ်သမားတွေက ဒီဥပေဒေကို နားမလည်ဘူး လုံးဝကိုနားမလည်တာ ဆိုတော့ သူတို့အမြင်မှာက ဒီမြေက ငါတို့မြေ ဒီမြေက ရွာမြေဖြစ်တယ် ဒီမြေပေါ်မှာ လွတ်လွတ်လပ်လပ်နေလို့ရတယ်ဆိုတဲ့အတွေးမျိုးက သူတို့စိတ်မှာစွဲထားပြီးသား ဒါကြောင့် သူတို့အိမ်ဆောက်လိုက်တာ။” လို့ ပြောပါတယ်။
၂၀၁၂လယ်ယာမြေဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းကိုလိုက်မနာဘူးဆိုရင် တရားစွဲမယ်လို့ အတိအကျရေးထားပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ အဆင်မပြေဘူးလို့ ဆိုပါတယ်။
“ကျတော်တို့တိုင်းရင်းသားဒေသမှာ ဒီဟာလုပ်ဖို့ အရေးယူမယ် ဘာညာလုပ်မယ်ဆိုရင်တော့ ကျတော်တို့တိုင်းရင်းသားလူတွေက ထောင်ထဲမှာသွားနေဖို့ပဲရှိတော့တယ်။ ဘာဖြစ်လို့လဲဆိုရင် ရွာမြေဖြစ်တဲ့အတွက် လူဦးရေးတိုးလာတယ်လေ လူဦးရေးတိုးလာတော့ မြေနေရာလည်းလိုလာတယ် မြေနေရာလည်းတိုးမှာပဲ” လို့ ခူးတူရယ်က ဆက်ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီပေးဖို့အတွက် ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကြယ်ပွင့်မပြမေးခွန်းနဲ့ ဖြစ်စဉ်အကြောင်းကို ပြည်နယ်အစိုးရကို မေလ ၁၅ ရက်နေ့ တင်ပြထားပြီ မေလ ၂၂ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်မယ်လို့ သိရပါတယ်။
“ကျတော်က အစိုးရဖက်ကိုစာတင်ထားတာရှိတယ် ကြယ်ပွင့်မပြမေးခွန်းနဲ့မေးထားတာရှိတယ် ဒီကိစ္စဒီ်လိုဖြစ်တယ် ဖြစ်စဉ်ကဒီလိုရှိတယ်ဆိုတာ ကျတော်ပြောတာပေါ့နော။” လို့ ဦးသဲရယ်က ပြောပါတယ်။
၂၀၁၂လယ်ယာမြေဥပဒေ ထွက်ချင်းချင်းမှာပဲ ပုံစံ(၇)ကို စီမံချက်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်ရေးဆွဲပြီး လုပ်ဆောင်ရတာကြောင့် မြေစာရင်းရုံးအနေနံ့ စီမံချက်ပြည့်မှီဖို့အတွက် တစ်လအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) အစောင်များစွာထုတ်ပေးရပြီး အောက်ခြေတောင်သူတွေရဲ့လယ်ယာမြေကို အသေးစိတ်မကြည့်ရှုဘဲ လုပ်သွားမယ်ဆိုရင် တောင်သူဖက်ပဲနစ်နာမှာဖြစ်ပြီး မြေယာဥပဒေအရ မြေစာရင်းဝန်ထန်းအမှားလုပ်ထားပေမယ့်လည်း တရားစွဲပိုင်ခွင့်မရှိတာကြောင့် ဥပဒေအရလည်း တောင်သူတွေပဲနစ်နာတယ်လို့ ဦးသဲရယ်က ရှင်းပြပါတယ်။
နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေ၊ ယာမြေပေါ်မှာ ဘယ်နေရာက ရွာမြေဖြစ်ပြီး ဘယ်နေရာကယာမြေဖြစ်တယ်ဆိုတာ ရွာသားကိုယ်တိုင်က မသိသလို ပုံစံ(၇)အကြောင်းလည်းမသိတာကြောင့် တကယ်တမ်း ပုံစံ (၇)ကိုမပေးသင့်ဘူးလို့ ဆုံးဖြတ်ရမှာက မြေစာရင်းဖြစ်တာကြောင့် တောင်သူတွေထက် မြေစာရင်းက ပိုပြီးအပြစ်များတယ်လို့ ဦးသဲရယ်က သုံးသပ်ပြောဆိုပါတယ်။
ခုလိုညွန်ကြားထားခံရတဲ့ ဒေါ်စူးမြာသည် မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးများအရွယ်ရောက်ကုန်ပြီလည်းဖြစ်ကြောင်း သိရပါတယ်။