ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူတွေနဲ့ အမြောက်တပ် (၃၆၀) တို့ ပဋိပက္ခဖြစ်ပွားခဲ့ကြတဲ့ တောင်ယာမြေယာပေါ်မှာ တခြားသူဝင်ရောက်ထွန်ယက်လုပ်ကိုင်နေတဲ့အပေါ် ဒေသခံတွေ လုပ်ကိုင်စိုက်ပျိုးစာမြေမရှိတော့မှာကို စိုးရိမ်နေကြပါတယ်။
လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတော့တဲ့အတွက် မိသားစုစားဝတ်နေရေးကို စိတ်ပူပန်ရပြီး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတယ်လို့ ဒေါဆိုရှေ့မှ တောင်သူတစ်ဦးဖြစ်တဲ့ ဒေါညားမာ က ပြောပါတယ်။
“သူများခြံကို နေ့စားလိုက်တာတစ်နေ့ ၅၀၀၀ ပဲရတယ် ကျမဆန်ဝယ်စားရတယ် ကျမမှာကလေး ၃ ယောက်ရှိတယ်လေး စားလို့မလောက်ဘူးလေး။ ကျမကလေးတွေလည်း ဘာသွားစားရမလဲ မသိတော့ဘူး ညလည်းအိပ်မပျော်တော့ဘူး စိတ်ဆင်းရဲရတယ် မျက်လုံးထဲမှာ ကိုယ့်ခြံကိုပဲပြန်မြင်ယောင်နေတယ်” လို့ ဒေါ်ညားမာက ပြောပါတယ်။
ယခုအချိန်မှာတော့ စားဝတ်နေရေးအတွက် တခြားသူတွေရဲ့ လုပ်ငန်းတွေမှာ နေ့စားအလုပ်ကို တရက်လုပ်တရက်စား လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုနေရတယ်လို့ ဒေါ်ညားမာက ဆက် ပြောပါတယ်။
ဒေါညားမာက တောင်ယာမြေ ဧက ၂၀ ဝန်းကျင် သိမ်းဆည်းခံရပြီး လက်ရှိမှာတော လုပ်စားစရာမြေနေရာမရှိတော့လို့ ဆောက်နေဆဲ တိုက်ပုအိမ်ကလေးကိုလည်း ဆက်မဆောက်နိုင်တော့ဘူးလို့ ပြောပါတယ်။
ဒေါဆိုရှေ့တောင်သူတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ တောင်ယာမြေက စစ်တပ်ပိုင်မြေဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဒေါဆိုရှေးကျေးရွာမှ တောင်သူတွေကို ပိုင်နက်ကျူးကျော်မှုဖြင့် စစ်တပ်ဘက်ကနေ တရားစွဲပြီး စီရင်ချက်ချပြီးနောက် ၎င်းမြေယာပေါ်မှာ ဒေသခံ ဒေါဆိုရှေ့တောင်သူတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် မပေးသေးပဲ တခြားသူက လာရောက်ထွန်ယက်နေတယ်လို့ ဒေါဆိုရှေးတောင်သူ ခွန်းသောမတ်စ်က ပြောပါတယ်။
“ ကျနော်တို့တောင်ယာအားလုံးကို ထွန်ထယ်ပြီးမှ လုပ်စားသွားတဲ့ကိစ္စက ကျနော်တို့ အဖြေတစ်စုံတစ်ရာမှ မသိခဲ့ရဘူးပေါနော် သူတို့အခုလာလုပ်သွားတာ ၃ ရက်လာ ၄ ရက်လောက်ရှိပြီ ကျနော်တို့ကိုကျတော့ မဝင်သေးနဲ့အုံးလို့ ပြောပြီးတော့မှ အခုက သူတို့တပ်ဖက်ကနေ ကျနော်တို့တောင်ယာကို လာထွန်ထယ်သွားတဲ့ကိစ္စက ကျနော်တိုအတွက် မတရားပါဘူး” လို့ တောင်ယာမြေကို ထွန်ယက်ခြင်း ခံရတဲ့ ဒေါဆိုရှေ့တောင်သူ ခွန်းသောမတ်စ် က ပြောပါတယ်။
စစ်တပ်မှ သိမ်းယူထားသောတောင်ယာမြေများဟာ ဒေါဆိုရှေ့တောင်သူများ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာခဲ့ကြပြီးဖြစ်တဲ့အတွက် ထိုတောင်ယာမြေများကို ကာကွယ်ဖို့အတွက် ကြိုးစားနေကြရတယ်လို့ သိရပါတယ်။
တောင်ယာမြေ အသိမ်းမခံရခင်က တောင်သူတွေဟာ တစ်နှစ်ကို စပါး လေးဆယ်-ငါးဆယ်ခန့် ထွက်ရှိပြီး မိသားစုအတွက် ဖူလုံမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေါဆိုရှေးကျေးရွာက တောင်သူတွေဟာ သိမ်းဆည်းခံထားရတဲ့ တောင်ယာအပြင် တခြားလုပ်ကိုင်စားသောက်စရာ နေရာမရှိတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အသည်း၊ စစ်တပ်များက သနားညှာတာပေးဖို့ ခွန်းသောမတ်စ်က တောင်းဆိုထားပါတယ်။
“ ကျနော်တို့က ဒီဟာလေးကိုပဲမီှိခိုအားထားနေရတယ်။ ဒီဟာလေးမရှိရင် ဘားမှ လုပ်ကိုင်စားသောက်စားသောက်စရာ နေရာ မရှိဘူးပေါနော် ကျနော်တို့မှာ လစာ မရှိပါဘူး ကျနော်တို့မှာ တခြား မှီခိုအားထားစရာ ဘာမှမရှိပါဘူး ကျနော်တို့မှာ ဒီမြေကြီး ဒီရေပဲ သောက်သုံးနေရတယ် အဲ့ကြောင့် ကျနော်တို့ အရမ်းကို အခက်အခဲကြုံနေရပါတယ်” လို့ ခွန်းသောမတ်စ်က ဆက်ပြောပါတယ်။
၎င်းကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ကို ဇွန်လ ၁၀ရက်နေ့က မေးမြန်းရာမှာတော့ ၎င်းကိစ္စကို သတင်းထောက်တွေ မေးမြန်းမှ သိရှိရခြင်းဖြစ်ကြောင်း မြေယာကိစ္စတွေကို ကိုင်တွယ်နေခြင်း မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ အခုပြောမှ အဲ့ဒီ မေးခွန်းက သိတာ။ ကျတော်က တပ်မြေတို့၊ ဘာတို့ကို ကိုင်တာ မဟုတ်ဘူး။ နင်တို့ မေးမှပဲ ဒီအကြောင်းအရာကို သိတာ။” လို့ ဗိုလ်မှူးကြီးမြင့်ဝေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် စိုက်ပျိုးရာသီချိန်က ဒေါဆိုရှေးတောင်သူတွေကို ၎င်းတို့ရဲ့ မိရိုးဖလာလက်ထက်က စိုက်ပျိုးလုပ်ကိုင်လာကြတဲ့ တောင်ယာမြေကိုထွန်ယှက်စိုက်ပျိုးရာမှ အမတ (၃၆၀) ကနေ ၎င်းတို့ရဲ့ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော်စိုက်ပျိုးတယ်ဆိုပြီး ဒေါ်ညားမာ အပါအဝင် ဒီးမောဆိုမြို့နယ်မှ တောင်သူ ၁၉ ဦးကို အမတ (၃၆၀) တပ်ရင်းကနေ တရားရုံးမှာ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ၆/၁ နဲ့ ရာဇသတ်ကြီးပုဒ်မ ၄၄၇ (ပိုင်နက်ကျူးကျော်မှု)တွေနဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။
တရားစွဲဆိုခံခဲ့ရပြီး တောင်သူထက်ဝက်ခန့်က ၈ လခန့် အချုပ်ကျကာ ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းဖြင့် စီရင်ချက် ချမှတ်ခဲ့ပြီး ငွေဒဏ်ပေးဆောင်ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြတာဖြစ်ပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းကို ကန္တာရဝတီတိုင်းက က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
တောင်သူတွေက သူတို့မြေယာတွေမှာ ပြန်လည်စိုက်ပျိုးထွန်ယက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ပြောကြပါတယ်။
၂၀၀၂ ခုနှစ်လောက်ကတည်းက ဒေါဆိုရှေ့ရွာထဲက ယာမြေ ဧက ၂၀၀ ကို အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကယားပြည်နယ်အတွင်း တပ်သိမ်းမြေတွေကို ကာကွယ်ရေးဝန်ကြီးဌာနကနေ ပြန်လည်စွန့်လွှတ်မြေအဖြစ် ဧက စုစုပေါင်း ၂၁၉ ဧက စွန့်လွှတ်ခဲ့တဲ့ အခန်းအနားပေးအပ်ပွဲမှာတော့ ဒေါဆိုရှေးတောင်သူတွေရဲ့ မြေယာတွေ မပါသေးပါဘူး။
၂၀၁၈ခုနှစ်ကတည်းက အမတ ၃၆၀ ကနေ မြေနေရာ ၆၀၀ ကျော်ကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပေမယ့်လည်း ၎င်းမြေတွေက ဒေါဆိုရှေးတောင်သူတွေမြေယာသိမ်းထားတဲ့ နေရာမပါပဲ တခြားမြေနေရာဖြစ်နေတယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။