ကန္တာရဝတီတိုင်း(မ်)
ကျေးရွာကနေ မြို့ပေါ်ကျောင်းလာတက်မည့် ကျောင်းသူ/သားတွေအနေနဲ့ ဘော်ဒါဆောင်မှာ နေခွင့်မရလို့ ကျောင်းသွားတက်ဖို့ အခက်အခဲ ကြုံတွေ့နေကြရတဲ့ သူတွေရှိနေပါတယ်။
ဝေးလံခေါင်ဖျားတဲ့ ကျောင်းသူကျောင်းသားတွေမှာ ဘော်ဒါဆောင်က နေခွင့်မပြုတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကို ကြားသိမြင်တွေ့ခဲ့ရတဲ့ မအေးအေးဝင်းက အခုလို ပြောပါတယ်။
“ဒီလိုမျိုးဝေးလံခေါင်ပါးတဲ့ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေပြောသံကို ကြားနေရတာပေါ့နော်။ တကယ်လို့ ဘော်ဒါဆောင်ဆက်မဖွင့်ခဲ့ဘူးဆိုရင် သူတို့ကလေးနေတဲ့နေရာ ဝေးလံခေါင်းပါးတယ်။ တအားဝေးတဲ့အခါကျတော့ အသွားအလာလုပ်လို့လည်းမဖြစ်ဘူးဆိုတော့ အဲချိန်မှာဆို ဒီနှစ်ပုံစံလိုမျိုးဆိုရင် ကလေးရဲ့ပညာရေးက တအားနောက်နှေးသွားမယ် ။ အဲလိုပြောသံကြားတယ်။ တချို့မိဘတွေခါကျတော့် ဘယ်လိုပြောလဲဆိုရင် တကယ်လို့ ဒီလိုဘော်ဒါဆောင်ကိုဆက်မဖွင့်ခဲ့ဘူးဆိုရင် ဒီနှစ်ကို တစ်နှစ်အောက်ထားလိုက်မယ်ပေါ့နော်။ နောက်နှစ်မှ ကလေးကို ကျောင်းဆက်ထားမယ်ဆိုပြီးတော့မှ အဲလိုမျိုး စကားသံတွေကြားနေရတယ်။”
ဘော်ဒါဆောင်များနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ ဖွင့်လှစ်ခွင့်မရှိကြောင်းကို ကိုဗစ်ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ မှ ထုတ်ပြန်ထားတဲ့အတွက်ကြောင့် ကျေးလက်နေ ကျောင်းသူကျောင်းသားတွေ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြချိန်မှာ အခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။
အခုလို အစိုးရကနေ ပိတ်ပင်ဖို့ အမိန့်ထုတ်ထားတာကြောင့် တချို့ဘော်ဒါဆောင်တွေက အကန့်အသတ်လုပ်ထားပြီး လက်မခံတဲ့အတွက်ကြောင့် အခက်အခဲရှိနေကြတယ်လို့လည်း ဒီးမော့ဆိုမြို့မှာနေထိုင်တဲ့ ဒေါ်ဆော်မိုးက အခုလိုပြောပါတယ်။
ဘော်ဒါဆောင်တွေမှာနေခွင့်မရတဲ့ကလေးတွေမှာ အခက်အခဲရှိပြီး ကျောင်းသားမိဘတချို့က မိမိတို့ ကလေးကို တစ်နှစ်အောက်ခံလိုက်ဖို့ စိတ်ကူးထားတဲ့သူတွေလည်းရှိနေကြတယ်လို့ ကြားသိခဲ့ရတဲ့ ဒီးမော့ဆိုမြို့နေ ကျောင်းဆရာမ အငြိမ်းစား ဒေါ်ဆော်မိုးက ပြောပါတယ်။
“တခြားကျောင်းနီးတဲ့ကျောင်းကိုပြောင်းနေရင်လည်း ကျောင်းသားသစ်ဆိုတော့ လက်ခံမှာမဟုတ်ဘူးလို့ပြောတယ်။ အဲလိုပြောတဲ့အခါကျတော့ သူစိတ်ညစ်သွားတယ်။ ကျမသားကိုလေး တစ်နှစ်လောက်အောက်လိုက်ရမလားမသိဘူး သူအဲလိုမျိုးပြောတယ်။”လို့ ၎င်းက ပြောပါတယ်။
မြို့ပေါ်မှာ ကျောင်းတက်ဖို့ တက်လာတဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေအနေနဲ့ နေစရာမရှိ ၊ သွားလာဖို့ အခက်အခဲရှိရင်တော့ ကျောင်းနားသွားမည့် ကလေးတွေလည်းရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ရပ်ဝေးက ကလေးတွေအတွက် ဘယ်လိုဆက်စီစဉ်ပေးရမလဲဆိုတာတွေက အခက်တွေ့နေကြရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စည်းကမ်းချက်သတ်မှတ်ထားတာတွေနဲ့ညီရင် ဖွင့်ခွင့်ပေးသင့်တယ်လို့ မော့ဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ကိုတော်ရယ်က ပြောပါတယ်။
“အစိုးရရဲ့ ၁၄ ရက် ၇ လပိုင်းထုတ်ပြန်ချက်အရ အဆောင်မဖွင့်ရကိုယ်ပိုင်ကျောင်းမဖွင့် ပြောတဲ့အချိန်မှာ လက်တွေ့မြေပြင်မှာ သူအဲလိုပြောတာထက်စာလို့ရှိရင် အဆောင်ဖွင့်လို့ရမယ်။ ဘယ်လိုစည်းကမ်းချက်သတ်မှတ်ရမလဲဆိုတာ ပိုကောင်းမယ်လို့ ကျနော်တို့မြင်တယ်။ မဖွင့်ရဘူးလို့ ပြောတာထက်စာရင် အဆောင်ဖွင့်လို့တော့ရမယ် ဘယ်လို သတ်မှတ်တဲ့ ကျန်းမာရေးညီညွတ်တဲ့ COVID-19 နဲ့ ပတ်သက်တဲ့ ကာကွယ်မှု ဘယ်လိုသတ်မှတ်ချက်ရှိမလဲ အဲလိုဖွင့်ပြီးတော့ အဲလိုအဆောင်မျိုးဆိုရင် ဖွင့်ခွင့်ရတယ်သူထုတ်ပြန်ရင်တော့ အဆောင်ဖွင့်တဲ့ ဆရာ/မတွေအတွက်ကော အဝေးက ကျောင်းလာနေတဲ့အတွက်ကော အဆင်ပြေမယ်ပေါ့။ မဖွင့်ရဘူးလို့ပြောရင် ရွာကသူတွေ ကျောင်းတက်ဖို့ ခက်ခဲသွားနိုင်တယ်။”
နှစ်စဉ် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်က ကျောင်းသား/သူ တွေကို လူဦးရေ ၇၀ကနေ ၈၀ အကြား -အဆောင်လက်ခံပေးလျက်ရှိတဲ့ မော့ဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းအနေနဲ့လည်း အခုနှစ်မှာတော့ အထက်တန်းကျောင်းသား ၂၈ ဦး စာရင်းသွင်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ရော်သခေါအုပ်စု၊ ကေကောအုပ်စု၊ သိုသီးဖိုအုပ်စုတွေမှာရှိတဲ့ ကလေးတွေဆိုရင် အလယ်တန်းကျောင်းတက်ဖို့ ကေကောရွာမှာရှိတဲ့ ကက်သလစ်ဘာသာကနေ ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ ဘော်ဒါဆောင်ကိုပဲနေကြပြီး အထက်တန်းကျောင်းတက်မည့်ကလေးကို မြို့ပေါ်ရှိ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဖွင့်ထားတဲ့ ဘော်ဒါဆောင်တွေကိုပဲ ဆက်လက်အားကိုးအားထားကြရတာဖြစ်တယ်လို့ ကေကောအုပ်စု ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. အန်ထော်နီ ကပြောပါတယ်။
“COVID-19ကြောင့် ဘော်ဒါဆိုရင်လည်း လူဟောင်းပဲလက်ခံတယ်။ လူသစ်က လက်မခံဘူး။ ကိုယ်တော်တို့ရဲ့ အာရ်စီ ကျောင်းတွေမှာပဲ လူအကန့်အသတ်နဲ့ပဲ လက်ခံထားတယ်။ အဲလိုဆိုတော့ ကိုယ်တော်တို့မှာ အခက်အခဲအများကြီးရောက်သွားတယ်။ ဆိုတော့ လူတွေအများကြီးခွဲရတယ်။ ဆိုတော့ ကိုယ်တော်တို့ ခွဲတဲ့နေရာမှာ ခုဏကပြောသလိုမျိုး ဒီးမော့ဆိုမြို့နယ်တို့နော် ၊ လွိုင်ကော်မြို့နယ် ကိုယ်တော်တို့ ဒီမျိုးခွဲတဲ့အခါမှာကျတော့ ဟို ကိုယ်လူတွေက ဖြန့်ထားလိုက်တယ် ။ အဲမှာ ဒေါငံခါးဆို ၃၊၄ ယောက် ၊ လွိုင်ကော် ၃၊၄ယောက်၊ ဖရူဆိုလည်း ၁ယောက် ၂ယောက် အဲလိုမျိုးဘဲ ထားလိုက်တယ် စုပြီးတော့မှကိုယ်တော်တို့မထားတော့ဘူး။ ဒါကြောင့် ကိုယ်တော်တို့ ဒီမှာဆိုတော့ ပြေးရတယ်လေး။”
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုဘက်မှာဆိုရင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် ခက်ခဲတဲ့ဒေသဖြစ်သည်နှင့်အညီ အထက်တန်းကျောင်းမရှိသေးတာကြောင့် အလယ်တန်းကျောင်းပြီးသွားတဲ့ ကျောင်းသူ/သားတွေက မြို့ပေါ်မှာ အထက်တန်းကျောင်းဆက်တက်ဖို့ အခုလို ဘာသာရေးကနေ ထားပေးတဲ့ ဘော်ဒါဆောင်တွေမှာ နေကြရတာဖြစ်ပါတယ်။
အထက်ပါကိစ္စကို ပြည်နယ်ပညာရေးမှုုး ဦးလူစီယားနိုကိုဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းက အစိုးရက ညွန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇူလှိုင်လ ၁၄ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019( covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ကနေပြီး ရောဂါပိုးကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ဖို့ ဘော်ဒါဆောင်ထားရှိတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ ၊ ဘော်ဒါဆောင်တွေ ကိုပြန်လည်ဖွင့်လှစ်ခွင့် မပြုပါကြောင်း လမ်းညွှန်ချက် တစ်ရပ်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၁ရက်နေ့မှာ အခြေခံပညာကျောင်းတွေမှာ အထက်တန်းအဆင့်ကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး တစ်ပတ်အကြာမှာ အလယ်တန်းအဆင့်ကိုဖွင့်လှစ်သွားမှာဖြစ်ပါတယ်။