မော်ဦးမြာ
ဒီအချိန်ဆို ရွာတွေကို သွားလိုက်ရင် ရွာတိုင်းလိုလို လမ်းဘေးဝဲယာတွေမှာ မြင်တွေ့နေရတာက နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေပါ။ ဆိုင်းဘုတ်အပေါ်မှာ ပါတီအလံကိုပါ ထောင်ထားတဲ့အတွက် ရွာအဝင်လမ်းက အလံလေးတွေ လေတိုက်လိုက်ရင် တလွှင့်လွှင့်နဲ့ အရောင်အစုံအလင်တွေကို အထင်းသားကြီး မြင်တွေ့ကြရမှာပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတော့ ကယားပြည်နယ်ရဲ့ နယ်စွန်နယ်ဖျားမှာ ရှိနေတဲ့ ရှားတောမြို့နယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စာမတတ်၊ နိုင်ငံရေးနားမလည်၊ ဆံဖြူသွားကျိုးတဲ့ ကျေးလက်နေ တောင်သူလယ်သမားတွေတောင် လေးစားပြီး ကြည်ညိုကြတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မျက်စိနဲ့ အနီးကပ် တွေ့မြင်ခဲ့ရတဲ့ ရှားတောဒေသခံတွေကတော့ ကယ်တင်ရှင် ရောက်လာသဖွယ် မျှော်လင့်ချက်ကြီးစွာနဲ့ ယုံကြည်မှုကို ပုံအပ်ပြီး အသဲကြားမှ မဲတွေအားလုံးကို ပုံအောပေးထားကြပါတယ်။
လူထုရဲ့ ရွေးချယ်တင်မြောက်မှုနဲ့ အစိုးရဖွဲ့နိုင်ခဲ့ပြီး ခေတ်စနစ် အပြောင်းအလဲကို လိုလားတဲ့ လူထုတွေအားလုံးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် တနေ့ထက်တနေ့ မျှော်လင့်ချက်တွေ ကြီးမားလာခဲ့ကြပေမဲ့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဆိုသလိုပဲ ဒေသခံတွေအဖို့ ကိုယ့်သေတွင်းကိုတူးတဲ့ သားရဲတွေလို ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ လပိုင်းမှာရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စုထဲက ကျေးရွာတွေဆီကို အလည်သွားရင်းဒေသခံ (အထူးသဖြင့် သက်ကြီးရွယ်အို) တွေနဲ့ တွေ့ဆုံ စကားပြောတဲ့အခါမှာ မျှော်လင့်ချက် မဲ့စွာနဲ့ ညည်းတွားနေကြပါတော့တယ်။
“ ကျမတို့ကို မျှော်လင့်ချက်တွေ အများကြီး လာပေးတယ်။ အခုထိ ဆားတစ်ထုပ်တောင် အလကား မစားရဘူး။ ဘယ်လိုပုံစံနဲ့ ကျမတို့ အားကိုးရမလဲ၊ လက်နက်ကိုင်တဲ့သူတွေလည်း တခါတလေ ကျမတို့ကို ခြောက်လန့်နေသေးတယ်။ ” အသက် ၇၀ အရွယ် ဆံဖြူသွားကျိုးနေပေမဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပြီး သွားလာလှုပ်ရှားနိုင်သေးတဲ့ ရှားတောမြို့နယ် ဒေါတနောကျေးရွာက အဖွားတစ်ဦးက ပအို့ဝ် ရိုးရာဝတ်စုံကို ဝင်ဆင်ပြီး ခြေဆန့်ထိုင်ရင်း ကွမ်းတံတွေး ထွေးလျက် ညည်းတွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့် ရခဲ့လို့ လူထုတွေရဲ့ ထောက်ခံချက်ကို ရရှိပြီး အနိုင်ရရှိသွားခဲ့တဲ့ လက်ရှိ အာဏာရ ပါတီတွေကလည်း ဒီတစ်နှစ်မှာ ဝင်ရောက် ယှဉ်ပြိုင်သွားကြဦးမှာပါ။ ဒါ့အပြင် တခြားသော ဒေသခံပါတီများ၊ ပြည်မ ပါတီများလည်း ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါပြီ။
ဒီတစ်နှစ်မှာလည်း ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ကွင်းဆင်းဆောင်ရွက်နိုင်တယ်လို့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်(NCA) မထိုးထားသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောပါတယ်။
“အရင်ရွေးကောက်ပွဲကာလမှာ ပြန်ပြီးသုံးသပ်ကြည့်ရင် သူတို့ဟာသူတို့လွတ်လွတ်လပ်လပ် မဲဆွယ်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့ဘယ်လိုမှ အနှောက်အယှက်ပေးလို့ ဘယ်လိုပြောမလဲကျနော်တို့ တပ်တွေ၊ သက်ဆိုင်ရာဒီမြို့နယ်လုံခြုံရေးတွေ ကိုယ့်ဟာကိုသီးသီးခြားခြားသူတို့အနှောက်အယှက်မပေးဖို့ ကိုယ့်ဟာကိုလွတ်လွတ်လပ်လပ်နေဖို့ဒီလောက်ဘဲကျနော်တို့ ညွှန်ကြားထားတာရှိတဲ့ အပေါ်မှာဒီနိုင်ငံရေးပါတီတွေကသူ့ဟာသူလွတ်လွတ်လပ်လပ် ကွင်းဆင်းတာတွေဘဲရှိတယ်။” လို့ ( KNPP) ရဲ့ ရှားတောမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်က ပြောပါတယ်။
ရှားတောမြို့နယ်ဟာ ယခုအချိန်မှာ နိုင်ငံတော်အစိုးရက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှားတောမြို့နယ်အတွင်းမဲဆန္ဒနယ် နေရာအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမဲ့ ကိုယ်စားလှယ်လောင်းတွေက လူထုကိုကြည့်ပြီး လူထုတွေအတွက် ရှေ့ထွက်နိုင်မဲ့ ပုဂ္ဂိုလ်မျိုးကိုသာ လူထုတွေက လိုအပ်တယ်လို့ ခူးဘိုးရယ်ကပြောပါတယ်။
“ကျတော်တို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီလည်း ပါတီစုံဒီမိုကရေစီကို ခံယူထားတယ်။ အဲ့ဒါကိုကျတော်တို့ဘယ်ပါတီဘဲဖြစ်ဖြစ် တကယ့်လူထုအရေး ကောင်းစားဖို့လုပ်တဲ့ ပါတီ ဖြစ်မယ်ဆိုရင် သူတို့ လွတ်လွတ်လပ်လပ် သွားလာဖို့ ကျတော်တို့ အဲ့လိုမျိုးရ ည်ရွယ်ထားတာပေါ့လေး။” လို့ ခူးဘိုးရယ်က ဆက်ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ လွှတ်တော် အသီးအသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့မှာ သတ်မှတ်ကြေညာလိုက်ပြီးပါပြီ။
ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီမှ ရှားတောမြို့နယ်အတွင်း ၄ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီးနယ်မြေလုံခြုံရေး၊ ပုဂ္ဂိုလ်လုံခြုံရေးတွေအတွက် နှစ်ဖက် လက်နက်ကိုင်တွေကနားလည်ပေးနိုင်မယ်လို့ ယူဆတဲ့အတွက် လက်ရှိအချိန်မှာတော့ စိုးရိမ်မှု မရှိဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရှားတောမြို့နယ်တာဝန်ခံဦးစိုင်းအုန်းမြင့်က ပြောပါတယ်။
“စိုးရိမ်စရာအဲ့ဒါတော့ မရှိဘူးလို့ ကျတော်တို့ ယူဆတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျတော်တို့ကကယားပြည်နယ်ကိုပဲကျတော်တို့ ကိုယ်စားပြုပြီးတော့ ကယားပြည်နယ်အတွက် အလုပ်လုပ်နေတယ်ဆိုတာလည်းသူတို့ သဘောပေါက်လောက်မယ်လို့ ကျတော် ယူဆတယ်ပေါ့နော။” လို့ ဦးစိုင်းအုန်းမြင့်က ပြောပါတယ်။
ပါတီစည်းရုံးရေးအတွက် အခက်အခဲ၊ စိန်ခေါ်မှုတွေ မရှိပေမဲ့ ဒေသခံပါတီတွေအတွက် အချိန်အကန့်ကြောင့် လက်ရှိအာဏာရအစိုးလောက်တော့ အခွင့်မသာဘူးလို့ ဦးစိုင်းအုန်းမြင့်က ဆက်ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်းရှားတောမြို့နယ်အတွင်းမှာ ၄ နေရာဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေးကိုဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ အဓိကရည်ရွယ်ထားတယ်လို့ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေအနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဌေးရယ်ကပြောပါတယ်။
“ကျတော်တို့ကကိုယ့်ရှေ့ရေးအတွက် ကိုယ့်အကျိုးအတွက် ဝင်ရောက်တာမျိုးမဟုတ်ပဲနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်ကိုအဓိကထားပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စလည်းပဲဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ အတွက်ကိုအဓိကရည်ရွယ်ချက်ထားပြီးဝင်တာမို့လို့ ဒီအတွက်ကိုတော့ စိုးရိမ်မှု မရှိပါဘူး။” လို့ ဦးဌေးရယ်ကပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခဲ့ချိန်မှာတော့ လူထုတွေအနေနဲ့ ရွေးကောက်ပွဲ အသိပညာအတွေ့အကြုံမရှိခဲ့လို့ ခက်ခဲခဲ့တဲ့အကြောင်း တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း အရပ်သားအစိုးရ ဖြစ်ပေါ်လာဖို့အတွက် ရွေးကောက်ပွဲကိုလ က်ကမ်းကြိုဆိုပေးဖို့ ညှိယူခဲ့ရတယ်လို့ ဦးဌေးရယ်က ဆက်ပြောပါတယ်။
ရွေးကောက်ပွဲအတွက် စည်းရုံးရေးလာကြတဲ့အခါမှာ ဖော်ရွေပေမဲ့ အာဏာရပြီးနောက် အာဏာသာ ပြချင်တဲ့ ပုဂ္ဂိုလ်မျိုးကို မလိုလားဘူးလို့ သိရီးဒါးကျေးရွာမှ အသက် ၃၀ အရွယ်ရှိတဲ့ ခူးပဲ့ရယ်က ပြောပါတယ်။ လူထုနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒေသခံအကြောင်းကိုသာ သိရှိနားလည်တဲ့ ပုဂ္ဂိုလ်မျိုးကိုသာ လိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။
“အပြန်အလှန် စကားပြောပြီး ရင်းနှီးတဲ့သူတွေမှပဲ လိုချင်တယ်။ တချို့က အာဏာ ရှိတဲ့သူတွေက မျက်နှာလည်း မကောင်းဘူး။ ကြည့်တာလည်း ကြောက်စရာကြီး။ အဲ့လိုမျိုး ဖြစ်တဲ့သူတွေ ပိုကြောက်တာပေါ့နော။ အဲ့လိုမျိုး စိုးရိမ်တယ်။ တခြားတက်လာတဲ့ပါတီပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ချစ်တဲ့သူတွေကိုပဲ လိုချင်တယ်။ အာဏာရှိပြီးတော့မှ သူ့ရဲ့ အာဏာနဲ့ သူများကို အမိန့်ချတဲ့သူတွေ အဲ့လိုမျိုး မလိုချင်ဘူး။” လို့ ခူးပဲ့ရယ်က သူလိုချင်တဲ့ အုပ်ချုပ်သူအကြောင်းကို ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆောင်ရွက်လိုတဲ့ ဖွံ့ဖြိုးရေးနဲ့ ပြည်နယ်အစိုးရဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ နှစ်ဖက်ကြားမှာ ရှင်သန်နေရတဲ့ ရှားတောဒေသခံတွေ သာမကပဲ ပြည်သူလူထုတွေ အားလုံးက အာဏာရှိတဲ့သူတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးတရပ်ကို ဖန်တီးပေးဖို့နဲ့ ငြိမ်းချမ်းမှုမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ဆက်လှမ်းဖို့ လိုလားနေကြပါတယ်။
“ တစ်ခုခုပြန်ဖြစ်တော့မလား တိုက်ပွဲပြန်ဖြစ်တော့ မလားဆိုတဲ့ ဒီစိုးရိမ်စိတ်က ရှိနေတယ်ပေါ့နော်။ ဆိုတော့ သတင်းတွေကြားပြီဆို သူတို့က ခြောက်ခြားပြီလေ။ တစ်ခါတလေက ဟိုးလမ်းမှာဘဲ စစ်တပ်ကားတွေ အများကြီးဘဲ ဒီဘက်တက်လာတယ်တို့ သတင်းကြားပြီဆို အလိုလိုက လန့်နေပြီအဲ့လိုမျိုးပေါ့ ကြောက်စိတ်တွေက ရှိနေသေးတယ်။ အဲ့လိုမျိုးပေါ့။ ဆိုတော့ သိပ်ပြီးတော့လဲသူတို့ဘဝကို လုံခြုံတယ်လို့တော့ သူတို့မခံစားရသေးဘူးပေါ့နော်။” လို့ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု ဒေါဝယ်ရော ကျေးရွာမှာ သာဿနာပြုလုပ်ငန်း တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်တော်ဒေးဗစ်က သူကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
တချိန်က စစ်ကြောင့် မြေစာပင် ဖြစ်ခဲ့ရတဲ့ ဒဏ်တွေကြောင့် ဖွံ့ဖြိုးမှုနှောက်နှေးနေတာ မကပဲ ယနေ့အချိန်ထိ စိုးရွံ့မှုတွေ၊ ထိတ်လန့်မှုတွေက သူတို့အတွေးတွေထဲမှာ စိုးမိုးထားနေကြဆဲပါ။ ကျေးရွာ ဖွံ့ဖြိုးမှုထက် ရပ်ရွာ ငြိမ်းချမ်းမှု၊ ဘဝလုံခြုံမှုကို ပိုလိုလားတဲ့ ဒေသခံလူထုတွေအတွက် ၂၀၂၀ အလွန်မှာ အုပ်ချုပ်ခံရမဲ့ ကံကြမ္မာက သူတို့မျှော်လင့်ထားတဲ့ ကြမ္မာကောင်းတစ်ခု ဖြစ်လာဖို့ နေ့စဉ်နဲ့အမျှ တမ်းတနေကြရဆဲပါ။