စိုးထိုက်အောင်
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၅)၊ ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်တွေကိုဖောက်ဖျက်ကျူးလွန်တယ် ဟုဆိုကာ စုံစမ်းစစ်ဆေးဖို့အတွက် ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့မှာ အဖွဲ့ဝင်၅ဦးဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးမေးမြန်းဖို့ ဝန်ကြီးချုပ်ကို ဆင့်ခေါ်ရာမှာ လာရောက်ဖြေရှင်းတာမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးသာ ကိုယ်စား တက်ရောက်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကို ဖျက်သိမ်းဖို့လည်း ဝန်ကြီးချုပ်က ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို တင်ပြထားပါတယ်။ စွပ်စွဲပြစ်တင်မှုနဲ့ပတ်သတ်ပြီး အကယ်လို့စုံစမ်းစစ်ဆေးမှုက အောင်မြင်မယ်ဆိုရင် ဘယ်လိုအပြစ်ပေးလို့ရလဲ၊ မအောင်မြင်ရင်ရော ဘယ်လိုဖြစ်လာမှာလည်းဆိုတာ တရားလွှတ်တော်ရှေ့နေ စောခူးတလေ(ခ)ခူးပိုးရယ် ကို ဥပဒေအကြောင်းအရာနဲ ပတ်သက်လို့ မေးမြန်းထားတာကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။
မေး ။ ။ ဝန်ကြီး သို့မဟုတ် ဝန်ကြီးချုပ်တွေကို ဘယ်လို ဥပဒေ ၊ ဘယ်လို ပုဒ်မ မျိုးနဲ့ စွပ်စွဲပြစ်တင်လို့ရလဲ။ စွပ်စွဲပြစ်တင်သူတွေက ဘယ်လိုမျိုး စည်းကမ်းချိုးဖောက်နေတာတွေကို စွပ်စွဲလို့ရလဲ။ စွပ်စွဲပြစ်တင်ပြီးရင် စုံစမ်းစစ်ဆေးရေးအဖွဲကို ဘယ်လိုဖွဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ပုဒ်မ(၂၆၃)(က)ထဲမှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးကိုပေါ့နော် စွပ်စွဲပြစ်တင်ချင်တယ်ဆိုရင် ကျနော်တို့ အဲ့မှာ(၅)ချက်ရှိပါတယ်။ ၁ကနေ ၅အထိရှိတာပေါ့နော်။ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်ပုံအခြေခံဥပဒေပြဌာန်ထားတဲ့ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့ဒီ (၅)ချက်နဲ့စွပ်စွဲပြစ်တင်လို့ရတာပေါ့။ ဆိုတော့ ကျနော်တို့စွပ်စွဲပြစ်တင်တဲ့အခါမှာ သူက ဒီ(၂၆၃)ရဲ့(ခ)မှာပဲကို ဆက်ပါတယ်ပေါ့နော်။ အဓိကတော့ ဒီပြည်နယ်လွှတ်တော်မှာ ရှိတဲ့လွှတ်တော်အမတ်တွေ၊ တိုင်းဒေသကြီး ပြည်နယ်မှာရှိတဲ့လွှတ်တော်အမတ်တွေရဲ့ ၄ပုံ ၁ပုံရဲ့ လွှတ်တော်အမတ်တွေက စွပ်စွဲပြစ်တင်ဖို့အတွက်ထောက်ခံတယ်ဆိုရင် ကျနော်တို့ကအဲ့ကနေ ဆက်ပြီးတော့မှ လွှတ်တော်ဥက္ကဌဆီကို ကျနော်တို့ဒီစာ တင်ပြီးတော့မှ စွပ်စွဲပြစ်တင်လို့ရတာပေါ့နော်။ အဲ့ကနေမှတစ်ဆင့် လွှတ်တော်ဥက္ကဌကနေပြီးတော့မှ ဒီစွပ်စွဲပြစ်တင်မှုကို သူကစစ်ဆေးဖို့အတွက်ကော်မတီဖွဲ့ပြီးတော့မှ သူက စေခိုင်းလို့ရတာပေါ့နော်။
မေး ။ ။ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီးရင် အဲဒီကော်မတီကနေ ဘယ်လိုဆက်ပြီးလုပ်ပိုင်ခွင့်ရှိပါသလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ မှာက(င)မှာပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ်သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်းပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကိုတင်ပြလာလျှင် လွှတ်တော်ဥက္ကဌသည် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့တင်ပြရမည်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ အနည်းဆုံး ၃ပုံ ၂ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းဆောင်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအားတင်ပြ အစီရင်ခံရမည်။ အဲ့ (င) ၂ မှာပဲ နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင်စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားရာထူးမှရပ်စဲရမည်။
မေး။ ။ စုံစမ်းစစ်ဆေးရေးကော်မတီက ဘယ်အချိန်ထိ အသက်ဝင်ပါသလဲ။
ဖြေ။ ။ လွှတ်တော်ဥက္ကဌကနေပြီးတော့မှ ခန့်ခွင့်မှာပဲကို သူက ဒီ ၄ပုံ ၁ပုံကနေထောက်ခံပြီးတော့မှ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ကနေ တင်ပြမယ်။ ပြီးရင် (ဂ)မှာ လွှတ်တော်ဥက္ကဌက စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကိုထောက်ရှုပြီး စုံစမ်းစစ်ဆေးမှု ပြီးစီးရသည့်ကာလကိုလည်း သတ်မှတ်ပေးလို့ရတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကို ဒီဟာကို အတိအလင်း ပြဌာန်းထားတာပေါ့နော်။
မေး။ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့က စွပ်စွဲပြစ်တင်သူ ၃ ဦးပြန်ပါတဲ့အပေါ် ဝန်ကြီးကြီးချုပ်က ကန့်ကွယ်စာတင်လာတယ်ပေါ့။ တကယ်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူတွေနဲ့ဖွဲ့စည်းရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်ရောရှိလား။
ဖြေ။ ။ ဘယ်သူ၊ ဘယ်ဟာနဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ဟာက အဓိကတော့ လွှတ်တော်အမတ်တွေဖြစ်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖို့လိုတာပေါ့နော်။
မေး။ ။ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သူထဲက တစ်ဦးက ပြန်နုတ်ထွက်လိုကပါတယ်။ ဒီလို စွပ်စွဲပြစ်တင်တဲ့အဖွဲ့မှာရော ပြန်ပြီးတော့ နှုတ်ထွက်ဖို့ ဥပဒေမှာ ဘယ်လိုပြဌာန်းထားပါသလဲ။
ဖြေ။ ။ ဒီကိုယ်စားလှယ် ၄ပုံ ၁ပုံကနေပြီးတော့မှ ထောက်ခံလို့ရှိရင် ကျနော်တို့ဒီစွပ်စွဲပြစ်တင်ချက်ကို ကော်မတီဖွဲ့ပြီးတော့မှ စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ဟာ။ ဥပဒေမှာကတော့ လက်မှတ်ထိုးပြီးလို့၊ စွပ်စွဲပြစ်တင်ပြီးလို့မှ ပြန်ပြီးတော့နှုတ်ထွက်ချင်တယ်ဆိုရင်တော့ အခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နှုတ်ထွက်လို့ရတယ်၊ မရဘူးဆိုတာ ပြောထားတာမရှိဘူးပေါ့နော်။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ် ၄ပုံ ၁ပုံကနေပြီးတော့မှ စွပ်စွဲပြစ်တင်လို့ရှိရင် ကော်မတီဖွဲ့ရမယ်၊ ဖွဲ့ပြီးတော့ဘယ်နရက်အတွင်းစစ်ဆေးပေးရမယ်ဆိုတာ လွှတ်တော်ဥက္ကဌကနေပြီးတော့မှ ကော်မတီဖွဲ့ပြီးတော့မှသတ်မှတ်ပေးရမယ်ဆိုတဲ့ဟာပဲ ပါတာပေါ့။ ဒီစွပ်စွဲပြစ်တင်တဲ့လူတွေတော့ သူပြန်နှုတ်ထွက်လို့ရတယ်၊ မရဘူးဆိုတာတော့ ဒီဥပဒေထဲမှာ ပြဌာန်းထားတာမရှိဘူးပေါ့။
မေး။ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့သက်တမ်းက ရောဘယ်လိုသက်မှတ်တာလည်းဆရာ၊ ဘယ်လောက်ထိလဲ။
ဖြေ။ ။ သူ့ရဲ့သက်တမ်းကတော့ အဓိကကတော့ ဒီမှာက ၂၃၆ ထဲမှာပြောထားတာကတော့ အခုနကျနော်ပြောသလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၄ပုံ ၁ပုံကထောက်ခံပြီးတော့မှသူကစွပ်စွဲပြစ်တင်မယ်၊ ၄ပုံ ၁ပုံပြည့်လို့စွပ်စွဲပြစ်တင်ပြီဆိုရင် လွှတ်တော်ဥက္ကဌကနေပြီးတော့မှ သူကစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့မယ်။ ဖွဲ့ပြီးတော့မှ ဘယ်နရက်အတွင်း ပြီးအောင်စစ်ရမယ်ဆိုတဲ့ဟာကို သူကပြောလို့ရတယ်။ စုံစမ်းစစ်ဆေးလို့တွေ့ရှိရတဲ့အဖြေကိုလွှတ်တော်မှာပြန်ပြီးတော့တင်ပြမယ်။ ပြီးရင်လွှတ်တော်ရဲ့အတည်ပြုချက်ကိုပြန်ရယူရမှာပေါ့နော်။ အဲ့မှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့၃ပုံ၂ပုံက ထောက်ခံချက်ရှိလို့ရှိရင် ဒီစွပ်စွဲပြစ်တင်ချက်က ခိုင်လုံတယ်။ ၃ပုံ ၂ပုံကထောက်ခံတယ်ဆိုရင် နိုင်ငံတော် သမ္မတဆီကိုတင်ပြပြီးတော့မှ နိုင်ငံတော် သမ္မတကနေပြီးတော့မှ ဒီစွပ်စွဲခံရတဲ့ ဝန်ကြီး သို့မဟုတ်ရင် တစ်ဦးဦးပေါ့နော်။ အဲ့တစ်ဦးဦးကို သူကဖြုတ်ချပြစ်ရမယ်ဆိုတဲ့ဟာရှိတယ်ပေါ့။ တကယ်လို့စုံစမ်းစစ်ဆေးပြီးတော့မှရလာတဲ့ ရလဒ်အပေါ်မှာ ၃ပုံ ၂ပုံက မထောက်ခံဘူးဆိုရင်တော့ဖြုတ်လို့မရဘူးဆိုတဲ့ဟာကိုလည်း လွှတ်တော်ဥက္ကဌက သမ္မတဆီကို ပြန်ကြားမယ်။ ဆိုတော့ သက်တမ်းဘယ်လောက်ထိရှိလည်းဆိုတာကတော့ အဲ့ဒီလုပ်သွားတဲ့ ဒီဖြစ်စဉ်အပေါ်မှာမူတည်ပြီးတော့မှ ၁-၂လ ကြာကောင်းကြာနိုင်တာပေါ့။