ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတွင်းမှာ ဒရုန်းစစ်ဆင်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ (SODF ) ဒရုန်းတပ်ဖွဲ့ဟာ ဒရုန်းမှာလိုအပ်တဲ့ စက်ပစ္စည်း တွေဖြည့်ဆည်းနိုင်ဖို့ နဲ့ Drone (ဒရုန်း) ပညာရှင်တွေ မွေးထုတ်နိုင်ဖို့ရည်ရွယ်ပြီး “Start From Home” ဆိုတဲ့ ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဒီကမ်ပိန်းကနေ ရရှိလာမည့် အလှူငွေတွေကို ကျနော်တို့ လိုအပ်နေတဲ့ ဒရုန်း တွေအတွက် ဖြည့်ဆည်းမယ်။ ပြီးတော့ ဒရုန်းနည်းပညာရှင်တွေ မွေးထုတ်ဖို့အတွက် အဓိက သုံးမယ်။ ကျနော်တို့ ဒရုန်းတွေကို ကိုယ်တိုင်တည်ဆောက်ပြီးတော့ ပေါ့နော်။ Drone တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ Drone ဝါသနာရှင် ရဲဘော်တွေကို Drone ပညာရှင်တွေ ဖြစ်လာနိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေအတွက် Drone workshop တစ်ခုလုပ်ဖို့တွေ ဖြစ်တယ်ပေါ့နော်။” လို့ ကမ်ပိန်းရဲ့တာဝန်ခံက ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုမှု ပိုမိုများပြားလာပြီး ပြန်လည်တိုက်ခိုက်နိုင်ဖို့ ဒရုန်း နဲ့ ပညာရှင်တွေလည်း ပိုလိုအပ်လာတယ်လို့ ကမ်ပိန်းတာဝန်ခံက ပြောပါတယ်။
အဆိုပါလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လူအင်အားရှိပေမဲ့ ရံပုံငွေထောက်ပံ့မှုတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
“ဒရုန်းက ဒီတိုက်ပွဲမှာ ဘယ်လောက်ထိ အရေးပါလဲဆိုတာတော့ ပြည်သူတွေအနေနဲ့ သိပြီးကြပြီ လို့လည်း မျှော်လင့်တယ်။ ရန်သူတွေကို ပြန်တိုက်နိုင်ဖို့ ဒရုန်းလည်း အရေးပါတယ်။ ကျနော်တို့က နည်းပညာနဲ့ လူအင်အားတွေရှိတယ်ပေါ့။ အနောက်ကနေ ထောက်ပံ့ပေးနိုင်မည့် အလှူရှင်တွေလည်း လိုတယ်။”လို့ ကမ်ပိန်းတာဝန်ခံ က ဆက်ပြောပါတယ်။
ကမ်ပိန်းကာလကိုတော့ ဇူလိုင်လ ၂၀ ရက်ကနေ သြဂုတ်လ ၈ရက်နေ့အထိ သတ်မှတ်ထားပြီး ကျပ်သိန်း ၂၅၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
ကမ်ပိန်း မဲလက်မှတ်ကို တစ်စောင် ကျပ်( ၅၀၀၀၀) သတ်မှတ်ထားပါတယ်။ ကမ်ပိန်းမှာ ပါဝင်အားဖြည့်နိုင်မည့် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ https://www.wlmf.org/projects/sodf မှာလည်း ဝင်ရောက် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်းစတင်ပြီး ၁၀ရက်ကျော်လာပြီဖြစ်ပေမဲ့ ကမ်ပိန်းကနေ ရရှ်ိိဖို့ မျှော်မှန်းငွေ ၁၀ရာခိုင်နှုန်းကျော်သာ ရရှိသေးတယ်လို့ သိရပါတယ်။ ကမ်ပိန်းဦးဆောင်ပြုလုပ်တဲ့ Special Operation Drone Force ဖြစ်တဲ့ (SODF) ဒရုန်းတပ်ဖွဲ့ဟာကရင်နီပြည်က တိုက်ပွဲအတွင်းမှာ လှုပ်ရှားနေတဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်ပါတယ်။