မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အာဇာနည်နေ့ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ ၇၆ နှစ် မြောက်သွားပါပြီ။ အဲ့ဒီနေ့ကို ခမ်းခမ်းနားနား ဂုဏ်ပြုမှတ်တမ်းတင်ရမယ့်နေ့၊ အောက်မေ့သတိရတဲ့နေ့ ဖြစ်တာကြောင့် တပ်ပိုင်းဆိုင်ရာတွေ၊ ဌာနဆိုင်ရာတွေနဲ့ အာဇာနည်တွေရဲ့ မိသားစုဝင်တွေအပါအဝင် အခမ်းအနားကို ဂုဏ်ပြုဖို့ ပြည်သူလူထုတွေလည်း တက်ရောက်လာကြပါတယ်။
အခမ်းအနားကိုတော့ ကရင်နီပြည်တပ်မတော်ရဲ့ ဌာနချုပ်ဖြစ်တဲ့ တာလဲဒူဆိုလို့ခေါ်တဲ့ ညာမိုမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တက်ရောက်လာကြသူတွေဟာ ရင်ထဲမှာ ဝမ်းနည်းပြီး ကျဆုံးလေပြီးသော အာဇာနည် သူရဲကောင်းတဦးချင်းစီတိုင်းကို ကိုယ်စီ အောက်မေ့သတိရနေကြမှာ အမှန်ပါဘဲ။ အဲ့ဒီအထဲမှာ ကရင်နီပြည်က ရဲဘော်ရဲဘက်တွေအပါအဝင် ပြည်သူလူထုတွေက လေးစားအားထားကြတဲ့ ပုဂ္ဂိုလ်တဦးလည်း အပါအဝင်ပါ။
ကရင်နီပြည်အာဇာနည်နေ့ ကျင်းပတဲ့နေရာမှာ ကရင်နီပြည်အတွက်၊ ကရင်နီလူထုအတွက် အသက်ပေးဆပ်ထားတဲ့ အာဇာနည်သူရဲကောင်းများအတွက် ပီတိမျက်ရည်နဲ့အတူ ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ သူရဲကောင်းများအတွက် ဂုဏ်ယူဝမ်းနည်းမျက်ရည်တွေဟာ ထိုပုဂ္ဂိုလ်ရဲ့ စကားသံတွေထဲကနေတဆင့် ပါးပြင်ထက်ကို စီးမကျလာဖို့ ထိန်းသိမ်းထားတဲ့ သူ့ရဲ့ သန်မာမှုကို မြင်သူတိုင်းက ခံစားနိုင်ပါလိမ့်မယ်။
အဆိုပါ ပုဂ္ဂိုလ်ဟာ သူချစ်ရတဲ့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူလူထုတွေအတွက် ဘယ်လောက်အထိ ခံစားနေရရှာမလဲဆိုတာ မြင်သူတိုင်းက ထပ်တူခံစားရနိုင်ပေမယ့် သူ့နှလုံးသားထဲက နာကျင်ခံစားမှုကိုတော့ မည်သူကမျှ မီနိုင်မှာ မဟုတ်ပါဘူး။
အဆိုပါပုဂ္ဂိုလ်ကတော့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်သလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်မြတ် ပါ။ ဗိုလ်မှူးချုပ်အောင်မြတ်ဆိုတာနဲ့ ရဲရင့်ပြတ်သားပြီး သန်မာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ အားလုံးက စွဲမြဲမှတ်သားထားကြပါတယ်။
“ချက်ချင်းပြီးတော့မှ တမလွန်ဘဝပြောင်းသွားတာ ဘားမှပြဿာနာမရှိဘူး။ အခုက ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ မသန်မစွမ်းဖြစ်တာတွေက မပစ်ထားကြဖို့ ကရင်နီတစ်မျိုးသားလုံးကို ပြောချင်တယ်။ ကရင်နီ တော်လှန်ရေးလူကြီးတွေကိုလည်း ပြောချင်တယ်။ အဝေးရောက် နိုင်ငံခြားမှာရောက်နေတဲ့ ကရင်နီအမျိုးသားတွေကိုလည်း ပြောချင်တယ်။ ဒီလောက်ပဲပြောချင်တယ်။ ဝမ်းနည်းတယ်။”
အထက်ပါစကားကိုတော့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားအပြီး ကန္တာရဝတီတိုင်း(မ်) ရဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ သူပြောခဲ့တာပါ။
ဖြေကြားနေစဉ်အတွင်းမှာဘဲ အဆိုပါပုဂ္ဂိုလ်ဟာ ပူဆွေးမှုကိုဖုံးအုပ်ထားတဲ့အသံ၊ ဝမ်းနည်းပီတီဖြစ်ရတဲ့ မျက်ရည်တွေနဲ့အတူ ဖြေကြားထားပါတယ်။
သန်မာနေတယ်လို့ အားလုံးထင်ထားကြတဲ့ သူရဲကောင်းခေါင်းဆောင်ကြီးမှာလည်း နူးညံ့တဲ့နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသူပါ။
“(၇၆)နှစ် ရှိပြီ။ ဆိုတော့ ပြောချင်တာက ဒီကနေ့က ပျော်ပွဲရွှင်ပွဲနေ့မဟုတ်ဘူး။ ဝမ်းနည်းပက်လက် ဝမ်းနည်းကြေကွဲနေ့။ ဝမ်းနည်းပြီး ကြေကွဲတာတောင်မှ တိုင်းပြည်အတွက် လူမျိုးအတွက် အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မိမိတို့ ရဲဘော်ရဲဘက်ပေါ့နော။ ကျဆုံးသွားတဲ့ဟာတွေ ခေါင်းဆောင် ကျဆုံးသွားတဲ့ဟာတွေ ဝမ်းနည်းကြေကွဲတာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် ဂုဏ်ယူရမှာပေါ့။” လို့ ဗိုလ်မှူးချုပ်အောင်မြတ်က ဆက်ပြောပါတယ်။
အခမ်းအနားအတွင်း လွမ်းသူ့ဂုဏ်ပြုပန်းခွေချအပြီးမှာ အာဇာနည်တွေရဲ့ မိသားစုဝင်အသီးသီးဟာ ဌာနချုပ်ရဲ့ အာဇာနည်ကုန်းမှာ ဖယောင်းတိုင်၊ အမွေးတိုင်တွေ ကိုယ်စီထွန်းပေးကြပြီး သူတို့ရဲ့ ရိုးရာအယူအဆအရ အစားအသောက်တွေနဲ့လည်း အောက်မေ့သတိယကာ ကျွေးမွေးတာတွေ ပြုလုပ်ကြပါတယ်။ အဲ့ဒီအထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။
အဆိုပါ အမျိုးသားဟာ ကျဆုံး အာဇာနည်တစ်ဦးဖြစ်တဲ့ သူ့ရဲ့သားဖြစ်သူအပါအဝင် တခြားသော အာဇာနည်သူရဲကောင်းများကို လေးစားပြီး အောက်မေ့သတိရနေတာပါ။ သားဖြစ်သူကို ဂုဏ်ယူစွာသတိရကြောင်း နုတ်ဖျားကနေ ရေရွတ်ပြီး အုတ်ဂူတွေမှာ မီးထွန်းတာ၊ အစားအသောက်ကျွေးတာတွေကို ပြုလုပ်နေပါတယ်။
သားဖြစ်သူရဲ့ မြေသဂြိုလ်ထားတဲ့နေရာ အတိအကျကို မမှတ်မိတာကြောင့် အာဇာနည်ကုန်းက သစ်ပင်တစ်ပင်ကို တိုင်တည်ပြီး သားဖြစ်သူကို အောက်မေ့သတိယကြောင်း နုတ်ဖျားကနေ ရွတ်ဆိုနေပါတယ်။
“ကျနော့်သားက ၈၁ ခုနှစ်မှာ မွေးတာ။ ကျသွားတာ သုံးနှစ်ကျော်ပြီ။ အာဏာသိမ်းပြီးမှ ကျတာ။ သူ့နာမည်က ငါးရယ်။” လို့ သူကပြောပြပါတယ်။
အထက်ပါ အမျိုးသားက လက်ထဲကမီးခြစ်ဆံကို ခြစ်ရင်း ဖယောင်တိုင်၊ အမွေးတိုင်မီးတွေ ထွန်းရင်း သားဖြစ်သူအကြောင်းကို စာရေးသူထံ ပြောပြပါတယ်။
“စစ်တပ်က ကျနော်တို့ကို ဖိနှိပ်တာတွေကို အားလုံးအတူတူ ဝိုင်းဝန်းကြိုးစားပြီးတော့ ဆက်တော်လှန်ကြမယ်လေနော။ ကျနော် အများကြီးလည်း မပြောတတ်ဘူး။” လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။
အာဇာနည်နေ့ကို အထူးလေးစားတန်ဖိုးထားပြီး နှစ်စဉ်နှစ်တိုင်း အောက်မေ့သတိရပေးကြဖို့နဲ့ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အမျိုးသားလွတ်မြောက်ရေးအတွက် အသက်၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူတွေကို မမေ့ထားကြဖို့ ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းတောင်းဆိုထားပါတယ်။
“ကျနော်တို့ သူတို့ (ကျဆုံးလေပြီးသော အာဇာနည်များ) ကြောင့် အသက်ရှင်သန်နေရတာလည်း ရှိတယ်။ သူတို့ကြောင့် စာတတ်ပေတတ်ဖြစ်လာတယ်။ သူတို့ကြောင့် စားရသောက်ရတယ်။ သူတို့ကြောင့် ချမ်းသာလာတာလည်း ရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့ မမေ့ဖို့ လိုတယ်။ အထူးသဖြင့် အသက်ပေးဆပ်ထားကြတာ ရဲဘော်တွေဖြစ်တယ်။ နံပါတ်-၂ က ပြည်သူလူထုတွေ ဖြစ်တယ်။ အဲ့ဒါတွေကို သတိရကြပါလို့ ပြောချင်တယ်။” လို့ ဗိုလ်မှူးချုပ်အောင်မြတ်က အခမ်းအနားရဲ့ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
ဒါ့အပြင် “အရေးကြီးဆုံးက စည်းလုံးညီညွတ်မှုဘဲ။ အချင်းချင်း ကြည့်ရှု့ကြဖို့၊ စာနာကြဖို့၊ အောက်မေ့သတိရကြဖို့ဘဲ ဖြစ်တယ်။ သေဆုံးသွားတာ နှစ်ပေါင်း ၂၀ – ၃၀ လောက် ရှိရင် ကျနော်တို့က အချင်းချင်း မေ့သွားကြတယ်။ ကျနော်တို့ ဘိုးဘွားတွေ၊ မိဘတွေ၊ မောင်နှမတွေ၊ ရဲဘော်ရဲဘက်တွေကို မေ့သွားကြတယ်။ တိုင်းပြည်၊ ကျေးရွာ တွေကိုလည်း မေ့သွားကြတယ်။ သတိလက်လွတ်မနေကြပါနဲ့။ ရဲဘော်ရဲဘက်တွေထဲက စာတတ်ပေတတ်တွေလည်း ရှိတယ်။ ပိုပြီး လေ့လာကြပါ။ ပညာသင်ယူနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း ကြိုးစားပြီး သင်ယူကြပါလို့ ပြောချင်တယ်။” လို့ ဗိုလ်မှူးချုပ်အောင်မြတ်က ဆက်လက်ပြီး တိုက်တွန်းပြောဆိုသွားပါတယ်။
အာဇာနည်သူရဲကောင်းများဆိုတာဟာ ကရင်နီပြည်တပ်မတော် KA တစ်ခုတည်းကို ရည်ညွန်းနေခြင်း မဟုတ်ဘဲ အာဏာရှင်ကို တော်လှန်နေရင်း တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ရပ်ရွာအတွက်၊ မိသားစုအတွက် အသက်၊ ကိုယ်ခန္ဓာပေးဆပ်ခဲ့ရသူ ရဲဘော်ရဲဘက်တွေအပါအဝင် ပြည်သူလူထုတွေအားလုံး ပါဝင်တယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ်က မိန့်ခွန်းအတွင်းမှာ ရှင်းပြပြောဆိုထားပါတယ်။
အာဇာနည်နေ့ရဲ့ ၇၆ နှစ်အတွင်း အသက်၊ ကိုယ်ခန္ဓာ ပေးဆပ်ခဲ့ရသူတွေဟာ သောင်းဂဏန်းအထိ ရှိလာပြီး ဒီကနေ့အထိ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှုက အရေးကြီးဆုံးသော အချက်ဖြစ်ပြီး အချင်းချင်းကာကွယ်စောင့်ရှောက်ကြဖို့ကိုလည်း ဗိုလ်မှူးချုပ်အောင်မြတ်က အခုလိုဘဲ တိုက်တွန်းပြောဆိုသွားပါတယ်။
“ကျနော်တို့ ထမင်းအတူစားတယ်။ တိုက်ပွဲအတူဝင်တယ်။ အတူပျော်တယ်။ အတူဆင်းရဲတယ်။ အချင်းချင်းစောင့်ရှောက်ကြပါ။ ဒီနေ့ကစပြီး ရှေ့လျှောက်လည်း ပိုပြီးစည်းလုံးကြဖို့ မြင်ချင်ပါတယ်။ ကိုယ့်အတွက်ဘဲ ကိုယ်ရှာဖွေစားသောက်တာမျိုး မလုပ်ကြပါနဲ့။ ကိုယ်လွတ်မြောက်မယ် ဆိုပြီးတော့လည်း မတွေးပါနဲ့။ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။”
ကရင်နီအမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌ ၊ သီးခြားလွတ်လပ်သော ကရင်နီပြည် ၊ ကရင်နီအမျိုးသားခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ဟာ ဖဆပလအုပ်စုနဲ့ သွားရောက်ဆွေးနွေးစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ ကျဆုံးသောနေ့ကို အစွဲပြုပြီး ၁၉၄၈ ခုနှစ် ကတည်းက ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။
အာဇာနည်သူရဲကောင်း တဦးချင်းစီတိုင်းကို လေးစားဂါရဝပြုလျှက်ပါ..။