ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းနေအရွယ် ကလေးတွေအတွက် ရည်ရွယ်ပြီး စားနပ်ရိက္ခာတွေ အပြင် တကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ ကူညီပေးဖို့ ကယားလီဖုလူငယ်အဖွဲ့ကနေ တောင်းဆိုလိုက်ပါတယ်။
အဆိုပါ ဘော်ဒါဆောင်ကို ကယားလီဖု လူငယ်အဖွဲ့ကနေ ဦးစီးဖွင့်လှစ်ထားတာဖြစ်ပြီး အလှူရှင် ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေရတယ်လို့ ကယားလီဖုလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
“ဒီအတောအတွင်းမှာက အလှူရှင်တွေဆီကနေပဲ အားကိုးရတာပေါ့နော ။ အလှူရှင်အဖွဲ့ဆိုပြီး သီးသန့်တော့မရှိဘူး ဝိုင်းရှာကြတာမျိုးပဲပေါ့နော။ ဟိုနည်းနည်း ဒီနည်းနည်း လှူပေးတဲ့ဟာနဲ့ပဲ ထောက်ပံ့ရတာပေါ့နော။ အခု အဓိက လိုအပ်တာကတော့ စားရေးသောက်ရေးအတွက် စားနပ်ရိက္ခာပေါ့နော်။ ပြီးတော့ တကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်တွေ ဖြစ်ပါတယ်”လို့ ကယားလီဖုလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဘော်ဒါဆောင်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖွင့်လှစ်ထားပြီး ဘော်ဒါဆောင်မှာနေထိုင်ဖို့ ကျောင်းသား၊ ကျောင်းသူ ၂၀ဦးကို သာ လက်ခံထားနိုင်သေးတယ်လို့ ဆိုပါတယ်။
ကျောင်းနဲ့အလှမ်းဝေးတဲ့ကလေးတွေ၊ ကျောင်းဆက်လက်တက်ရောက်နိုင်ဖို့ ပိုပြီးအခက်အခဲရှိတဲ့ ကလေးတွေအတွက် ဘော်ဒါဆောင်ကိုတော့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ကယားလီဖုလူငယ် အဖွဲ့က ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ဘောလခဲမြို့ကနေ စစ်ဘေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်အများစုနေထိုင်ကြပြီး စစ်ရှောင်ဦးရေ ၁၄၀၀ ကျော် ရှိပါတယ်။