spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးရွာတချို့တွေမှာ နင်းမိုင်းရှိနေသေးတာကြောင့် ပြည်သူတွေ နေရပ်ပြန်ပြီး မနေကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်က ကျေးရွာတချို့တွေမှာ ပြည်သူတွေ နေရပ်ပြန်ပြီး မနေကြသေးဖို့ စစ်ရှောင်ကူညီဆောင်ရွက်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အသိပေးတိုက်တွန်းထားပါတယ်။

အထူးသဖြင့် ဖယ်ခုံမြို့ပေါ်မှာ နင်းမိုင်း အများအပြားရှိနေသေးသလို တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေဆဲဖြစ်တာကြောင့် ပြည်သူတွေ နေရပ်ပြန်ဖို့ လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့အရပ်ကို ဦးတည်ပစ်ခတ်မှုတွေရှိနေတာကြောင့်လည်း လူထုတွေအနေနဲ့ ကျေးရွာအတွင်း နေထိုင်ဖို့ လုံခြုံရေးအရ အဆင်မပြေဘူးလို့ မိုးဗြဲ PDF(၁၀၀၁) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီဝါရီကောခူဖက်မှာတော့ ပြည်သူတွေ တိမ်းရှောင်နေရတာရှိတယ်။ ဘာလို့ဆို သူတို့တောက်လျှောက် လက်နက်ကြီး ပစ်ခတ် ညအချိန်မတော် မျိုး ထု(ပစ်ခတ်) တတ်တာပေါ့နော်။ အဲ့ဒါကြောင့်မို့ ပြည်သူတွေ တိမ်းရှောင်နေရတာမျိုးတော့ ရှိတယ်။ တိုက်ပွဲမဖြစ်တဲ့ နေရာတွေလည်း ကျေးရွာအတွင်းနေလို့အဆင်မပြေတဲ့ အနေအထားမှာပေ့ါ။”လို့ မိုးဗြဲ PDF(၁၀၀၁) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတွေဟာ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook အကောင့်တွေမှာ ဖယ်ခုံမြို့ပေါ် နဲ့ ကျေးရွာတွေမှာ ပြည်သူတွေပြန်နေလို့ရကြောင်း ဝါဒဖြန့်ဝေမှုတွေ လုပ်နေတာရှိသလို ရှမ်းပြည်ရောက် ကရင်နီစစ်ဘေးရှောင်တွေကိုလည်း နေရပ်ပြန်ကြဖို့ ဖိအားပေးမှုတွေ လုပ်နေတာရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကျေးရွာတွေမှာ နင်းမိုင်းတွေ ရှိသေးတာကြောင့် နေရပ်မပြန်ကြသေးဖို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ Karenni Hope အသင်းဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလို အသိပေးပြောဆိုထားပါတယ်။

“ဖယ်ခုံ ပြန်လို့ရပြီဆို‌ပြီးတော့ အကြမ်းဖက် စစ်ကောင်စီလော်ဘီတချို့ က လွိုင်ကော် နဲ့ပတ်သက်တဲ့ ပေ့ချ်တွေမှာတင်နေတာတွေ အများကြီးပါ။ ပြန်လို့မရသေးပါဘူးနော် သူတို့ထောင်ထားတဲ့ နင်းမိုင်းတွေ ရှိပါတယ်။ လေယာဉ်လဲ လာကြဲနိုင်ပါတယ်။” လို့ သူက ပြောဆိုထားပါတယ်။

စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာမှာ နင်းမိုင်းကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့မှာလည်း လွိုင်ကော်မြို့ နောင်ယား(ခ) ရပ်ကွက်မှာ နင်းမိုင်းကြောင့် အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး ဘယ်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာအတွင်းကို နင်းမိုင်းတွေထောင်ထားခဲ့တာရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေမှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတာကြောင့် ပြည်သူအများစုဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

“ ပြည်သူတွေ စပါးရိတ်တဲ့အချိန်မှာ လယ်ကွင်းတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်တယ်။ ပြီးမှ ရွာထဲကို ပစ်ခတ်တိုက်ခိုက်တယ်ပေ့ါနော်။”လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီး၊ ညောင်ရွှေ စတဲ့ မြို့နယ်တွေမှာ လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့ လွိုင်ကော်ရောက် စစ်ရှောင်လူထုတွေရဲ့ စာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ကောက်ခံနေတာရှိပြီး လာမယ့်နွေရာသီမှာ စစ်ကောင်စီ က နေရပ်ပြန်ခိုင်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်)ကို ပြောပြလာတာရှိပါတယ်။

spot_img
spot_img
spot_img

Recent posts