spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

မီးလောင်သေဆုံးခဲ့ရတဲ့ ကျောင်းဆရာမ ရဲ့ မိခင်ဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၂၃ ရက်နေ့ညမှာ ကျောင်းဆရာမတဦးဟာ သူမ တာဝန်ကျတဲ့ကျေးရွာမှာ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်သေဆုံးရတဲ့ ဖြစ်စဉ်ကို မိသားစုအနေနဲ့ မသိရှိရသေးဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။ သေဆုံးခဲ့ရသူ ကျောင်းဆရာမရဲ့ မိခင်နဲ့ ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ။ ကျမ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကပါ။ ဒေါ်ဒေါ် သမီးလေးရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါ်ဒေါ်ဖက်က ပြောပြလို့ အဆင်ပြေနိုင်မလား ဆိုတာလေး ဆက်သွယ်တာပါ။

ဖြေ ။ ။ ပြောလို့ အဆင်ပြေတယ်။ ဖြစ်ပုံက ဒီမနက်ဘဲ သဂြိုလ်ပြီးတာပေါ့နော်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညကလေ ကရင်ပြည်နယ်၊ လာစောကျေးရွာမှာ ကျောင်းစာသွားသင်တာ။ သူများလာခေါ်လို့ ဆရာမ သွားလုပ်တာပေါ့နော်။ လိုအပ်တယ်ဆိုတော့ သူများ သူ့ကို လာခေါ်ခါကျတော့။ အဲ့ဒီအဖွဲ့အစည်းက KNEC ထဲမှာ ပါတယ်။ ကယန်းရဲ့အမျိုးသားပညာရေး ကော်မတီ သူတို့အဲ့လိုရေးထားတယ်။ အဲ့လိုမျိုးလေ။ သူတို့လာခေါ်တော့ သမီးလည်းသွားတာပေါ့။ သွားပြီးတာနဲ့ တလမှာ ဖုန်းလိုင်းလည်းမရှိဘူး။ အဝေးကြီးသွားရတယ်။ ရိုးရိုးဖုန်းခေါ်လို့လည်း မရဘူး။ သမီးက ကြိုးစားပြီးတော့ လိုင်းလာတက်ပေးတယ် တခါ။
တလအကြာ၊ တလ – နှစ်လ ပြည့်ခါနီးနေပြီ သူလာခေါ်တာပေါ့နော်။ သူ့ကိုလည်း ဝမ်းသာအားရနဲ့ စကားအများကြီးပြောရတယ်လေ။ မို့မို ဒီဘက်ခါကျတော့ ဘာမှ ဆက်သွယ်ရေးလိုင်းလည်း မရှိတာ။ အရမ်းဝေးတယ် သူပြောတယ်ပေါ့နော်။ နေတာကလည်း သူများပေးနေတယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ သူ့မိန်းမ အိမ်မှာ။ သမီးက အဲ့လိုမျိုး ဘုန်းကြီးကျောင်းအိမ်မှာ သူတို့နေတာလေ။ ဒါပေမယ့် သမီးမသိဘူး အဲ့အချိန်က။ ကျောင်းအုပ်ဆရာတို့နဲ့ အတူတူနေခိုင်းတယ် သူပြောတယ်ပေါ့နော်။ ဟုတ်လာ သူ့ကို ပြန်ပြောတာ။ အဲ့လိုမျိုး အကြာကြီး ပြောခါကျတော့။ သမီးက တချက်လောက် ရင်ဖွင့်ပြတော့ ရင်ဖွင့်ပြတယ် ကျမကို။
မို့မို အဲ့လိုမျိုး သူတို့ရွာသူ၊ ရွာသား ကောင်းတယ်။ ဒါပေမယ့် ဆရာနဲ့နေရာတာလေ သူ့မိန်းက သမီးအပေါ်မှာ မကြည်သလိုဘဲ သူပြောတယ်ပေါ့နော်။ ကျမကလည်း သမီးရယ် မကြည်ဘူးဆိုလည်း ကိုယ့်ဖာသာကိုယ် အိမ်မှာတောင်းနေလိုက်ပါလား ဥက္ကဌတို့ အတွင်းရေးမှူးတို့ အဲ့လိုမျိုး သွားညှိနှိုင်းပြီးတော့ တခြားနေရာမှာ သွားနေလိုက်။ ပြီးတော့ ကျောင်းသားတွေနဲ့ အတူအိပ်ခိုင်း သူ့ကို ပြောလိုက်တာပေါ့နော်။
နောက် သမီးက မို့မို ။ သည်းခံလိုက်ဦးမယ်။ ကြိုးစားနေမယ် သူတို့ပြောပါစေ။ ကိုယ်မလုပ်ရင် ပြီးတာဘဲ သူအဲ့လိုမျိုးပြောတာ။ ကျမ သမီးက အရမ်းကောင်းတယ်ပေါ့နော်။ သူမငြင်းဘူးလေ။ အဲ့ကြောင့် အဲ့ဆိုလည်း သမီးသဘောဘဲလေ။ သမီးသည်းခံနိုင်ရင် ပြီးရော အဲ့လိုမျိုး ပြောလိုက်တာ။ ကြိုးစားနေမယ် ပြီးတော့ သူတို့ရွာက ကလေးကလေ စာလည်း မတတ်ဘူး။ ရွာက ကလေးထက်ဆိုးတာ စာလုံးပေါင်း မတတ်ဘူး။ သူတို့ကို ကြိုးစားပြီးတော့ သင်ပေးမယ်။ တာဝန်ကျေအောင်လုပ်မယ်။ သမီးက အဲ့လိုမျိုးတော့ ပြောတယ်ပေါ့နော်။
သမီးက အဲ့လိုမျိုး ကြိုးစားပေးတာ။နောက်ပြီးတော့ အဲ့အချိန်မှာဘဲ တခါဘဲ ဖုန်းပြောဖူးတယ်။ နောက် ၂ လပြည့်တော့မယ်။ သူသွားနေတာ သုံးလကျော်ပြီလား မသိဘူး။ အကြာကြီးပျောက်သွားတယ်။ ကျမလည်း သမီးဖုန်းကို မျှော်နေတာပေါ့နော်။ နေ့တိုင်း နေ့တိုင်း လိုင်းတက်တော့မလား မျှော်နေတာ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ညမှာ တကယ်တမ်းက အဲ့လိုမျိုးဖြစ်နေတာ။ ဘာဖြစ်လဲဆိုတော့ တခါတည်း မီးလောင်တာတဲ့။ စဉ်းစားကြည့်ပါဦး။ နောက်အတူတူနေတဲ့ ဆရာနဲ့သူ့မိန်းမရော ဆိုတော့ သူဘယ်ရောက်နေတာလဲဆိုပြီးတော့ ပြောနေတာပေါ့နော်။ တခုခုတော့ တခုခုဘဲဆိုပြီးတော့ ပြောနေတာ။ ဒါပေမယ့် အဲ့လိုမျိုး ကိုယ်ကလည်း မသိခါကျတော့လေ။ ဒါပေမယ့် ကျမ သမီး ဘာဖြစ်လို့ အဲ့လောက်အထိ ကြေမွပြီးတော့ မီးလောင်လိုက်တာလဲလို့ ကျမ စဉ်းစားလို့ မရဘူးလေ။ အရမ်းခံစားရတယ်။ ကျမ သမီး အဲ့လောက်ထိ ပူလောင်အောင်လုပ်တာ။ အမှန်ဆိုရင် အဲ့ဒီဆရာနဲ့ သူ့မယားက အောက်မှာ အိပ်လို့ရှိရင် မီးလောင်လို့ရှိရင်တော့ ကျမ သမီးကို မရရအောင် ခေါ်ထုတ်ရမှာလေ။ ဘာဖြစ်လို့ မခေါ်ထုတ်လဲ ကျမလည်း မသိတော့ဘူး။ နားမလည်တော့ဘူးလေ။

မေး ။ ။ ညမိုးချုပ်မှာ ဖြစ်သွားတာလား။

ဖြေ ။ ။ ဟုတ်တယ်။ ညမိုးချုပ်ဖြစ်တာ သူတို့ပြောပုံအရဆို ညမိုးချုပ်လေ။ ဘယ်အချိန်ဘယ်နနာရီလဲဆိုတာ ကျမလည်း သေချာမသိဘူး။ သေချာလည်းမမေးဘူး။ ဘာဖြစ်လဲဆို ကြားရတာနဲ့ အိပ်ရာပေါ်မှာဘဲ လဲနေတယ်။ နောက်ပြီးတော့ ကိုယ်ကလည်း ဝေးနေတဲ့ခါကျတော့လည်း သူတို့လိုင်းလည်းမမိဘူးလေ။ ညတုန်းကဆို တညလုံးတော့ ပြောဖြစ်တယ်။ ဒါပေမယ့် အဲ့လိုအမေတို့နဲ့ စကားပြော၊ ညီအကို မောင်နှမတွေနဲ့ သူ့အကြောင်းပြောရင်းနဲ့ အဲ့လို။ ဘယ်နနာရီ၊ ဘယ်အချိန်လဲ မသိဘူး။ နောက်ပြီးတော့ အဖေတို့က အဲ့လိုမျိုး ကြားကြားချင်း နေ့လည်မတိုင်ခင်မှာ။ ဖြစ်ပုံက ညမိုးချုပ်။ နောက်ပြီးတော့ လာစောအဲ့ဒီကျေးရွာကို သူတို့(သေဆုံးသူရဲ့ အဖိုး၊အဖွား) မသိဘူးလေ။ သမီးနေတဲ့ ကျေးရွာက ကျမတို့နေတာ ဒေါဆိုကလောဆိုတာ သူတို့မသိဘူးလေ။

နောက်ဆီးဘူးဖက်ကို သူတို့ပြေးလာတာ။ ဆီးဘူးဖက်က ကယန်းပြည်သစ်တွေကို သူတို့လာပြောပြတာ ရွာသူရွာသားက။ ကယန်းပြည်သစ်က ကျမတို့ အမေတို့ဆီကို တခါလာပြောပြတာပေါ့နော်။ လာပြောပြတာနဲ့ ကယန်းပြည်သစ်ကားနဲ့ဘဲ တခါတည်းသွားသယ်လာတာလေ။ သယ်ခါကျတော့ အဲ့ဒီ တနင်္လာနေ့ မိုးချုပ်ရောက်မလားဆို မရောက်ဘူး။ မနေ့က(စက်တင်ဘာလ ၂၄ ) ရက်နေ့ မနက်ဘဲ ရောက်လာတာ သွားသယ်လာတာ။ လမ်းပန်းဆက်သွယ်ရေးလည်း အရမ်းခက်ခဲတယ်။ ပြီးတော့လည်း ဖုန်းလိုင်းလည်း မရှိဘူးလေ။ နောက် ကျမလည်း စဉ်းစားမိတာ သူတို့ပြောပုံကလည်း ဘာဖြစ်လို့ အဲ့လိုမျိုး မီးအဲ့လိုမျိုးဘဲ လောင်နေတာလဲ ကိုယ်ကလည်း သေချာမသိဘူး။ ကိုယ်ကလည်း နားမလည်ဘူး။ ဒါပေမယ့်လေ ကျမ သမီးကို သူတို့များ အဲ့လိုမျိုး တခုခုဖြစ်မလား။ ကျမ တွေးတာပေါ့နော်။ နေလို့လည်း မပျော်ဘူး။ ဘာဖြစ်လဲဆို ကျမသမီးက ဘာလို့ အဲ့လောက်ထိ ကြေမွနေတာလဲ ကျမစဉ်းစားလို့ မရဘူး။ ကျမတို့အဖေက လာကောက်တဲ့အချိန်ဆို သူ့ဗိုက်က တနေရာရောက်တယ်။ ကျေးရွာတွေက အလောင်းတွေအကြီးတွေဘဲ ကောက်ရတော့တယ် ပြောတယ်လေ။ နောက်ပြီးတော့ အသေးအမွှားတွေဆို သူတို့မကောက်ပေးတော့ဘူးလေ။ အဲ့ညက တနင်္လာနေ့ဆို ရွာသူ၊ ရွာသားတွေက သူတို့ပွဲလုပ်ပေးပါတယ်။ ငါတို့ ဆရာမဘဲ ပြောတော့ပြောတယ်။ ဒါပေမယ့် ကျမ စဉ်းစားနေတာ တခုက မီးအဲ့လောက်လောင်နေတာ ဘာဖြစ်လို့ ကျမသမီးလောင်ရဲ့သားနဲ့ အမြန်မကယ်လဲ။ အမြန်ကယ်လို့ရှိရင် ကျမသမီးက သေလည်း တကိုယ်လုံးရှိရမှာလေ မဟုတ်လာ။ အမြန်မကယ်ဘူး။ ဘာဖြစ်နေတာလဲ ကျမ စဉ်းစားလို့ မရတော့ဘူး။

မေး ။ ။ အိမ်က တအိမ်လုံး လောင်သွားတာလား။ ဒေါ်ဒေါ် ဘယ်လိုသိထားလဲ။

ဖြေ ။ ။ ဟုတ်တယ် တအိမ်လုံးလောင်သွားတာ။ နောက်ပြီးတော့ ဘေးမှာလည်းသူများဟာ ရှိနေတယ်လေ။ သူများဟာလည်း ဘာမှမဖြစ်ဘူး။ ပြီးတော့ ကျမ သမီးပြောပုံက စစ်ခွေးလည်း တခါမှ မရောက်ဘူးတဲ့ အဲ့ရွာက။ လက်နက်ကြီးလည်း မကျဘူး။ ဘာသံမှ မကြားဘူး တဲ့။

မေး ။ ။ ဘယ်လိုကြောင့်မီးလောင်လဲဆိုတာ မသိရသေးဘူးပေါ့နော်။

ဖြေ ။ ။ ဘာမှမသိရသေးဘူး။ အဖေတို့လည်း ပြန်လာကောက်တဲ့နေ့ဆိုရင် အရမ်းရင်ကျိုးသွားတယ်ပေါ့နော်။ သမီးကို ဟိုကောက်လိုက်၊ ဒီကောက်လိုက် ဘာမှမပြောနိုင်ဘူး။ သူတို့ပြောနေတာ။ အရမ်းဝမ်းနည်းတယ်။

မေး ။ ။ အခုက သူသွားတဲ့ ဒေါ်ဒေါ် ပြောတဲ့ KNEC ကိုရော ဒေါ်ဒေါ်တို့ သူတို့ကို တခုခု ပြောပြတာမျိုး ရှိလား။

ဖြေ ။ ။ ရွာဖက်ကတော့ ပြောပေးမှာဘဲ။ ဒါပေမယ့် ဒေါ်ဒေါ်က ဘာမှမကြားရသေးဘူး။ သူတို့ဖက်က လိုင်းလည်း မရှိတော့ခါကျတော့ ဘယ်လိုမှ ဆက်သွယ်လို့ အဆင်မပြေသေးဘူး။ ဒါပေမယ့် အိမ်ဘေးမှာတော့ လိုင်းရှိတယ်။ ရွာအောက်ဘက်မှာ။ ညညဆို သူတို့လာပြောလို့ရတယ်။ တခါတလေ လာဖွင့်ပေးတယ်။ သူတို့ကို သေချာမေးကြည့်မယ်။ ရွာက သူငယ်ချင်းတယောက်လည်း ရအောင်ဖော်ထုတ်မယ်လို့ သူပြောနေတာ။ လိုက်ပေးမယ် သူတို့ပြောကြတယ်။ ကျမ သူငယ်ချင်းလည်း ပြောနေကြတာ။ သွေးရိုးသားရိုးထဲ မပါဘူး ပြောတော့ ပြောနေကြတာပေါ့နော်။ အမှန်ကို ဖော်ထုတ်ပေးမယ်လို့ ပြောနေကြပါတယ်။ လိုက်ပေးမယ် သူတို့လည်း ပြောနေကြပါတယ်။

မေး ။ ။ သမီးလေးက အသက်ဘယ်လောက်ရှိပြီလဲ။

ကျမ သမီးက ၂၀ တောင် ကောင်းကောင်းမပြည့်သေးဘူး။ ဒီဇင်ဘာမှ ၂၀ ပြည့်မယ်။ သူက စစချင်း NUG ဖွင့်ထားတဲ့ကျောင်းကပေါ့။ တော်လှန်ရေးဖြစ်တဲ့နောက်ပိုင်းမှာ NUG ဖွင့်ထားတဲ့ကျောင်း သူပါတယ်လေ။ နောက် သူ NUG ဆယ်တန်းနဲ့အောင်သွားတယ်။ ဒါပေမယ့် အောင်စာရင်းလည်း သူများမပေးဘူး။

မေး ။ ။ သမီးနဲ့ အနေဝေးတာ ဘယ်လောက်ကြာသွားပြီလဲ။

ဖြေ ။ ။ အခုက ကျမ ဒီထိုင်းနိုင်ငံမှာ လာနေတာ ငါးလ လောက်ဘဲ ရှိပါသေးတယ်။ ဒေါ်ဒေါ်က အရင်က စင်ကာပူမှာ ၉ နှစ်နေတာလေ။ အရင်တလောက သူတို့နဲ့ အတူတူပြန်လာနေတာ။ စင်ကာပူ ပြန်ထွက်လို့ မရသေးဘူးဆို ဒေါ်ဒေါ်က ဒီဘက်ကို ပြန်ထွက်လာတာ။ သူသွားတာလည်း သိပ်မကြာသေးဘူး အဲ့ဘက်ကို။ သုံးလကျော်လောက်ဘဲ ရှိသေးတယ်။ အဲ့လောက်ဘဲရှိပါသေးတယ်။

မေး ။ ။ တာဝန်ရှိသူတဲ့သူတွေကိုရော မိခင်တစ်ယောက်အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘယ်လိုဖြစ်စေချင်လဲပေါ့နော်။

ဖြေ ။ ။ ဖြစ်စေချင်တာက ကျမ တယောက်အနေနဲ့ဆိုရင် ကျမ သမီး အဲ့လောက်အထိ အကယ်၍ မတော်တဆဖြစ်ရင်လည်း အဲ့လောက်အထိ ဖြစ်လိမ့်မယ်လို့ မထင်ဘူးလေနော်။ ဘာဖြစ်လို့လဲဆို တအိမ်လုံးလောင်ပြီးတော့ ကျမ သမီး ဘာလို့ အဲ့လောက်ထိ ကြေမွလဲ သိချင်တာ တခုလေး။

မေး ။ ။ အခုမှ ဝန်ထမ်းလုပ်ဖူးလား။

ဖြေ ။ ။ အရင်က တခါမှ မလုပ်ဖူးဘူး။ သူ ကျောင်းပြီးတာနဲ့ ဒေါ်ဒေါ် သူ့ကို ( Nurse ) သင်တန်း ရန်ကုန်မှာ ၆ လပြီးသွားပြီ။ လက်မှတ်လည်း ယူထားပြီးပြီ။ နောက်ပြီးတော့ သူက အဲ့လိုမျိုး သူများလာခေါ်ခါကျတော့ လူလည်းလိုနေတော့ အဲ့ရွာမှာ လူလိုတယ်ဆိုတော့ သူလည်း ကျောင်းဆရာမ သူဝါသနာပါတယ်လေ။ အဲ့ရွာဆို သူသွားတာလည်း အရမ်းပြောလို့အဆင်ပြေတယ် ကျမ သမီးက။ အဲ့ရွာဆို စာမတတ်ဘူး မို့မိုရေ…အဲ့လိုပြောတာ သူက။ ဒါပေမယ့် သူတို့တတ်အောင် သင်ပေးမယ် သူအဲ့လိုမျိုး ကြိုးစားတာ ကလေးအပေါ်ကို။ အရမ်းသဘောကောင်းတယ် ကျမ သမီး။ အဲ့လောက်အထိ ဖြစ်စရာလည်း မလိုပါဘူးလို့ ကျမ စဉ်းစားနေတာ။ သူ့ရဲ့ဘာဖြစ်လို့ ဝဠ်ကြွေး အဲ့လောက်ထိ ဖြစ်နေတာလဲ။ စဉ်းစားလို့ မရဘူးလေ။

မေး ။ ။ သား၊ သမီး ဘယ်နယောက်ရှိလဲရှင့်။

ဖြေ ။ ။ သား၊ သမီးက ၂ ယောက်ရှိတယ်။ ဒါပေမယ့် အဖေတော့ မရှိတော့ဘူးပေါ့နော်။ ကွဲသွားပြီလေ။ ကျမ သားလေးဆိုအခုဆို ၁၁ နှစ် ရှိနေပြီ။ ကွဲသွားတာ ကြာပြီ။ ကိုယ်က ဖခင်နေရာမှာလည်း ဒေါ်ဒေါ်၊ မိခင်နေရာမှာလည်း ဒေါ်ဒေါ်၊ အိမ်ထောင်ဦးစီးလည်း ဒေါ်ဒေါ် အဲ့လိုဖြစ်သွားတာ။ အခုခါကျတော့ သမီးကို ဆုံးရှုံးရတယ်။ သမီးက အကြီးဆုံး၊ သားလေးက အငယ်။ သားက အခုဆို ငါးတန်းဘဲ တက်သေးတယ်။

မေး ။ ။ ဖြစ်စဉ်လည်း ဒေါ်ဒေါ်တို့ ဘာမှ မသိရဘူးဆိုတော့ တခြားတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဒေါ်ဒေါ်အနေနဲ့ ဘာပြောချင်လဲ။ လူတိုင်းလည်း သိချင်မှာဘဲပေါ့ ဘာလို့ဒီလိုဖြစ်သွားလဲဆိုတာကို။ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုအကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ထားလဲ။

ဖြေ ။ ။ ဒေါ်ဒေါ်ကလေ ခရစ်ယာန်တယောက်ဆိုတော့ တခါတလေတော့လည်း စိတ်ပြေမှုက ဒီအတိုင်းဘဲ ထားရင်ကောင်းမလားလို့ ဒါပေမယ့် ကိုယ်တွေးကြည့်ခါကျတော့ ကိုယ့်သမီးကိုလည်း အရမ်းချစ်ခါကျတော့ သူ ဘာလို့ အဲ့လောက်ထိ ဒီလိုမျိုးဖြစ်နေတာလဲဆိုတာ အမှန်တရားကို သိချင်တာဘဲလေ။

မေး ။ ။ အိမ်က မိသားစုဝင်တွေရော တခုခုပြောတာမျိုး ရှိလား။ အဆက်အသွယ်ရတာမျိုးရှိလား။

ဖြေ ။ ။ သမီး စစသွားတုန်းဆို အမေတို့ ( အဖွားဖြစ်သူ) တို့ဆို ဘာမှမသိဘူး။ မသိဘူးဆိုတာက သမီးရဲ့ ဖွင့်ပြောချက်တွေကို ပြောတာ။ သမီးသွားတဲ့နေရာကိုတော့ သူ့အဖိုး၊ အဖွားတွေ သိတယ်။ ဒါပေမယ့် အဲ့လိုမျိုး သူဖွင့်ပြောပြတာကလည်း သူ့အဖွားတို့ မသိဘူးလေ။ ကျမ တယောက်တည်းဘဲ ပြောပြတာ။ လိုင်းမိတုန်းက။ ဟိုတနေ့က အဖေတို့ အလောင်းသွားယူတဲ့နေ့ကလည်း ဘေးကဆရာမလည်း ဘာပြောလဲဆို သူများ သူ့ကို အဲ့လိုမျိုး တခုခုလား မသိဘူး။ သူများ အဲ့လိုမျိုး သူလည်း မသင်္ကာဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆို သူပြောပုံက သောကြာနေ့လား၊ စနေနေ့လား လစာလည်း ထုတ်ပြီတဲ့ အဲ့နေ့ဘဲတဲ့။ ဆိုတော့ အခုဖြစ်ခါကျတော့ မဟုတ်လောက်သေးဘူးထင်တယ်။ ကျမ စဉ်းစားနေတာ။

မေး ။ ။ သမီး တာဝန်ကျတဲ့ရွာကိုလည်း ဒေါ်ဒေါ်တို့ တခါမှ မရောက်ဖူးဘူးပေါ့နော်။

ဖြေ ။ ။ မရောက်ဖူးဘူး။ ဝေးတယ်။ ပြီးတော့ ကိုယ်ကနေတာက ဒီးမော့ဆို၊ ဒေါဆိုကလော။ အဲ့ဖက်ခါကျတော့ ကရင်ပြည်နယ်။ ဟိုး..လာစော ဆို မသိဘူး။

မေး ။ ။ ဟုတ်ကဲ့။ စိတ်မကောင်းလည်းဖြစ်ရတယ်။ ဘာမှလည်း မသိရဘူးဆိုတော့လေ။ ဒေါ်ဒေါ်ရဲ့ တရားဝင်အင်တာဗျုးကို ကျမတို့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာ အသုံးပြုလို့ ရနိုင်လားရှင့်။

ဖြေ ။ ။ ရပါတယ်။ ဘာမှမဖြစ်ဘူး။ အဆင်ပြေပါတယ်။ KNEC( ကယန်းအမျိုးသား ပညာရေးကော်မတီ) ရဲ့ ခေါင်းဆောင်လည်း လာတယ်။ ကျမ သမီးပွဲမှာ။ သူတို့လည်း စကားထပြောတယ်လေ။ အမှာစကားတွေ ထပြောခါကျတော့။ သူတို့ ( မိသားစုဝင်များ ) စကားပြောဖြစ်တယ်ထင်တယ်။ ဘယ်လိုလာမလဲဆိုတာ။ အဖြေတော့ပေါ်မှာဘဲ ကျမစဉ်းစားတာလေ။

ကျေးဇူးတင်ပါတယ်ရှင့်။ ဂရုစိုက်ပါရှင့်။

spot_img
spot_img

Recent posts