ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ ဖြီကျွတ် ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ကြိမ်ခန့် လာရောက်တိက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့ ၅ကြိမ်လာတာပေါ့နော်။ ၄ကြိမ်လာကြဲသွားတယ်။ ၃လုံးပေါက်ကွဲတယ် ၁လုံးတော့မကွဲဘူး။ အဲ့ဒီပေါက်ကွဲတဲ့ထဲမှာမှ တောင်ယာကနေ ပြန်လာတဲ့ ပြည်သူလူထု ၃ဦးကို ထိမှန်သွားတယ်ပေါ့နော်။ အဲ့မှာ ၂ဦးသေသွားတယ်။ သေသွားတဲ့ ပြည်သူ ၂ဦးက သားအမိတွေဖြစ်ပါတယ်။ အမျိုးသမီး နှစ်ဦးစလုံးဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ တစ်ဦးလည်း အမျိုးသမီးဖြစ်ပါတယ်။“ ခွန်ရိန်းယံက ဆိုပါတယ်။
အဆိုပါ ဖြီကျွတ် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေး တပ်ဖွဲ့တွေ နေရာယူထားတာမျိုးမရှိဘူးလို့ ခွန်ရိန်ယံက ပြောပါတယ်။
စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းကျေးရွာတွေကို နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ စတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ခွန်းရိန်းယံက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ဆီဆိုင်မြို့ နဲ့ ၁၀ မိုင်ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ရွှေတဂူစခန်းမှာ အထိုင်ချတဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထားပါတယ်။