ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ငရုပ်စိုက်တောင်သူတွေ စိုက်ပျိုးထားတဲ့ ငရုပ်သီးအထွက်နှုန်း အသင့်အတင့်ရှိပြီး ဈေးကောင်းပိုရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီဖက်မှာက ရာသီအလိုက်တော့ မူတည်တယ်။ ထွက်ခါစဆို စျေးတစ်မျိုး နောက်မှဆိုလည်း စျေးတစ်မျိုးပေါ့ စျေးနှုန်းအတက်အကျရှိပါတယ်။ လက်ရှိ ငရုပ်သီး အခြောက်က ပေါက်စျေးအရ အနည်းဆုံး ၅ သောင်း တော့ရှိတယ်။”လို့ တော်ခူဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ထက် ဈေးကောင်းပိုရတာကြောင့် စားဝတ်နေရေးအတွက်လည်း ပိုမိုအဆင်ပြေစေတယ်လို့ ဆိုပါတယ်။
ဒေသခံတောင်သူတွေကတော့ ငရုပ်သီးရောင်းဝယ်ရေးကို တခြားဒေသထက် ဈေးပိုရတဲ့ မော်ချီးဒေသကို ဦးစားပေး သွားရောက် ရောင်းချကြတာပါ။ ကျေးရွာအထိ လာရောက် ဝယ်ယူတဲ့သူလည်း ရှိပါတယ်။
“အများအားဖြင့် မော်ချီးကိုပဲ ပို့တာပေါ့။ ဒီအပေါ်ဖက်( ဒီးမော့ဆို ) က စျေးပိုနည်းတယ် ဆီးဘူးဒေသဖက်ကလည်း လာတယ်ဆိုတော့။ အများအားဖြင့် မော်ချီးကိုပဲ ပို့ကြတယ်”လို့ ငရုပ်သီးရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိ ဒီးမော့ဆိုမြို့နယ်က ဈေးတန်းတချို့မှာတော့ ငရုပ်သီး အခြောက် တစ်ပိဿာလျှင် (၇) သောင်းကျပ်အထိ ရှိနေပြီး ယခင်နှစ်မှာတော့ ငရုပ်သီး အခြောက်တစ်ပိဿာ ၅၅၀၀၀ ဝန်းကျင်ရှိိတယ်လို့သိရပါတယ်။

စပါးမစိုက်ပျိုးနိုင်တဲ့ ဒေသခံတွေကတော့ ငရုပ်သီးရောင်းပြီး ဆန်ဝယ်ယူကြသလို ဆန် နဲ့ ငရုပ်သီး လဲလှယ်နေကြသူတွေလည်း ရှိပါတယ်။
“ငရုပ်သီး စိုက်ရမှ ရရှိတဲ့အခါမှ ဆန်ဝယ်စားရတာပေါ့နော။ ငရုပ်သီးမရရင် ပိုက်ဆံလည်း မရဘူး အဲ့လိုမျိုး၊ ငရုပ်သီး မရတဲ့သူတွေက တစ်အိမ်ပြီး တစ်အိမ် ဆန်ချေးစားနေရတာမျိုးပဲ။ နောက်ရှိတဲ့ ခါကျမှပဲ ပြန်ပေးကြတာပေါ့။” လို့ ဒေါလာစောအုပ်စုက ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
အဲ့ဒီဒေသဖက်မှာတော့ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်းမှာ ငရုပ်သီး ခူးဆွတ် ၊ အခြောက်လှန်းကြပြီး ယခုလမှာတော့ စတင်ရောင်းချနေကြပါတယ်။ အအေးပိုင်းဒေသဖြစ်တဲ့ ဒေါလာစောအုပ်စု ၊ တော်ခူအုပ်စုက ဒေသခံတွေဟာ ရွေ့ပြောင်းတောင်ယာ စပါး နဲ့ ငရုပ်သီးကို အဓိက အားထား စိုက်ပျိုးကြပါတယ်။