spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

CBT လုပ်ငန်းတွေမှာ CSOs တွေရဲ့ အသံကို နားထောင်ပေးပါ

Author

Date

Category

ကယားပြည်နယ်ရဲ့ CBT (Community Base Tourism) လူထုအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တည်းက လုပ်ဆောင်နေတာ အခုဆိုရင် ၅နှစ်တာ ခရီးကို ရောက်ရှိလာပြီဖြစ်ပါတယ်။

၅နှစ်အတွင်း အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ချက်၊ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချက် တွေမှာ အားတက်စရာကိစ္စရပ်တွေရှိသလို အချို့လုပ်ဆောင်ချက်တွေမှာလည်း အားနည်းချက်တွေကို တွေ့နေရပါတယ်။

အားကောင်းချက်တွေက ဒေသခံတွေအနေနဲ့ အလုပ်အကိုင်တွေအပြင် အပိုဝင်ငွေတွေရလာတာတွေ၊ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတအသစ်တွေ၊ ကိုယ့်ရိုးရာဓလေ့သမိုင်းကို ဖော်ထုတ်ခွင့်တွေ ရရှိလာတာပဲဖြစ်ပါတယ်။

အားနည်းချက်တွေအနေနဲ့ကတော့ တစ်ချို့ကျေးရွာတွေမှာ မျိုးနွယ်စု/မိသားစု တစ်ခုတည်းကသာ သမိုင်းကြောင်းပြောသူ၊ ဆက်သွယ်ရေးတာဝန်ခံ၊ ဧည့်သည်ဧည့်ခံသူတွေအဖြစ် လုပ်ဆောင်နေကြခြင်းကြောင့် အခြားမိသားစုတွေရဲ့ ဘဝင်မကျတာတွေ ဖြစ်နေတာ တွေ့ရပါတယ်။

လက်ရှိဖော်ဆောင်နေတဲ့ CBT ခရီးသွားလုပ်ငန်းဟာ လူတစ်ဦးတစ်ယောက်အတွက်၊ တစ်စုတစ်ဖွဲ့အတွက်ပဲ အကျိုးအမြတ်ရရှိစေခြင်းမဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမှုအဖွဲ့အစည်း စုဖွဲ့မှုအားကောင်းခြင်း တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် အလေးထားဦးတည်ပြီး လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။

ထပ်မံပြီး ကျေးရွာအခြေပြု ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ သူတွေအတွက်ကိုလည်း အစိုးရအသိအမှတ်ပြု လုပ်ငန်းလိုင်စင်လေး ထုတ်ပေးဖို့လိုအပ်ပါတယ်။ ဒေသတွင်း မျိုးစိတ်၊ မျိုးစေ့တွေ အရင်းအမြစ်တွေ ပျက်စီးဆုံးရှုံးမှု မရှိစေတဲ့ မူဝါဒ ပေါ်လစီတွေကို အစိုးရအနေနဲ့ ချပြဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

ဒေသတွင်း ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ Package Tour နဲ့အတူပါလာတဲ့ ဧည့်လမ်းညွှန်တို့က ဒေသခံဧည့်လမ်းညွှန်တို့အပေါ် လွှမ်းမိုးမှုရှိနေတာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ စတုတ္တအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်းညီလာခံမှာ ကယား(ကရင်နီ)ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တင်သွင်းခဲ့တဲ့ အကြံပြုလွှာမှာ ပါရှိပါတယ်။

ထပ်မံပါရှိတာကတော့ ဒေသထွက်ရိုးရာလက်မှုထုတ်ကုန်တွေကို စနစ်တကျ အပီအပြင်ထုတ်ဖော်တာတွေ မရှိသေးသလို မူပိုင်ခွင့်တွေကို အစိုးရကနေပြီး သတ်မှတ်ဆောင်ရွက်ပေးတာတွေ မရှိသေးပါဘူး။

ပြင်ပက ထုတ်ကုန်တွေက ဒေသထွက်ကုန်တွေအပေါ်မှာ လွှမ်းမိုးမှုရှိနေတာကိုလည်း တွေရတယ်လို့ အကြံပြုစာမှာ ပါရှိပါတယ်။ နောက်ထပ်ဆိုးရွားတဲ့အချက်က ပြည်နယ်အတွင်း ဒေသခံတွေ အထွဋ်အမြတ်ထားတဲ့ နေရာတွေကို အပန်းဖြေစခန်းတွေအဖြစ် လုပ်ဆောင်နေတာကိုပါ။

နောက်တစ်ချက်အနေနဲ့ ခရီးသွားလုပ်ငန်း လုပ်တဲ့ကျေးရွာဆီကို ခရီးသွားတွေ လာရောက်လေ့လာကြတဲ့အခါ ရိုးရာဓလေ့တွေကို အချိန်အခါမဟုတ်ဘဲ လုပ်ပြခိုင်းတာတွေရှိနေပါတယ်။

ဒီလိုကိစ္စရပ်တွေက ကြာလာရင် ဓလေ့ ရိုးရာတွေပါ ပျောက်ကွယ်သွားနိုင်ပါတယ်။

ပြည်နယ်အတွင်း ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရာမှာ ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ကျေးရွာအခြေပြု လုပ်ငန်းကော်မတီတွေအနေနဲ့ စာပေယဉ်ကျေးမှုကော်မတီတို့နဲ့ ပွင့်လင်းမြင်သာမှု အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်တယ်လို့ အကြံပြုစာမှာ ပါရှိပါတယ်။

ဒါကြောင့် ပြည်နယ်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားအမြတ်တနိုး တန်ဖိုးထားဖို့နဲ့ ပတ်သက်ပြီး ဒေသခံအရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုလမ်းညွှန်ချက်တွေကို လေးစားလိုက်နာပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

spot_img
spot_img

Recent posts