မူဖိလစ်စတာ / ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို ပြန်လည်စုစည်းပြီး အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကရင်နီပြည်နိုင်ငံဝန်ထမ်း CDM ကော်မတီက ပြောဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ၅၆၀၇ ဦးရှိပေမယ့် ကြားကာလအစီအမံမှာ သက်ဆိုင်ရာလုပ်ငန်းခွင်တွေအတွင်း ပြန်လည်ပါဝင်မှု ရာခိုင်နှုန်းက အလွန်နည်းပါးနေသေးတယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ ဥက္ကဋ္ဌဂျွန်က ပြောပါတယ်။
“ကျမတို့ စုပေါင်းအင်အားလိုတယ်။ အကြံဉာဏ်ဖြင့်သော်လည်းကောင်း၊ ကျမအလိုချင်ဆုံးအရာက မြေပြင်မှာ စုစုစည်းစည်းပေါ့ လုပ်နိုင်ရင်အကောင်းဆုံးဖြစ်တယ်။” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က CDM တွေရဲ့အခန်းကဏ္ဍ မပပျောက်ရေး ၊ စားဝတ်နေရေးလိုအပ်ချက် ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရေး ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးရေး ၊ CDM ထုတစ်ရပ်ကိုယ်စား နိုင်ငံရေး လူမှုရေးနယ်ပယ်တွေမှာ ပါဝင်မှုရှိရေး ၊ CDM မူဝါဒချမှတ်နိုင်ရေး အတွက် ရည်ရွယ်ပြီး နိုင်ငံဝန်ထမ်း CDM ညီလာခံကို ကျင်းပခဲ့ပါသေးတယ်။
ကရင်နီပြည်တွင်းက CDM ဝန်ထမ်းတွေဟာ နိုင်ငံရေးအနေအထားအရ လက်နက်ကိုင်လမ်းစဥ်မှာ ပါဝင်နေသူဖြစ်စေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ စစ်ဘေးရှောင်နေလို့ ဖြစ်စေ၊ ပြည်ပထွက်ခွာ သွားသူတွေဖြစ်စေ၊ မိသားစုစားဝတ်နေရေးကိုဦးစားပေးလုပ်သူဖြစ်စေ၊ နယ်မြေဒေသအလိုက် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ကျောင်း ၊ဆေးရုံဆေးခန်းတို့မှာ ပြန်လည်လုပ်ကိုင်နေကြသူဖြစ်စေ အခန်းကဏ္ဍ အသီးသီးအလိုက် တသီးတခြား ရှိနေကြတာပါ။
ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းတွေက သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ပြန်လည်လုပ်ကိုင်မှု အများဆုံးဖြစ်ပေမယ့် ကျန်တဲ့ အစိုးရဌာနဆိုင်ရာ CDM ဝန်ထမ်းတွေမှာတော့ လုပ်ငန်းတွင်း ပြန်လည်လုပ်ကိုင်မှုမှာ သုံးဆယ် ရာခိုင်နှုန်းသာ ရှိတယ်လို့ ဥက္ကဋ္ဌဂျွန်က ပြောပါတယ်။
အကြောင်းရင်းက မိသားစုစားဝတ်နေရေးဖြေရှင်းဖို့ ယခင်အစိုးရ လက်ထက်အတိုင်း သတ်မှတ်ထားတဲ့ဝန်ထမ်းလစာကို လက်ရှိကြားကာလမှာ မရနိုင်တော့တဲ့အခါ နိုင်ငံခြားထွက်ပြီး စားပွဲထိုးအလုပ်ကို လုပ်ကိုင်နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် ပညာရေး CDM ဝန်ထမ်းတစ်ဦးက ကန္တာရဝတီတိုင်း( မ်) ကို အခုလိုပြောပါတယ်။
“အခြေနေအဖက်ဖက်ကနေ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုလို့ရှိရင် ရတဲ့ လစာနဲ့ ကိုယ်သုံးရမဲ့ဟာက မမျှတော့ဘူး။ ကိုယ့်ကို လာထောက်ပံ့ပေးမဲ့သူကိုလည်း မျှော်နေလို့မရတော့ဘူးဆိုတဲ့အတွက် တခြားဒေသကိုသွားရတယ်။ အလုပ်တွေလုပ်ရတယ်ပေါ့နော”လို့ သူက ပြောပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စာရင်းအရ ပညာရေးကဏ္ဍမှာ လုပ်ငန်းခွင်ကို ပြန်လည်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်း ၁၂၇၆ ဦးရှိပြီး စေတနာ့ ဝန်ထမ်း ၃၀၇၇ ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။ ကရင်နီပြည်တွင်းက အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေ အများဆုံးရှိနေပြီး ကျန်အစိုးရဌာနတွေဖြစ်တဲ့ ထွေအုပ်၊ တရားရုံး၊ ဥပဒေ၊ လဝက၊ သမဝါယမ ၊ စည်ပင် ဝန်ထမ်းတွေလည်း အသီးသီး ပါဝင်ကြပါတယ်။
အနည်းငယ်သာရှိတဲ့ သမဝါယမ၊ ထွေအုပ်၊ စည်ပင် တို့ကဲ့သို့ ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေကတော့ အလုပ်အကိုင် ရှားပါးမှုကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ သမဝါယမရုံးဝန်ထမ်းဖြစ်တဲ့ ဒေါ်မိငယ်က လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေပြီး ကင်ဆာရောဂါကိုပါ ကုသနေရတာကြောင့် သက်ဆိုင်ရာဌာနတွေမှာ အလုပ်ပြန်ဝင်လုပ်ချင်တယ်လို့ ပြောပါတယ်။
“CDM လို့ပြောလိုက်ရင် လူတွေက ပညာရေး၊ ကျန်းမာရေးကိုပဲပြေးမြင်ကြတာ။ ကျမတို့လို ရုံးဝန်ထမ်းကို လူတွေသိပ်မမြင်ကြဘူး” လို့ ဒေါ်မိငယ်က ပြောပါတယ်။
CDM ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းပြန်လည်ရရှိရေး ဖော်ဆောင်နိုင်ဖို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC မှာ CDM ကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်ထည်ဖော်နိုင်ဖို့ ခက်ခဲနေသလို ကြိုးစားနေဆဲဖြစ်တယ်လို့ KSCC CDM ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းက ဝန်ထမ်း ၃၈၉၈ ဦးကို စားသောက်ရေး အဆင်ပြေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လစဥ်ငွေကြေး ထောက်ပံ့ပေးနေတာရှိပါတယ်။ ဒါပေမဲ့လက်ရှိကြားကာလ အနေအထားအရ အစိုးရတွေမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ IEC ကပြောပါတယ်။
“ဘာမှပိုက်ဆံမရှိဘဲနဲ့ ဇီးရိုး(သုည) ကနေစပြီး ရုန်းကန်ခဲ့ကြတာ။ အဲဒီအတွက်ကြောင့်မို့လို့ သေချာတာတစ်ခုကတော့ ဝန်ထမ်းတွေကို အရင်တုန်းက CDM မလုပ်ခင်က ဝန်ထမ်းလစာအတိုင်း ကျနော်တို့ကို လာတောင်းရင်တော့လည်း အခက်အခဲရှိတယ်ပေါ့နော” လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကိုပြောပါတယ်။
ရှိရင်းစွဲ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်တဲ့ CDM ဝန်ထမ်းတွေလည်း တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်မပါပဲ စစ်အာဏာရှင်ကို အကြမ်းမဖက်နည်းနဲ့ တော်လှန်နေကြတာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ တော်လှန်ရေးကာလထဲ လူမှုစီးပွား တိုးတက်ရေးဆောင်ရွက်ရာမှာ ပြည်နယ်အတွင်းက CDM ဝန်ထမ်းတွေနဲ့အတူ ကဏ္ဍအသီးသီးမှာ ရှေ့ဆက်လျှောက်နိုင်ဖို့ လူထုတွေက မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ စားဝတ်နေရေးအကြပ်အတည်းဖြစ်စေ၊ လုံခြုံရေး အန္တရာယ်အတွက်ဖြစ်စေ ဒုက္ခဆင်းရဲကြားက တော်လှန်ရေးသမိုင်းမှာ ဆုံးခန်းတိုင်ထိ ဆက်လျှောက်လှမ်းစေလိုတယ်လို့ ဥက္ကဋ္ဌဂျွန်က ပြောဆိုလိုက်ပါတယ်။
“အရမ်းဒုက္ခရောက်နေတဲ့ CDMမိသားစုတွေရှိတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ဒုက္ခကို မျိုသိပ်ပြီးတော့မှ စိတ်ဓာတ်တွေကျနေတဲ့ CDMတွေလည်းရှိတယ်ပေါ့နော။ ပြီးတော့ ကမ္ဘာကြီးက ငါတို့နဲ့ မဆိုင်တော့ဘူးဆိုတာမျိုးလည်း မဖြစ်ရလေအောင် ငါတို့ကြိုးစားခဲ့တဲ့ CDM ထုကြီးက အရာရောက်ရမယ်။ သမိုင်းမှာ ရှိနှင့်နေပြီးသားဖြစ်တယ်။ တနေ့တော်လှန်ရေးပြီးသွားကျရင် ငါတို့ ခေါင်းမော့ရင်ကော့ပြီးတော့ ဘာကိုမှတပ်မက်ခြင်းမရှိဘဲနဲ့ပေါ့နော။ ဒါပေးလို့ဒါယူချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပဲနဲ့ နာမည်တစ်လုံးနဲ့ဆိုပြီးတော့ ကျမတို့လိုချင်နေတဲ့ CDM ရဲ့ မည်သူတစ်ဦး တိုက်တွန်းချက်မှမပါဘဲ ကိုယ့်ဆန္ဒနဲ့ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ဆုံးခန်းတိုင်အောင် ဆက်လျှောက်ဖို့ ခွန်အားတွေ ကျမတို့အများကြီး လိုအပ်နေပါသေးတယ်” လို့ ဆိုပါတယ်။