spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသမီး မိုင်းနင်းမိ၊ ညာခြေထောက် ဖြတ်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့ပေါ် မင်းစုရပ်ကွက်မှာရှိနေတဲ့ နေအိမ်ကို သန့်ရှင်း‌ရေးပြန်လုပ်တဲ့ အမျိုးသမီး တစ်ဦးဟာ မိုင်းနင်းမိပြီး ညာခြေထောက်ကို ဖြတ်ရတယ်လို့ မိုင်းနင်းမိသူ နဲ့နီးစပ်သူဆီကနေ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ ရှမ်းပြည် ညောင်ရွေကနေ လွိုင်ကော်မြို့က နေအိမ်ဆီပြန်လာပြီး သန့်ရှင်းရေးလုပ်တာဖြစ်တယ်လို့ အဆိုပါ မိုင်းနင်းမိသူနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မနေ့ကပေါ့နော် နင်းမိတာက။ အသက်က ၃၀ ဝန်းကျင်ပေါ့ ပြီးတော့ အမျိုးသမီးပေါ့။မင်းစုရပ်ကွက်က အုပ်စု ၁၀ တာဝါတိုင်ရေကန်အနီးက။ နေအိမ်သန့်ရှင်းရေးပြန်လုပ်ရင်း နင်းမိတာ။ ညာဖက်ခြေထောက်ကတော့ ဒူးအောက်ကနေ ဖြတ်ရတယ်လို့ သိရတယ်။”လို့ အဆိုပါ မိုင်းနင်းမိသူနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးကဆိုပါတယ်။

လွိုင်ကော်မှာ စစ်ဆင်ရေးစတင်ပြီးကတည်းက မြို့ခံအများစုဟာ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရတာပါ။ ၆လကျော်လာတာနဲ့အမျှ နေအိမ် ပြန်ချင်ကြတဲ့ပြည်သူတွေ တချို့ပြန်ဝင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲကြီးကြီးမားမား မဖြစ်တော့ပေမယ့် နင်းမိုင်းတွေ ကြောင့်နေအိမ် မပြန်ရဲကြသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“ မင်းစုရပ်ကွက်က ဆေးရုံကုန်းတကြောနဲ့ မင်းကျောင်းစာသင်တိုက် ဖူဆယ်ကွင်းအနီးမှာက မိုင်းအလုံးရေ ရာချီထောင်ထားကြတာတဲ့။ အထူးသဖြင့် နေအိမ်ခြံဝန်းတွေ လမ်းကြားတွေ ကွင်းပြင်နဲ့ မီးလောင်ထားတဲ့ နေအိမ်တွေမှာပေါ့ အဲ့လိုတော့ ကြားတယ်။ ဘယ်လိုဖြစ်ဖြစ် နေအိမ်ပြန်ချင်ကြတယ်လေ။ ပြန်ကြည့်ချင်ကြတယ်။ အခုလိုမိုင်းကြောင့် ထိခိုက်ရတာတွေကြားတော့ စိတ်မကောင်းဘူး။ ပြန်ချင်လည်း မပြန်ရဲတော့ဘူးပေါ့ ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်က ကျေးရွာတချို့မှာဆိုရင် နေရပ်ပြန်ရင်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၁)ရက်နေ့မှာလည်း တောထဲမှာ ဟင်းရှာထွက်တဲ့ အမျိုးသမီးတစ်ဦး စစ်ကောင်စီ တပ်စွဲခဲ့တဲ့နေရာမှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံးပြတ်ကာ သေဆုံးခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts