ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကလေး အပါအဝင် လူကြီးတွေ ဖျားနာမှုများနေပြီး ဆေးဝါးမရှိတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
“ခုတလော ဖျားနာကြတယ်။ ကလေးရော တချို့လည်း လူကြီးရောပေါ့။ ကိုယ်ပူ၊ ခေါင်းကိုက်၊ လည်ချောင်းယား၊ လည်ချောင်းနာ၊ ချောင်းဆိုးတာ၊ နှာစေး၊ ကိုက်ခဲတာတွေ များတယ်။ ရာသီအကူးအပြောင်းဆို အဲ့လို အဖြစ်များတယ်။ ပြီးတော့ အရေပြားယားနာတွေလည်း တချို့စဖြစ်တယ်။ ဆေးတွေတော့ မရှိဘူး အခြား နီးစပ်ရာဆေးခန်းကိုပဲ လွှဲလိုက်တယ်။ တချို့လူနာဆို မသွားကြဘူး။ အဲ့လို အရေးပေါ်အတွက်ဆို ဆေးလည်းမရှိတော့ဘူး။”လို့ ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းရှိပေမယ့် ဆေးဝါးပြတ်လပ်နေတာကြောင့် အရေးပေါ်လူနာတွေကို တခြားနေရာကို လွဲပြောင်းပေးရတာပါ။ လက်ရှိ ရာသီဥတု အကူးအပြောင်းလဲကြောင့် ဖျားနာမှုတွေ များပြားနေသလို နာတာရှည်ရောဂါခံစားရသူတွေ သွေးတိုး၊ဆီးချိုရောဂါသည်အတွက်လည်း ဆေးဝါးလိုအပ်တယ်လို့ ပြောပါတယ်။
“ခုတလော တောင်ယာခုပ်ကြတာဆိုတော့ ထိခိုက်ဒဏ်ရာလည်း ရှိတယ်။ ပတ်တီးတို့ ဆေးဝါရည်တို့တောင် မရှိတော့လို့ ဝယ်ထားရတယ်”လို့ ကူညီပေးနေတဲ့ ဆရာမတစ်ဦးက ဆက်ပြောပါတယ်။
အဲ့ဒီစစ်ရှောင်စခန်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့အုပ်စုအတွင်းက ဒေသခံတွေ စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။