spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်မှုထမ်းတွေအနေနဲ့ ဘက်ပြောင်းခိုလှုံလာရင် ထိုက်တန်တဲ့ ဆုကြေးငွေချီးမြှင့်သွားမယ်လို့ MOD ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စုဆောင်းခြင်းခံရတဲ့ လူငယ်လူရွယ်တွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြဖို့ တိုက်တွန်းပြီး ဘက်ပြောင်းလာသူတွေကို ထိုက်တန်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က တိုက်တွန်းပြောဆိုပါတယ်။

စစ်သင်တန်းတက်နေစဉ်ကာလဖြစ်စေ ၊ သင်တန်းပြီးဆုံးပြီး လက်နက်တပ်ဆင်ပြီး အနေအထားမှာဖြစ်စေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ PDF၊ ပကဖ၊ ပအဖ၊ ပလဖ နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က အသိပေးတာပါ။

စစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက် မတရားခေါ်ဆောင်ခံရသူတွေ ပိုများလာတယ်လို့ NUG ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဓမ္မစုဆောင်းခံရတာတော့ စစ်မှုထမ်းဥပဒေ စကြေညာကတည်းကပဲပေါ့နော်။ ပြီးတော့ ကျနော်တို့ ပြည်သူ့ရင်ခွင်ဆီကို အလင်းဝင်လာသူတွေအားလုံးက သူတို့သန္ဓေစစ်သားတွေကလွဲရင် အကုန်လုံးနီးပါးက မတရားခေါ်ဆောင်ခံရသူချည်းပါပဲ။ သန္ဓေစစ်သားတွေထဲမှာတောင် ပေါ်တာဆွဲခံထားရသူတွေက တစ်ဝက်လောက်ပါနေတာကိုလည်း တွေ့ရတယ်ပေါ့နော်။”လို့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရှမ်းတောင်အခြေစိုက်တပ်ရင်းတဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ တပ်သားတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) နဲ့ တွေ့ဆုံစဉ် ပေါ်တာဆွဲခံရတဲ့ ဖြစ်စဥ်ကို အခုလို ပြောပါတယ်။

“အပတ်စဥ် ၇မှာတော့ အသက်မပြည့်တာတွေ ပါတယ်။ ကျနော်တို့ ဆင်းခါနီးမှာ တွေ့ခဲ့တယ်။ မိုးနောက်ပိုင်း ၁၀ လပိုင်း ၇ ရက်နေ့ညနေပေါ့။ ကျနော်တို့ စပါးချွေနေတဲ့အချိန်မှာ အဲ့လိုပဲဝင်ဆွဲတာပါ။ ကျနော်တို့ကို တောင်ပေါ်တက်ခဲ့ဆိုတော့ ကျနော်တို့လိုက်ရတာပေါ့။ သူတို့က သေနတ်နဲ့ဆိုတော့ အကုန်ထိုင်ခိုင်းပြီးတော့ သေနတ်မောင်းတွေတင်ပြီးချိန်ပါတယ်။” လို့ သူက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီထုတ်ပြန်ကြေညာပြီးတဲ့နောက်ပိုင်း စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရတာ ၊ ပေါ်တာဆွဲခံရပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရသူတွေ များစွာရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အလားတူ ကရင်နီပြည်မှာလည်း စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်းမှာ KNDF ထံ ခိုလှုံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ နီးပါးရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်၊ လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်သလို လက်နက်၊ ခဲယမ်းတွေ ယူဆောင်လာသူကိုလည်း ထိုက်တန်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပေးအပ်သွားမှာဖြစ်တယ်လို့ MOD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts