ကန္တာရဝတီတိုင်း (မ်)
လူငယ်အမျိုးသား နှစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ဖြစ်စဥ် ဒီနှစ်ဖေဖော်ဝါရီလ ထဲမှာပဲ ကရင်နီပြည်မှာဖြစ်ပွားခဲ့ပါတယ်။
အသက် ၃၃ နှစ်ခန့်ရှိတဲ့ တော်လှန်ရေးရဲဘော်တဦးက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ခဲ့ပြီး၊ အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတဦးက ၁၁ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။
သုတေသနတွေရဲ့ တွေ့ရှိချက်အရ မိမိကိုယ်ကို အဆုံးစီရင်သူအများစုက စိတ်ကျရောဂါ ခံစားနေရသူတွေ ဖြစ်တယ်လို့ပြောပါတယ်။
စိတ်ဖိစီးမှုက အရမ်းများလာတဲ့ လူတယောက်က စိတ်ကျရောဂါကို ခံစားလာရပါတယ်။ စိတ်ကျရောဂါကို မကုသကြတဲ့သူတွေက နောက်ဆုံးမှာတော့ သေခြင်းတရားကို လွတ်လမ်းတခုလို့မြင်ပြီး ရွေးချယ်သွားတတ်ကြတာပါ။
စိတ်ကျရောဂါဆိုတာဘာလဲ
ဝမ်းနည်းပူဆွေးမှုကို အချိန်အကြာကြီးဆက်တိုက်ခံစားနေရပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုလျော့သွားတာကို စိတ်ကျရောဂါလို့ သတ်မှတ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာနိုင်ငံမှာကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၂၀၁၄ ခုနှစ်မှာ စိတ်ကျရောဂါ ခံစားနေရသူအရေအတွက်ဟာ လူဦးရေတထောင်မှာ ခြောက်ဦးခန့် ရှိနေကြောင်း သိရပါတယ်။
စိတ်ကျဝေဒနာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ နဲ့ နေထိုင်ရာပတ်ဝန်းကျင် တို့နဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောထားပါတယ်။
ဘာက စိတ်ကျရောဂါဖြစ်စေတာလဲ
စိတ်ကျရောဂါ ဖြစ်စေတဲ့အကြောင်းရင်းကို သုတေသနတွေက မတွေ့ထားပေမဲ့ စိတ်ဖိစီးမှုက အဓိကအကြောင်းရင်း တခုဖြစ်တယ်လို့ဆိုပါတယ်။
ဖိအားတခုနဲ့ ကြုံလာတဲ့ခါ ဦးနှောက်အဖွဲ့အစည်းကနေ Stress (စိတ်ဖိစီးမှု) ဟော်မုန်းတွေထွက်လာပါတယ်။ Stress ဟော်မုန်းထွက်လာရင်တော့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေ တင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ်။ ဒါကို ’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှု (fight or flight) လို့ခေါ်ပါတယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတမျိုးပေါ့။
စိတ်ဖိစီးမှုကြောင့် အလုပ်ကိစ္စတခုကို ချက်ချင်းပြီးအောင် ထလုပ်လိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါက ရေတိုမှာတော့ တုံ့ပြန်မှုစွမ်းဆောင်ရည်တွေ တိုးလာနိုင်စေတယ်ဆိုပေမဲ့ အချိန်တွေကြာလာရင်တော့ အန္တရာယ်တခုဖြစ်လာပါတယ်။

စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ စိတ်ကျရောဂါနဲ့ လက်ရှိမြန်မာပြည်တွင်းအနေအထား
စစ်ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က ချွတ်ခြုံကျနေပါတယ်။ တော်လှန်ရေးနယ်မြေတွေမှာလည်း အလုပ်အကိုင်ရှားပါးမှုဖိအား၊ မိသားစုဖိအား၊ အချစ်ရေးဖိအား၊ ပတ်ဝန်းကျင်ဖိအား စသဖြင့် ဖိအားအမျိုးမျိုးကို လူငယ်တွေက ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
မြန်မာ့ လူဦးရေ ၁၃ ဒဿမ ၃ သန်းက စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်နေရတဲ့ လူထုတွေက ယခင်ကအတိုင်းမဟုတ်တော့ဘဲ ချွေတာစားသောက်ရတာ၊ မိုးမလုံလေမလုံ တဲအောက်မှာနေထိုင်ရတာ၊ ဝင်ငွေရှားပါးတာ၊ ကုန်စျေးမြင့်တက်တာ၊ ဝတ်စားဆင်ယင်မှု ဆင်းရဲလာတာ၊ ဆေးဝါးမလုံလောက်တာ၊ လေကြောင်း အန္တရာယ်၊ မြေမြုပ်မိုင်းအန္တရာယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖိအား စတာတွေကြောင့် ကိုယ်စီမှာ မမြင်ရတဲ့ စိတ်သောကတွေနဲ့ ရှင်သန်နေကြရတာပါ။
စိတ်ကျရောဂါရနေတဲ့ လူတယောက်က အပြင်ပန်းအားဖြင့်ကြည့်လိုက်ရင် သာမန်လူလိုပါပဲ။ အပြင်ပန်းမှာ ပြုံးပျော်နေမယ်၊ ပုံမှန်လိုပဲ လှုပ်ရှားသွားလာနေမယ်၊ စကားတွေလည်း ပြောနေမယ်၊ ဒါပေမဲ့ ခံနိုင်ရည်မရှိတော့တဲ့အဆုံး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းကို ရွေးချယ်သွားတဲ့ခါ ဘေးလူအတွက်တော့ အရမ်းရုတ်တရက်ဆန်သွားစေပါလိမ့်မယ်။
ဒါက အပြင်ပန်းမှာမသိသာပဲ ပုံမှန်လို့ထင်ရတဲ့ လူတွေမှာလည်း စိတ်ကျရောဂါရှိနိုင်တယ် ဆိုတာကိုပြသတာပါ။ အခြေနေအရပ်ရပ်ကြောင့် စိတ်သောကများနေသူတယောက်ကို အပြစ်တင်ဝေဖန်တာက သူ့ကိုစိတ်ကျရောဂါ လောကထဲတွန်းပို့နေတာပါပဲ။
စိတ်ကျရောဂါရဲ့ လက္ခဏာကဘာတွေလဲ
လက်ရှိအနေအထားအရ အခြေနေအဖက်ဖက်က သောကရောက်စရာဖြစ်နေတဲ့ ကာလမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို ပိုပြီးတော့တောင် သတိထားပြီး ပြုမူဆက်ဆံသင့်ပါတယ်။
အာရုံစူးစိုက်မှုမလုပ်နိုင်တော့တာ၊ အချိန်အတန်ကြာအောင် ဝမ်းနည်းကြေကွဲနေတာ၊ မိမိရဲ့ အနာဂတ်ကို ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်တော့ဘူးလို့ မြင်တာ၊ ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားရတာ၊ စားသောက် ချင်စိတ်မရှိတာ၊ အချိန်ပြည့်အိပ်နေတာ ဒါမှမဟုတ် အိပ်စက်ဖို့ ခက်ခဲတာ၊ ပျော်စရာကိစ္စတွေမှာလည်း မပျော်နိုင်တော့တာ၊ မိမိကိုယ်ကို အဆုံးစီရင်ဖို့ကိုပဲ တွေးနေတတ်တော့တာ စတာတွေကို လအတန်ကြာ ခံစားနေရတဲ့ လူတယောက်က စိတ်ကျရောဂါကို ခံစားနေရတာဖြစ်ပါတယ်။
စိတ်ကျရောဂါခံစားနေရပြီလို့ သံသယရှိလာတဲ့လူတယောက်ကို ပြစ်တင်ဝေဖန်တာတွေ မလုပ်မိပါစေနဲ့။ ကိုယ်ကနေလည်း သူ့ကို သက်သာလာအောင် ကုသပေးလို့ရပါတယ်။
အဆုံးစီရင်ခြင်းက အဖြေတခုမဟုတ်ပါ
ကိုယ့်အနေနဲ့ စိတ်ကျရောဂါလက္ခဏာရှိနေတဲ့ လူတယောက်ကို သတိထားမိတဲ့အခါ သူ့ပြောစကားကို ဂရုတစိုက်နားထောင်ပေးပါ။ သူပြောလာတဲ့စကားကို ကိုယ်ကြုံခဲ့ရတဲ့ အတွေ့အကြုံဆိုးတွေနဲ့ နှိုင်းယှဥ်ပြီး နှစ်သိမ့်ပေးမယ်ဆိုပါကလည်း သူ့ကို အပြစ်ရှိစိတ်ပိုဝင်လာစေနိုင်ပါတယ်။
စိတ်ကျရောဂါလက္ခဏာရှိနေပြီလို့ သံသယရှိလာရင် သူ့ရဲ့နီးစပ်ရာ ဆွေမျိုးသားချင်းကိုလည်း အသိပေးပြီး စောင့်ကြည့်စေနိုင်ပါတယ်။
ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးသားချင်းကိုလည်း ရင်ဖွင့်ပြောဆိုတာတွေ လုပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ စိတ်ကျရောဂါက သူ့ဖာသာသူပျောက်သွားလိမ့်မယ်ဆိုပြီး ပစ်ထားလို့ရတဲ့ ရောဂါတခု မဟုတ်ပါဘူး။
ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှုလုပ်ပြီး ကုသမှုမြန်မြန်ခံယူလေလေ ပိုကောင်းလေလေပါ။ မိသားစုနဲ့ ဘေးပတ်ဝန်းကျင် သူငယ်ချင်းမိတ်ဆွေတွေကလည်း အားပေးကူညီမယ်ဆိုရင် စိတ်ကျရောဂါဟာ ပျောက်ကင်း သက်သာစေနိုင်ပါတယ်။
အဆုံးစီရင်မှုကို ရွေးချယ်လိုက်ခြင်းက အသက်ရှင်ကျန်ရစ်သူတွေကို ကြီးမားတဲ့ စိတ်ဒဏ်ရာ ရကျန်ခဲ့ စေပါတယ်။
အဆုံးစီရင်တတ်တဲ့ လူတယောက်က မျိုးရိုးမှာလည်း အဆုံးစီရင်ခဲ့ဖူးသူ ရှိနေတတ်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။
ကိုးကား NUG MOH , Dr 528 , Hello ဆရာဝန်