မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )
“မိုင်း” … စာတလုံးတည်း၊ စကားတခွန်းတည်းဆိုပေမယ့် လူ့အသက်ကို နုတ်ယူနိုင်တဲ့ လက်နက်။
အထူးသဖြင့် မြေမြှုပ်မိုင်းတွေဟာ မျက်စိနဲ့ မမြင်ရတာကြောင့် သွားရင်းလာရင်း ကံမကောင်းစွာ နင်းမိခဲ့ရင် ကိုယ့်အသက်ကိုပါ သူ့ကို ပေးလိုက်ရနိုင်ခြင်း။
မြေမြှုပ်မိုင်းဟာ “စစ်” ရဲ့ အကျိုးဆက်ကို ခံစားခဲ့ရဖူးသော၊ ခံစားနေရသော နယ်မြေတိုင်းမှာ ရှိနေတဲ့ ခြိမ်းခြောက်မှုတခု။ သူ့ကို မျက်စိနဲ့ မမြင်နိုင်တာကြောင့် ရှောင်ရှားလို့လည်းမရ။ သူ ရှိနေ၊ မရှိနေကိုလည်း မသိရှိနိုင်ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော လူသတ်တဲ့ လက်နက်တခု။
မိုးအုံ့နေတဲ့ နေ့တနေ့ရဲ့ မနက်ခင်းလေးမှာ မျက်စိတမှိတ်အတွင်း သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို မိုင်း ကို ပေးလိုက်ရသူကတော့ ကလေးမိခင် မော်ဌေးမြာ ( နာမည်လွှဲ ) ။
သူမဟာ ကလေးတွေရဲ့ မုန့်ဖိုးငွေလေး ရရှိဖို့ ရွာအပြင်ထွက် ဟင်းရှာပြီး ပြန်လည်ရောင်းချခဲ့တာပါ။ အခုတော့ ကလေးတွေရဲ့ မုန့်ဖိုးရဖို့ နေနေသာသာ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုပါ ပေးလိုက်ရလေတယ်။
မိုးဦးကာလ ဖြစ်တာကြောင့် ဝါးရုံတောတွေရှိတဲ့ ဒေသတွေမှာ ဝါးမျှစ်ဟာ ကျေးလက်နေ အိမ်ရှင်မတွေရဲ့ ဝင်ငွေတစိတ်တပိုင်း ဖြစ်နေတာပါ။ ဒါကြောင့် မော်ဌေးမြာ တယောက် မျှစ်ချိုးရောင်းချပြီး ရလာတဲ့ငွေအနည်းငယ်လေးက သူမရဲ့ ကလေးတွေအတွက် အစာအဟာရ ရအောင် ဝယ်ကျွေးလို့ရတဲ့အပြင်၊ တခြားမိဘတွေလိုပဲ ကလေးတွေကို မုန့်ဖိုးအနည်းငယ်ပေးလေ့ရှိပါတယ်။ မျှစ်ရောင်းပြီး ရလာတဲ့ ငွေအနည်းငယ်လေးဟာ အဆင်ပြေနေသူအဖို့တော့ မပြောပလောက်ပေမယ့် မော်ဌေးမြာနဲ့ သူမရဲ့ ကလေးတွေအတွက်ကတော့ ရွှေလိုတန်ဖိုးရှိပါတယ်။
ပြီးခဲ့တဲ့ လောလောလတ်လတ်အချိန်၊ ဇွန်လ ၃ ရက်နေ့မှာပဲ …. မျှစ်ချိုးဖို့ ရွာအပြင်ကို ထွက်ရင်း မော်ဌေးမြာဟာ မျှစ် ရမလာဘဲ ကံမကောင်းစွာနဲ့ ခြေတဖက်ကို ပေးဆပ်လိုက်ရပါတယ်။ မြေမြှုပ်မိုင်း နင်းမိတာကြောင့်ပါ။ ကံမကောင်းခြင်းတွေထဲက ကံကောင်းစွာ အသက်မပေးလိုက်ရဘူးလို့ သူမ ဟာ ညည်းတွားမနေတော့ဘဲ လေးလံနေတဲ့ ရယ်သံနဲ့ ပြောပြနေရှာပါတယ်။ သူမ မှာ ကလေးတွေကို ပြုစုပျိုးထောင်ရဦးမယ့် အတွေးနဲ့ အားမွေးနေတာကြောင့်ပါ။
“ကျမ မျှစ်သွားရှာပြီးတော့ သွားရောင်းမလို့လေ။ ကလေး မုန့်ဖိုးလည်း မရှိဘူးလေနော။ စျေးတွေမှာ လိုက်ရောင်းတယ်လေ။ ကလေးမုန့်ဖိုးရတယ်ဆိုပြီးတော့လေ။ သွားတော့ ကံနိမ့်သွားတယ်လေနော။” လို့ မော်ဌေးမြာ က သူမ ရွာပြင်မှာ မျှစ်သွားချိုးရင်း မိုင်းနင်းမိတဲ့ အကြောင်းကို ပြောပြနေတာပါ။
မော်ဌေးမြာတို့လို မြေဇာပင် လူသားတွေအဖို့ ဘယ်သူထောင်တဲ့ မိုင်းကြောင့်ဆိုတဲ့ အပြစ်တင်တာမျိုးတွေ ၊ ထိခိုက်မှုတွေအတွက်လျော်ကြေး ရတာမျိုးတွေမရှိပါဘူး။ ဖြစ်လေသမျှ ကံအကြောင်းကြောင့်လို့သာ မှတ်ယူကြရပါတယ်။
“ကျမတို့ မျှစ် သွားချိုးကြတယ်လေ ကျမတို့ ရွာနားမှာ။ နေ့လည်က ၁ နာရီခွဲလောက်မှာ မိုင်းနင်းမိတော့ ခြေထောက်တဖက် ပြတ်သွားတယ်လေ။” လို့ မော်ဌေးမြာတယောက် ဇွန်လ ၃ ရက်နေ့က မျက်စိတမှိတ်အတွင်းမှာ သူမရဲ့ အရေးပါလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုဖြစ်တဲ့ ခြေတဖက် ဆုံးရှုံးလိုက်ရတဲ့ အချိန်တိုလေးအတွင်းက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြနေတာပါ။
မော်ဌေးမြာ က အထက်ပါစကားကို ရယ်သံပါလျှက် ပြန်ပြောင်းပြောပြနေပေမယ့် မတတ်သာလို့သာ ရယ်နေရတဲ့ အခြေအနေ ဆိုတာကိုတော့ သူမရဲ့ ရယ်သံကို ကြားနေရတဲ့သူတိုင်းက သိနိုင်ပါတယ်။
လက်ရှိမှာတော့ သူမရဲ့ ဒဏ်ရာဟာ သက်သာလုနီးပါးဖြစ်နေပေမယ့် ဆုံးရှုံးသွားတဲ့ဘယ်ခြေထောက် တဖက်ကိုတော့ ပြန်မရနိုင်တော့ပါဘူး။ သူမဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ နေထိုင်သူဖြစ်ပြီး တိုက်ပွဲကြောင့် ဘေးလွတ်ရာလို့ တွေးထင်ရတဲ့နေရာတွေကို တိမ်းရှောင်နေရသူလည်း ဖြစ်ပါတယ်။
သူမရဲ့ ဇာတိဖက်မှာ တိုက်ပွဲအနည်းငယ် ငြိမ်တယ်ဆိုရုံမျှဖြင့် ဇာတိတူ ရွာခံတွေနဲ့အတူ နေရပ်ပြန်ပြီး နေထိုင်လို့ရတဲ့ အခြေအနေအထိ နေအိမ်ကို ပြန်လည်နေထိုင်ကြပါတယ်။ နေတလှည့်၊ ပြေးတလှည့်မို့ ဥယာဉ်ခြံမြေတွေ၊ လယ်၊ ယာ စိုက်ပျိုးရေးတွေ မလုပ်နိုင်တော့ဘဲ စားဝတ်နေရေး မပြေလည်တော့တာကြောင့် ရာသီပေါ်စာတွေကို ရှာဖွေရင်း စားဝတ်နေရေးကို ဖြေရှင်းနေကြရတာပါ။
ဖူလုံတယ်မဟုတ်ပေမယ့်လို့ ဝင်ငွေအနည်းငယ် ရရှိအောင် ရာသီပေါ်စာတွေကို ရောင်းချလို့ရတဲ့ နေရာတွေကို လိုက်လံရောင်းချပြီး ဝင်ငွေရှာဖွေကြရပါတယ်။ ဒီလို စားဝတ်နေရေးအတွက် ရှာဖွေဖြေရှင်းရင်းက မော်ဌေးမြာဟာ ကံမကောင်းစွာ ဘယ်ခြေတဖက်ကို ပေးဆပ်ဆုံးရှုံးလိုက်ရတာပါပဲ။
မော်ဌေးမြာလိုပဲ ခြေထောက်အပြင် တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဒဏ်ရာဗရပွ ရရှိထားတဲ့ အမျိုးသမီးတဦးက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ နေထိုင်သူပါ။ သူမကတော့ အသက် ၃၀ အရွယ် မော်စိုးမြာ ( နာမည်လွှဲ ) ဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြေမြှုပ်မိုင်းနင်းမိရင်း ခြေထောက်ဆုံးရှုံးလိုက်ရတဲ့အပြင် ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ရရှိထားပါတယ်။ လက်ရှိမှာ ဒဏ်ရာတွေဟာ သက်သာနေပြီဆိုပေမယ့် ပြန်မရနိုင်တော့တဲ့ ခြေထောက်တွေရယ်၊ မပျောက်နိုင်တော့တဲ့ အမာရွတ်တွေရယ်သာ ပိုင်ဆိုင်ထားနိုင်ပါတော့တယ်။
စစ်ဘေးရှောင်နေရင်း မော်စိုးမြာ ဟာ ရွာမှာ ကျန်ရစ်ခဲ့တဲ့ ရိက္ခာတွေကို ပြန်သယ်ယူတဲ့အချိန်မှာပဲ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာပါ။ မော်စိုးမြာနဲ့ တိုက်ရိုက်စကားပြောခွင့် မရခဲ့ပေမယ့်လို့ သူမနဲ့အတူ ရိက္ခာပြန်သယ်နေရင်း သူမ မိုင်းနင်းမိစဉ်မှာ မြင်ရတဲ့ မျက်မြင်သက်သေ အမျိုးသားတဦးက မော်စိုးမြာရဲ့ ဖြစ်စဉ်ကို အခုလို ပြန်ပြောင်းပြောပြတာပါ။
“အခု မိုင်းနင်းမိတဲ့တယောက်က သူ့အမေနဲ့လည်း အတူမနေဘူးပေါ့။ သူ့အဖေက ဒုက္ခိတ။ သူ့မှာလည်း ကလေးနှစ်ယောက်ရှိတယ်။ အဲ့ဒါကြောင့် သူက ပိုက်ဆံအရမ်းလိုနေလို့တဲ့ အဲ့ဒါ စပါးတွေ ပြန်ချိန်မှာပေါ့။ ပြန်ယူမယ်ဆိုပြီးတော့ပေါ့။ ကျနော့်ဟာလည်း ရှိသေးတယ်။ ဒါဆို ပြန်ချိန်လေ ကျနော်လည်း သယ်ကူမယ်ပေါ့။ ပိုက်ဆံရမယ်ထင်ပြီးတော့ စွန့်စားတာပေါ့။” လို့ မော်စိုးမြာ ရဲ့ မိုင်းနှင်းမိခဲ့တဲ့ ဖြစ်စဉ်ကို အဆိုပါ အမျိုးသားက ပြန်ပြောင်းပြောပြခဲ့တာပါ။
ကရင်နီမှာတော့ မိုးဗြဲမြို့မှာ နေထိုင်တဲ့ ကလေးငယ်သုံးဦးဟာလည်း တောထဲသွားရင်း မိုင်းနင်းမိတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ တောင်ယာသွားရင်း မြေမြှုပ်မိုင်း နင်းမိတဲ့ အရပ်သားတွေလည်း ရှိပါတယ်။ မြေမြှုပ်မိုင်းကြောင့် အသက်ပေးဆပ်လိုက်ရတဲ့ အရပ်သားတွေ ရှိသလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးဆပ်လိုက်ရတဲ့ အရပ်သားတွေထဲမှာ အမျိုးသား၊ အမျိုးသမီးတွေလည်း မြောက်များစွာ ရှိနေပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ခူးဆော်ရယ် အမည်ရှိသူ အမျိုးသားတဦး ဟာဆိုရင်လည်း တောင်ယာက ပြန်လာတဲ့အချိန်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသူပါ။
၂၀၂၃ ခုနှစ်အတွင်းမှာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းသမျှ သိရှိရတဲ့ စာရင်းအရ မြေမြှုပ်မိုင်း နင်းမိရင်း ခြေထောက်ဆုံးရှုံးသွားရတဲ့ အရပ်သားအရေအတွက်ဟာ မော်ဌေးမြာ အပါအဝင် နှစ် ဦး ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီမှာ သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်ဟာ ၁၅၂ ဦးအထိ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂ နှစ်တာစစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရပ်သားတွေ နေရပ်ပြန်ရင်း မိုင်းနင်းမိနေတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးက
“ ကျနော်တို့ပြောနိုင်တာတခုက မြေမြုပ်မိုင်းက တိုက်ပွဲဖြစ်ဖူးတဲ့နေရာ၊ ပြီးတဲ့အခါမှာ စစ်ကောင်စီ တပ်စွဲဖူးတဲ့နေရာမှာ ရှိကိုရှိတယ်။ ဒါကြောင့်မို့လို့ အဲ့လိုနေရာတွေဆိုလို့ရှိရင် ဒေသခံတွေက ဖြစ်နိုင်ရင် မပြန်ကြဖို့ပေါ့။ ပြီးတဲ့အခါမှာ သံသယရှိနိုင်တယ်ဆိုတဲ့နေရာတွေ မသွားလာကြဖို့ပေါ့။ အဲ့ဒါကိုပဲ ကျနော်တို့ တိုက်တွန်းနိုင်တာရှိတယ်ပေါ့နော။ ဘာမှမလုပ်ပေးနိုင်သေးဘူး။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒေသခံတွေကို မက်ဆေ့ပေးနိုင်တာကတော့ ခုနကပြောတဲ့အတိုင်းပဲပေါ့။ ဒေသခံတွေအနေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးတဲ့နေရာတွေ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကိုယ့်ပါကို အရဲစွန့်ပြီးတော့မှ မပြန်ကြဖို့ပဲ ကျနော်တို့ တိုက်တွန်းချင်တယ်။” လို့ ပြောပါတယ်။
အရပ်သားတွေသာမကပဲ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်မြောက်များစွာဟာ မြေမြှုပ်မိုင်းကြောင့် အသက်တွေ ပေးဆပ်လိုက်ရသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တိုင်းပြည်နှင့်အမျိုးသားရေးအတွက် ပေးဆပ်နေကြရပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာ တော်လှန်ရေးရဲဘော်အများစုဟာ မြေမြှုပ်မိုင်းကို အမြဲ နင်းမိလေ့ရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း မိုင်းရှာတာ၊ ရှင်းတာတွေကို မဆောင်ရွက်ပေးနိုင်သေးတာကြောင့် အရပ်သားတွေအနေနဲ့ တိုက်ပွဲအခြေအနေ ခေတ္တ ငြိမ်တယ်ဆိုရင်တောင် နေရပ်ကို အရဲစွန့်ပြီး မပြန်ကြဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို မြေမြှုပ်မိုင်း ရှိနိုင်တဲ့ နေရာတွေကို မေးမြန်းပြီးမှသာ သွားလာကြဖို့ကို KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆက်လက်တိုက်တွန်းထားပါတယ်။
မော်ဌေးမြာ( နာမည်လွှဲ )၊ မော်စိုးမြာ ( နာမည်လွှဲ ) နဲ့ ခူးဆော်ရယ်တို့လို လူသိရှင်ကြား မသိရသေးတဲ့ လူသတ်လက်နက် “မိုင်း” ကြောင့် အသက်ပေးဆပ်လိုက်ရသူတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း ပေးဆပ်လိုက်ရသူတွေဟာ ကရင်နီမှာ ဒုနဲ့ဒေးပါ။
စစ်ပွဲတွေ ရပ်တန့်သွားတယ်ဆိုရင်တောင် မြေမြှုပ်မိုင်း အန္တရာယ်က ဆက်လက်ရှင်သန်နေဦးမှာမို့ အရပ်သားတွေအနေနဲ့ သတိရှိစွာ သွားလာကြဖို့ လိုအပ်သလို သက်ဆိုင်ရာ မိုင်း ပညာပေး အဖွဲ့အစည်းများ၊ မိုင်းရှင်းလင်းပေးနိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အရပ်သားတွေကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်မှသာ မိုင်းကြောင့် ပေးဆပ်ရတဲ့ အရပ်သားတွေ နည်းပါးလာမှာဖြစ်တယ်လို့ မေတ္တာရပ်ခံတိုက်တွန်းရင်း………။