spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းဆရာမတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ ကျောင်းဆရာမ တစ်ဦးဟာ သူမ တာဝန်ကျတဲ့ ကျေးရွာတရွာမှာ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မိသားစုဝင်တစ်ဦးထံကနေ သိရှိရပါတယ်။

အဆိုပါ ဆရာမဖြစ်သူ တာဝန်ကျတဲ့ ကျေးရွာဟာ ရှမ်း-ကရင်ပြည် နယ်စပ် ဆီးဘူးဒေသအတွင်းက ကျေးရွာတရွာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ ည အချိန်မှာ ဆရာမဖြစ်သူနေထိုင်တဲ့နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ယူဖို့ မိသားစုဝင်တွေ ရောက်သွားချိန်မှာ ရုပ်အလောင်းဟာ တစစီကြေမွနေတယ်လို့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဘာမှမသိရသေးဘူး။ အဖေ (သေဆုံးသူရဲ့ အဖိုးဖြစ်သူ) တို့လည်း ပြန်လာကောက်တဲ့နေ့ဆိုရင် အရမ်းရင်ကျိုးသွားတယ်ပေါ့နော်။ သမီးကို ဟိုကောက်လိုက်၊ ဒီကောက်လိုက် ဘာမှမပြောနိုင်ဘူး။ သူတို့ပြောနေတာ။ အရမ်းဝမ်းနည်းတယ်။” လို့ သေဆုံးခဲ့တဲ့ ကျောင်းဆရာမ ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

မီးလောင်သေဆုံးရတဲ့ ဖြစ်စဉ်အသေးစိတ်ကို မိသားစုဝင်များအနေနဲ့ မသိရှိသေးဘူးလို့ ဆိုပါတယ်။ သေဆုံးခဲ့ရသူ ကျောင်းဆရာမဟာ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုကလောကျေးရွာသူဖြစ်ပြီး အသက်၂၀ အရွယ်ဖြစ်ကာ မိသားစုအတွင်း သမီးအကြီးဖြစ်ပါတယ်။ သူမနဲ့အတူ နေထိုင်တဲ့ ကျောင်းဆရာတို့ ဇနှီးမောင်နှံကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါကျောင်းဆရာမဟာ တာဝန်ကျတဲ့ကျေးရွာကို ရောက်ရှိနေတာ သုံးလ ဝန်းကျင်သာရှိသေးတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

“တခါဘဲဖုန်းပြောဖူးတယ်။ နောက် ၂ လပြည့်တော့မယ်။ သူသွားနေတာ သုံးလကျော်ပြီလား မသိဘူး။ အကြာကြီးပျောက်သွားတယ်။ ကျမလည်း သမီးဖုန်းကို မျှော်နေတာပေါ့နော် နေ့တိုင်း နေ့တိုင်း လိုင်းတက်တော့မလား မျှော်နေတာ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ညမှာ တကယ်တမ်းက အဲ့လိုမျိုးဖြစ်နေတာ။ ဘာဖြစ်လဲဆိုတော့ တခါတည်း မီးလောင်တာတဲ့။ စဉ်းစားကြည့်ပါဦး။” လို့ မိခင်ဖြစ်သူက ဆက်ပြောပါတယ်။

လက်ရှိမှာမိခင်ဖြစ်သူဟာ ထိုင်းနိုင်ငံအတွင်းကို အလုပ်လုပ်ဖို့ ရောက်ရှိနေတာကြောင့် သမီးဖြစ်သူနဲ့ တကြိမ်သာ ဖုန်းပြောခွင့်ရခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိရတဲ့အတွက် တာဝန်ရှိသူများအနေနဲ့ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်စေချင်တယ်လို့ သေဆုံးသူ ကျောင်းဆရာမရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

ကယန်းအမျိုးသားပညာရေးကော်မတီ KNEC က ပို့ဆောင်ပေးမှုကြောင့် သူမဟာ အဆိုပါကျေးရွာမှာ ကျောင်းဆရာမအဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ မိခင်ဖြစ်သူထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts