ကန္တာရဝတီတိုင်း(မ်)
“တယောက်မဟုတ်ဘူးလေး၊ နှစ်ယောက်ဖြစ်တယ်ဆိုတော့။” လို့ ဒေါ်နန်းမိုင် ပြောရင်း အသံသိမ်၀င် သွားပါတယ်။
အာဏာသိမ်း၊ စစ်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်တဲ့ မြေမြှုပ်မိုင်းကြောင့် ဒေါ်နန်းမိုင်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံး ခြေထောက်တွေ မရှိတော့ပါဘူး။
သူတို့ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ရွာတရွာမှာ စစ်ကောင်စီတပ် တနှစ်နီးပါး တပ်စွဲနေထိုင်ခဲ့ပြီး၊ သူတို့ပိုင်ဆိုင်တဲ့ နှစ်ထပ်အိမ်ဟာလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတဲ့ထဲ ပါသွားခဲ့ပါတယ်။
တနေရာပြီး တနေရာ ထပ်ဆင့် စစ်ရှောင်နေရတဲ့ ၃ နှစ် ၀န်းကျင်ကာလမှာ သူတို့ဇနှီးမောင်နှံအဖို့ စားဝတ်နေရေး ကြပ်တည်းလာခဲ့ပြီး၊ စစ်ကောင်စီတပ်တွေဆုတ်ခွာသွားတဲ့အချိန်မှာတော့ ရွာပြင်မှာ တဲကလေးနဲ့ ပြန်နေကြပါတယ်။ ရွာထဲကိုတော့ ချက်ချင်းပြန်မဝင်ရဲကြပါဘူး။ ဒါပေမဲ့လည်း သူတို့ဇနီးမောင်နှံနေထိုင်တဲ့ ရွာပြင်ဘက်မှာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားနိုင်တဲ့ မြေနေရာမရှိပါဘူး။
မိုးဦးရာသီမှာ လေပြင်းမုန်တိုင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ရွာပြင်မှာနေမယ့်အစား တပိုင်တနိုင် သီးနှံလေးတွေလည်း စိုက်ပျိုးနိုင်ဖို့အတွက် ရွာထဲကခြံဝန်းထဲမှာ တဲထိုးပြီးပြန်နေဖို့ သူတို့ဇနီးမောင်နှံနှစ်ဦး တိုင်ပင်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှခဲ့ကြပါဘူး။ ဒေါ်နန်းမိုင် တို့ ဇနီးမောင်နှံဟာ ရွာတွင်းမှာ စိုက်ပျိုးရေးတနိုင်တပိုင် လုပ်ကိုင်ခဲ့ကြရင်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို တည့်တည့်ကြီးနင်းမိခဲ့ကြပါတယ်။
သူတို့ဇနီးမောင်နှံ ရွာထဲပြန်နေဖြစ်တဲ့ ၄ ရက်မြောက်နေ့ ( ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့) မှာပဲ ခင်ပွန်းဖြစ်သူ ဦးသန်းထွန်းက ခြံဝန်းနဲ့ ကပ်ရက် ဓာတ်တိုင်အောက်က မိုင်းကို အရင်နင်း မိသွားပါတော့တယ်။
“ငါတို့လုပ်နိုင်ရင်တော့ ကိုယ့်ကိုယ်ကိုရှာစားရင် ပိုအဆင်ပြေတယ်ဆိုတဲ့ အတွေးမျိုးပေါ့နော။ အဒေါ်တို့က ရက်ပိုင်းပဲ ပြန်နေတော့ အဲလိုဖြစ်သွားတာ။” လို့ ဒေါ်နန်းမိုင်က ပြောပါတယ်။
အများပြည်သူပျော်ရွှင်ရတဲ့ သင်္ကြန်အကျနေ့ကတော့ သူတို့အတွက် ကံဆိုးတဲ့နေ့ဖြစ်ခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံ အိမ်ပြန်လာမနေခင်မှာ ခြံဝန်းနဲ့ ခြံပြင်တွေမှာ သန့်ရှင်းရေးတွေပြုထားသလို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီး မိုင်းရှင်းလင်းပြီးခဲ့ပါပြီ။ ဒါပေမဲ့ ဓါတ်တိုင်အောက်က မိုင်းကိုတော့ သတိမပြုမိခဲ့ကြဘူး။
မြေမြှုပ်မိုင်းဆိုတာ ပုံသွင်းထားတဲ့ ယမ်းဘီလူး (သို့မဟုတ်) အခြားပေါက်ကွဲစေနိုင်တဲ့ အရာတခုကို ပေါက်ကွဲမှု အဆင့်ဆင့်နဲ့ ပေါက်ကွဲစေပြီး လူတွေကို အန္တရာယ်ပြုစေတာပါ။
စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးအပြင် တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေ၊ အများသွားလာနိုင်တဲ့ နေရာတွေနဲ့ သူတို့တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေကို အများဆုံးထောင်ထားလေ့ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မြေမြှုပ်မိုင်းအမျိုးအစားပေါင်းများစွာထဲက ၁၄ မိုင်း နဲ့ ၁၆ မိုင်းကို အများဆုံးအသုံးပြုတာကို တွေ့ ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေကတော့ သူတို့ရန်သူတွေကို တိုက်ခိုက်တဲ့အခါမှသာ မြေမြှုပ်မိုင်းတွေကို အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ ဒေါ်နန်းမိုင်ရဲ့ ခင်ပွန်း ဦးသိန်းထွန်းကတော့ ဆေးရုံမှာ ၁ လ ကျော် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ နေစရာမရှိတဲ့ သူတို့ဇနှီးမောင်နှံအဖို့ နေရင်းအိမ်ခြံဝန်းထဲက တဲအိမ်လေးမှာပဲ ပြန်နေဖြစ်ကြပါတယ်။
ဒေါ်နန်းမိုင်တယောက် ရွာထဲက သူမတို့လက်ကျန်တဲအိမ်လေးထဲမှာပဲ မိုင်းကြောင့် ခြေထောက်နှစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။
ဒီလိုနဲ့ သူမရဲ့ခင်ပွန်းကိုပြုစုလာရင်း ၃ လ အကြာ (ဇူလိုင်လ ၃၀ ရက်နေ့) နေခင်းမှာတော့ သူမခင်ပွန်း မိုင်းနင်းမိခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းတနေရာက မထင်မှတ်ထားတဲ့မြေမြှပ်မိုင်းတလုံးကို ဒေါ်နန်းမိုင်ကိုယ်တိုင် နင်းမိခဲ့ပါတယ်။
ဒေါ်နန်းမိုင် မိုင်းနင်းမိတဲ့အချိန်မှာ သူမရဲ့ခင်ပွန်းဖြစ်သူ ဦးသိန်းထွန်းဟာ မလှမ်းမကမ်းတနေရာကနေ ဘီးတပ်ကုလားထိုင် (ဝှီးချဲ) ကနေ လှမ်းကြည့်ရုံမှအပ ဘာမှမကူညီနိုင်ခဲ့ပါဘူး။
ဇနီးသည်က သူ့မျက်စိရှေ့မှာလဲကျသွားတာကို မြင်ရတဲ့မြင်ကွင်း။ သူကိုယ်တိုင်ဘယ်လိုမှ သွားထူပေးလို့မရတဲ့ အခြေအနေမှာ ဦးသိန်းထွန်းတယောက် ရင်ကွဲမတတ် ခံစားခဲ့ရပါတယ်။
ဒေါ်နန်းမိုင် ကတော့ ဘေးအိမ်အကူအညီတွေနဲ့ ဆေးရုံကို ရောက်ခဲ့သွားပါတယ်။
မြေမြှုပ်မိုင်းရဲ့ ဒဏ်ကြောင့် ဒေါ်နန်းမိုင်တယောက် ဘယ်ခြေတဖက် ဖြတ်လိုက်ရတဲ့အပြင်၊ လက်၊ရင်ဘတ်နဲ့ မျက်လုံးနားတွေမှာ ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲပါ။
“စတီးလ်ချောင်းထည့်ထားရသေးတယ် အဒေါ်ဟာက။ အခုကျတော့ ဖြုတ်ပြီ။ လက်ကျတော့ လက် ရှိရုံပဲ ပေါ့နော်။ ဘာမှလုပ်လို့မရတော့ဘူး။ သူတို့(ဆရာဝန်)ပြောတယ်၊ လက်ကလှုပ်ရှားလို့ မရတော့ဘူး။ သူက ဒီတိုင်းအကွေးတိုင်းပဲ ရှိသွားတော့မှာထင်တယ်။” လို့ ဒေါ်နန်းမိုင်က လက်ရှိ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြပါတယ်။
လက်ရှိ ဒေါ်နန်းမိုင်တို့ဇနီးမောင်နှံဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ကိုယ်ပိုင်တဲအိမ်နဲ့ နေပြီး၊ ဘေးကပ်ရက်မှာတော့ ဒေါ်နန်းမိုင်ရဲ့ မောင်လေး မိသားစုတို့ နေထိုင်ကြ ပါတယ်။
ဒေါ်နန်းမိုင်တို့ဇနီးမောင်နှံရဲ့ ဝေယျာဝစ္စအဝဝကို သူမရဲ့ မောင်လေးနဲ့ ယောင်းမတို့က ကူညီဆောင်ရွက် ပေးပါတယ်။
“တယောက်ပဲဖြစ်၊ တယောက်ကပြုစုဆို တော်သေးတယ်၊ အခုက မောင်လေးနဲ့ ယောင်းမကိုပဲ အားကိုးနေရတယ် နေ့ရောညရော။ သူတို့ချက်ကျွေးမှ ကိုယ်က စားရတာ” လို့ အားငယ်စွာဖြင့် ဒေါ်နန်းမိုင်ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်)က ဒေါ်နန်းမိုင်ကို အင်တာဗျူးနေစဥ် ဇနီးသည်ပြောတဲ့စကားတွေကို နားထောင်ရင်း ဦးသိန်းထွန်းရဲ့ မျက်ဝန်းထဲ မျက်ရည်တွေပြည့်လာတာကိုတွေ့ရပါတယ်။
ဒေါ်နန်းမိုင်တယောက်လည်း စကားပြောရင်း အသံတွေလည်း သိမ်ဝင်လာပါတယ်။
လူလတ်ပိုင်းအရွယ် ၅၃ နှစ် ရှိတဲ့ သူတို့ဇနီးမောင်နှံ နှစ်ဦးဟာ အသက်အရွယ်တူညီကြသလို ရှေ့သွားနောက်လိုက် လိုက်ဖက်ညီလှတဲ့ စုံတွဲပါ။
အာဏာမသိမ်းခင်မှာ သူတို့ဇနီးမောင်နှံဟာ သားသမီးတွေကို အေးချမ်းစွာပညာသင်ယူစေပြီး သူတို့ရဲ့ သမီးကြီးဖြစ်သူက ဘွဲ့ရထားပြီးဖြစ်သလို၊ သားငယ်ကတော့ အာဏာမသိမ်းခင်အထိ တက္ကသိုလ် ပထမနှစ်နဲ့ ကျောင်းတက်ထားပါတယ်။
ဒါ့အပြင် “ချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့လိုတယ်” လို့ ခံယူထားတဲ့ သူတို့ ဇနီးမောင်နှံဟာ
စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ပဲ နေ့စဉ်ဘဝကို အေးချမ်းစွာဖြတ်သန်းခဲ့ကြတာပါ။
အာဏာသိမ်းပြီးလို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ကရင်နီမှာ အလုပ်အကိုင်တွေရှားပါးလာသလို၊ စိုက်ပျိုးရေးတွေ မလုပ်နိုင်တော့တဲ့ ဒေါ်နန်းမိုင်တို့အဖို့ သမီးကို မခွဲချင်ဘဲ အဝေးကြီးတနေရာမှာ အလုပ်လုပ်ဖို့ ခွင့်ပြုလိုက်ပါတယ်။
သားငယ်ကတော့ လက်ရှိ မိဘနဲ့ တခါတရံအတူနေပြီး မိသားစု စားဝတ်နေရေးအတွက် မိဘလက်ငုတ် လက်ရင်းလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးကို တနိုင်တပိုင် ပြန်လုပ်နေပါပြီ။
စားရရုံဆိုရုံလေးနဲ့ ရှိတဲ့အလုပ်တွေကို သားဖြစ်သူကလုပ်နေရတာဖြစ်ပြီး အဝေးက သမီးလည်း မိဘအသုံးစရိတ်ကို ပို့ပေးနေရပါတယ်။
မြေမြှုပ်မိုင်းကြောင့် ဦးသိန်းထွန်းဟာ ခြေနှစ်ဖက်လုံးဆုံးရှုံးလိုက်ရပြီး ဒေါ်နန်းမိုင်ကတော့ ဘယ်ခြေတဖက် နဲ့ ညာလက်တဖက် အကြောသေသွားတာဖြစ်ပါတယ်။ ဒါဟာ သူတို့မိသားစုအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေပါပဲ။
ဒေါ်နန်းမိုင်ကတော့ ကျန်းကျန်းမာမာနဲ့ ဘဝကို ပြန်လည်ဖြတ်သန်းချင်တာပါ။
“ကိုယ်အခုဖြစ်သွားတာက ခြေတွေဆုံးရှုံးလိုက်ရတယ်ပေါ့နော။ ဖြစ်နိုင်ရင်တော့ ခြေတုလေးတော့ ပြန်လိုချင်တယ်ပေါ့နော” လို့ သူမက ဆိုပါတယ်။
ဒေါ်နန်းမိုင်တို့ ဇနီးမောင်နှံဟာ ခြေတုတွေပြန်တပ်ဖို့ စိတ်အားထက်သန်ကြပေမဲ့ ဦးသိန်းထွန်း တယောက်သာ ခြေတုတပ်ဖို့ စာရင်းတင်ထားရသေးပြီး ဒေါ်နန်းမိုင်ကတော့ အနာမကျက်သေးတဲ့ အတွက် စာရင်းမတင်ရသေးပါဘူး။
“ဦးလေးက ခြေတုတင်ထားတယ်။ ၅လတော့ရှိပြီ” လို့ ဦးသိန်းထွန်းက ပြောပါတယ်။
မြေမြှုပ်မိုင်းကြောင့် ကရင်နီမှာ အသက်ဆုံးရှုံးရတဲ့သူတွေရှိသလို ဒေါ်နန်းမိုင်တို့လို ခန္ဓာကိုယ် ပေးဆပ်လိုက်ရတဲ့ အရပ်သားတွေဟာ ဒုနဲ့ဒေးပါ။
ဒါပေမဲ့ မိသားစုတစုတည်းဖြစ်တဲ့အပြင် အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ထိန်းဖြစ်တဲ့ သူတို့ဇနီးမောင်နှံအဖို့တော့ နှစ်ယောက်လုံးလုံး မြေမြုပ်မိုင်းဒဏ်ခံရတဲ့ နောက်ဆက်တွဲ အခက်အခဲတွေကတော့ စကားလုံးနဲ့ ဖော်ပြလို့တောင်မရကြပါဘူး။
“ရှေ့ဆက်ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲဆို အဲဒါတော့ အဒေါ်မပြောနိုင်သေးဘူး။ မပြောတတ်သေးဘူးပေါ့နော။ အခုဆို ပူထူနေတယ်” လို့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒေါ်နန်းမိုင်က ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကရင်နီမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ အရပ်သား ၃၅ ဦးထက်မနည်းရှိပြီး၊ ၂ ဦး သေဆုံးခဲ့တယ်လို့ IECအတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာ ရှိပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ကျန်းမာရေးဌာနကနေ မြေမြှုပ်မိုင်းကြောင့် ခန္ဓာကိုယ်ပေးဆပ်ရတဲ့ သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ နေရာ ၄ ခုဖွင့်လှစ်ထားပြီး၊ လူနာ ၃၀ ကျော်ကို ဆေးကုသမှုပေးနေတယ်လို့ IEC ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။
ဒါတွေအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ထားတဲ့ နေရာရှိတယ်လို့ ဆိုပါတယ်။
“အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာတွေကို သင်ပေးဖို့ ၊အရင်းအနှီးတွေ စိုက်ထုတ်ပေးဖို့ ငွေကြေးတွေလည်း အခက်အခဲရှိတဲ့အခါကျတော့ လုပ်နေတဲ့ အပိုင်းတော့ရှိတယ်၊ အကယ်၍ နောက်ပိုင်း ရံပုံငွေရရှိမှုအပေါ်မူတည်ပြီးတော့မှပဲ ကျနော်တို့ ပိုပြီးတော့တိုးချဲ့ပြီးတော့မှပဲ လုပ်သွားမယ်ပေါ့နော်” လို့ ခွန်းဖိလစ်က ပြောပါတယ်။
ကရင်နီပြည်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာတွေ၊ မြို့ပေါ်ဧရိယာတွေ နဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ကျန်ရှိနေဆဲပါ။
မိုင်းရှင်းလင်းဖို့အတွက် ပစ္စည်းကိရိယာ မရှိတဲ့အတွက် ရှိတဲ့ပစ္စည်းတွေနဲ့ ရှင်းလင်းနေရသလို အခက်အခဲတွေ ရှိနေတယ်လို့ မြေပြင်မှာ မိုင်းရှင်းလင်းတဲ့ KNDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ ကျနော်တို့ဒီမိုင်း စက်တပ်ကိရိယာတွေ ဘာတွေတော့ မရှိဘူးပေါ့နော။ အဲတော့ ကျနော်တို့ဒီ ဓားတွေ နဲ့ပဲ ကျနော်တို့ ခြစ်ပြီး ရှာရတာတွေ ရှိတယ်။ နောက်ပြီးတော့ ဥပမာ မြက်တွေ တအားထူတဲ့နေရာတွေဆို ကျနော်တို့ ဒီမြက်ရိတ်စက်တွေနဲ့ သုံးရတယ်။ ပြီးကျနော်တို့ နောက်တခေါက် ကျနော်တို့ လက်နဲ့ပေါ့။ ဓားနဲ့ကော်ပြီး ကျနော်တို့ ဖြည်းဖြည်းချင်း ခြစ်ပြီး ရှာရတဲ့ဟာတွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။
စက်ကိရိယာတွေ အသုံးမပြုနိုင်တာက မိုင်းရှင်းတဲ့အခါမှာ အချိန်ပိုယူရပါတယ်။ ဒါတွေအပြင် မိုင်းအန္တရာယ်များလွန်းတဲ့၊ မရှင်းလင်းနိုင်သေးတဲ့ နေရာတွေမှာ “စာ” အမှတ်အသားတွေနဲ့ “ထား” ထားတာကြောင့် အဲ့လိုနေရာမျိုးကို မသွားလာဖို့ တိုက်တွန်းထားပါတယ်။
ဒီလို ”လူ” တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ မြေမြှုပ်မိုင်းတွေကြောင့် သူ့လိုဒုတ္ခိတ ဘဝ မရောက်စေချင်ဘူးလို့ ဒေါ်နန်းမိုင်ကပြောပါတယ်။
“မြေမြှုပ်မိုင်းရှိတဲ့နေရာကို မသွားစေချင်ဘူး။ ဘာဖြစ်လဲဆို အဒေါ်တို့မျိုး အခုလိုခံစားရတာလေး။ အဒေါ်တို့အသိဆုံးပေါ့နော။ ဖြစ်နိုင်ရင်တော့ ဘေးလွတ်တဲ့နေရာမှာပဲ နေစေချင်တယ်။ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူးပေါ့နော်” လို့ ဒေါ်နန်းမိုင်ကပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေဖြစ်ပွားနေဆဲ ကရင်နီဒေသမှာ စစ်ပွဲကြား၊ စစ်မြေပြင်ကြား အဆင်ပြေသလို သွားလာနေထိုင်နေကြရတဲ့ ကရင်နီပြည်သူတွေအပေါ် ထားတဲ့ ဒေါ်နန်းမိုင်ရဲ့ ဆန္ဒ ပြည့်၀နိုင်ပါ့မလား….။