spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ပြည်သူ့ပစ္စည်း ခိုးယူသူတွေကို KSP နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပူးပေါင်းပြီး အရေးယူဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပြ စစ်ဆင်‌ရေး တိုက်ပွဲအတွင်း မြို့ကိုစွန့်ခွာတိမ်းရှောင်ရတဲ့ မြို့ခံပြည်သူပိုင် ပစ္စည်းဥစ္စာတွေ ခိုးယူခံရမှုတွေများလာပြီး ဒီလိုခိုးယူမှုတွေကို ကရင်နီပြည်ရဲဌာန (KSP) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ အရေးယူဆောင်ရွက်ပေးနေတာရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

“မြို့တွင်း ဒီလို ခိုးယက်မှုတွေ ခိုးမှုတွေကို ဒါ ကရင်နီပြည် ရဲဌာနကနေပြီးမှ ဖမ်းဆီးထိန်းသိမ်းတာတွေ အရေးယူတာတွေ ဆောင်ရွက်နေတယ်ပေါ့နော်။ KNDF ကတော့ အကယ်၍ ဒီ KSP ကနေပြီးတော့မှ ဒီ ဖမ်းဆီးထိန်းသိမ်းဖို့ကို အကူအညီခေါ်ရင်တော့ လိုက်ပါဆောင်ရွက်ပေးတာမျိုးတွေ ရှိတာပေါ့။ မြို့တွင်းဒီလို ခိုးဆိုးမှုတွေကို ဒီ KSP က အရေးယူဖို့အတွက် KSP နဲ့ အတူပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး‌တော့မှ ဒေသခံ ပြည်သူတွေရဲ့အကူအညီနဲ့ပေါ့နော်။ ဒီလို ခိုးဆိုးလုယက်တဲ့လူတွေကို ဖမ်းဆီးတာ တွေရှိတယ်။ ပြီးတော့ ဒီသက်ဆိုင်ရာ KSP ကို အပ်ပြီးတော့ KSP ကနေပြီး‌တော့ ဆက်လက် အရေးယူတာတွေ ရှိပါတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF) မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်လိုက်တဲ့ လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့က ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။ မြို့ခံတွေ မသယ်ယူသွားနိုင်သေးတဲ့ အိမ်တွင်းကျန် ပစ္စည်းတွေကို လိုက်ခိုးယူနေတဲ့သူတွေများပြားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခိုးယူသူတွေဟာ စစ်ကောင်စီလက်အောက်ခံ အရပ်သားတွေဖြစ်နိုင်ပြီး မြို့ခံတွေရဲ့ ပစ္စည်းတွေကို ကိုယ်ပိုင်ပစ္စည်းသဖွယ် သယ်ယူသွားကြတယ်လို့ လွိုင်ကော်ဒေသခံတွေက ဆိုကြပါတယ်။

“အများအားဖြင့် မြို့တွင်းပိုင်းမှာ အခိုးခံရတယ်လို့ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ တချို့က စကစနဲ့ ပေါင်းပြီး သွားခိုးကြတယ်လို့ ကြားရတယ် ။ အိမ်မှာကျန်တဲ့ ပစ္စည်း၊ တန်ဖိုးရှိတဲ့ပစ္စည်း သူတို့သယ်နိုင်သလောက် ယူသွားကြတယ်လို့ သိရတယ်။ တစ်ချို့ဆို အိမ်ပိုင်ရှင် ပစ္စည်းပြန်ယူသလိုမျိုးကို သယ်သွားတယ်လို့ကြားရတယ်။” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမြို့တွင်းမှာ ကျန်ရစ်နေဆဲဖြစ်တဲ့ မြို့ခံတွေဟာ ရပ်ကွက်အလိုက် စုပေါင်း နေထိုင်ကြရတာရှိတယ်လို့ သိရပါတယ်။

“ခုက မိသားစုတွေစုနေရတာဆိုတော့ အိမ်ကိုတခါတလေ ပြန်သွားကြည့်ရင် ခိုးပြီးကုန်ပြီ။ လိုချင်တာအကုန်ယူသွားကြတယ်။ မီးကြိုးတွေကအစ ရေစုပ်စက်တွေပါမကျန်။”လို့ ‌ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ခိုးယူသူတွေကို ကရင်နီပြည်ရဲဌာနရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

spot_img
spot_img
spot_img

Recent posts