spot_imgspot_imgspot_imgspot_img
Saturday, November 23, 2024
spot_imgspot_imgspot_imgspot_img

တစ်နှစ်ကျော်အတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၇၃ မြို့ထိရှိလာ

ကန္ဓာရဝတီတိုင်း ( မ် )

၂၀၂၃ခုနှစ် ဇွန်လ ကနေ ၂၀၂၄ခုနှစ် ဇူလိုင်လကုန်အထိ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၇၃ မြို့ထိ ရှိလာတယ်လို့ နိုင်ငံတကာမြန်မာ့သတင်း (BNI) မှတ်တမ်းအရ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ အွန်လိုင်း Zoom ကနေ ပြုလုပ်သွားတဲ့ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းရည်ညွှန်းအကိုးအကား ၂၀၂၃ – ၂၀၂၄) စာအုပ်မိတ်ဆက်ခြင်း အခမ်းအနားမှာ BNI – Myanmar Peace Monitor Coordinator ကိုနှင်းကိုဦးက စာအုပ်ပါအကြောင်းအရာတွေကို ရှင်းလင်းပြောဆိုသွားပါတယ်။

“ ကောက်ယူတဲ့ပုံစံကတော့ နေ့စဉ်သတင်းဖော်ပြချက်တွေအပေါ်မှာ အခြေခံတယ်။ နောက်ပြီးတော့ BNI အဖွဲ့ဝင် ၊ အဖွဲ့အစည်းတွေကနေ သတင်းထောက်တွေလည်းရှိပါတယ်။ “ လို့ ကိုနှင်းကိုဦး က ထိန်းချုပ်ထားတဲ့မြို့တွေကို စာရင်းပြုလုပ်တာနဲ့ပါတ်သက်ပြီး ပြောပါတယ်။

BNI ရဲ့အချက်အလက်အရ ရှမ်းမြောက်ဒေသမှာ ၂၁ မြို့ ၊ ရခိုင်ပြည်နယ်မှာ ၁၄ မြို့ ၊ ချင်းပြည်နယ်မှာ ၁၃ မြို့ ၊ ကချင်ပြည်နယ်မှာ ၇ မြို့ ၊ ကရင်နီပြည်မှာ ၅ မြို့ ၊ စစ်ကိုင်းတိုင်းမှာ ၅ မြို့ ၊ ကရင်ပြည်နယ်မှာ ၂ မြို့ ၊ ပဲခူးတိုင်း ( အရှေ့ပိုင်း ) နဲ့ မန္တလေးတိုင်းမှာ ၁ မြို့ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၅ ခုမှာ ရှားတော ၊ မယ်စဲ့ ၊ ရွာသစ် ၊ မော်ချီး ၊ နန်းမယ်ခုံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ ၁၀၂၇”စစ်ဆင်ရေးနောက်ပိုင်းမှာ မြို့သိမ်းတဲ့ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ရှိလာပြီး ထိန်းချုပ်ထားတဲ့မြို့တွေကို အုပ်ချုပ်ရေး ၊ လုံခြုံရေးဆိုင်ရာ ယန္တယားလည်ပတ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် လပေါင်း ၄၀ ကျော်အတွင်း နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲပေါင်း (၄၃၁၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ BNI စာရင်းကနေ သိရပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်တာ၊ ၊ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နေစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေ ၃သန်းကျော်ရှိနေပြီး ပြေးရှောင်စရာမြေ ပိုမိုကျဉ်းကြပ်လာသလို စစ်ဘေးရှောင်ကို အကူအညီပေးရေးလည်း အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ နိုင်ငံတစ်ဝန်းမှာ စစ်ရေးစစ်ဘောင်ကျယ်လာတာနဲ့အမျှ ဘယ်နေရာမှာမှ တိမ်းရှောင်လို့မရတဲ့အနေအထားမျိုး ဖြစ်လာတယ်။ အချိန်ကာလတခုအရ ကိုယ့်ဆီမရောက်သေးဘူးဆိုတဲ့ အနေအထားတခုပဲ တွေ့ရတယ်။ ကျနော်တို့လည်း ဘားမှလုပ်ပေးလို့မရဘူး သို့သော် သက်ဆိုင်ရာအစုအဖွဲ့အားလုံးက ဒီအတွက်ကိုစာနာဖို့လိုမယ်။ ထိရောက်တဲ့အကူအညီတွေပေးနိုင်ဖို့ လိုမယ်။ မြို့ကိုသိမ်းထားတယ်ဆိုရင် ဒီမြို့ဟာ တကယ့်ကိုလွတ်မြောက်နယ်မြေဖြစ်လာပြီးတော့ အရပ်သားပြည်သူတွေ လုံလုံခြုံခြုံနဲ့ နဲ့ နေလို့ရနိုင်မယ့် အနေအထားမျိုးဖြစ်အောင် လုပ်နိုင်မှသာ စစ်ဘေးရှောင်တွေ အတွက်စာနာမှုကို လက်တွေ့ပြနိုင်မှာဖြစ်ပါတယ်။” လို့ ကိုနှင်းကိုဦးက ဖြည့်စွက်ပြောပါတယ်။

ဒီကနေ့ မိတ်ဆက်တဲ့ “ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃ – ၂၀၂၄” စာအုပ်ဟာ BNI ကနေ နှစ်စဉ်ထုတ်ဝေတဲ့ ၉ ကြိမ်မြောက် စာအုပ်ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှစတင်ပြီး ပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တွေ့ရှိချက်များကို “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ ရည်ညွှန်းအကိုးအကားစာအုပ်” အဖြစ် နှစ်စဉ် စုဆောင်းပြုစုတင်ပြလာတာ ဖြစ်ပါတယ်။

ခေတ်စနစ်အလိုက် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အခင်းအကျင်းများကို အခြေပြုပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သော အကြောင်းအရာများ၊ အဖြစ်အပျက်များ၊ အချက်အလက်များကို ရွေးထုတ် မှတ်တမ်းပြုထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img