spot_imgspot_imgspot_imgspot_img
Sunday, January 12, 2025
spot_imgspot_imgspot_imgspot_img

ဒရုန်းရန်ကြောင့် တောထဲ သွားအိပ်ကြသူများ ( သို့မဟုတ် ) အိမ်ရှိပေမဲ့ အိမ်ထဲမအိပ်ရတဲ့ ဘဝတွေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မနက်အစောပိုင်း ၇ နာရီလောက်မှာ အသက် ၃၅နှစ် အရွယ်ရှိတဲ့ မော်ဖဲမယ် နဲ့ သူမရဲ့ ကလေး ၃ ယောက်ဟာ တောတွင်း တနေရာကနေ စောင်တွေကို သယ်ပြီး မြူတွေစိုစွတ်နေတဲ့ မြက်ခင်းပြင်တွေကို ဖြတ်လျှောက်လာနေပါတယ်။

သူမတို့မိသားစုတွေဟာ တောတွင်း(သစ်ပင်တွေထူထပ်နေတဲ့နေရာ) မှာ ညအိပ်စက်ပြီး မနက်ပိုင်းမှာတော့ နေအိမ်ရှိရာ စစ်ရှောင်စခန်းကို ပြန်လာကြတာ နေ့စဉ်အလုပ်တခုပါ။

စစ်ရှောင်စခန်းမှာ မော်ဖဲမယ်တို့ အတွက် ဆောင်းတွင်း နှင်းရည်တွေကို အကာအကွယ်ပေးနိုင်မယ့် အမိုး၊ အကာ အပြည့်အစုံနဲ့ နေအိမ်ရှိနေပေမဲ့ အဲ့ဒီအိမ်မှာ ညဘက်ရောက်ရင် မော်ဖဲမယ်တို့ မိသားစု မအိပ်စက်ရဲပါဘူး။ အကြောင်းကတော့ စစ်ကောင်စီရဲ့ ဒရုန်းရန်နဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို ကြောက်ရွံ့နေကြတာကြောင့်ပါ။

မော်ဖဲမယ်တို့ နေထိုင်တဲ့ စစ်ရှောင်စခန်းဟာ ထိုင်း- ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ရှောင်စခန်းက အရပ်သား တဦးသေဆုံးခဲ့ပါတယ်။ ဒီ ဖြစ်စဉ် နောက်ပိုင်း အမြဲဆိုသလို စစ်ကောင်စီက ဒရုန်းနဲ့ ကင်းထောက်တာတွေ ရှိနေတတ်ပါတယ်။

၂၀၂၅ နှစ်သစ်ကူး ကစပြီး ညစဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်တာတွေကို ပိုမိုတွေ့လာရတာကြောင့် မော်ဖဲမယ် အပါအဝင် စစ်ရှောင်တွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပိုများလာပါတယ်။

မော်ဖဲမယ်တို့ ကတော့ ဒရုန်းသံကြားရရင်၊ ဒရုန်းကို မြင်ရရင်နဲ့ကို လေကြောင်း တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတာပါ။

ဒရုန်းတွေကတော့ အထူးသဖြင့် ညဘက်တွေမှာ လာရောက် ကင်းထောက်တတ်တာကြောင့်လည်း နွေးထွေးလုံခြုံတဲ့ အိမ်ကို ချန်ထားရပြီး ညအချိန် အေးစက်နေတဲ့ တောတောင်အတွင်းမှာ သွားရောက် အိပ်စက်ဖို့ကို ရွေးချယ်ကြရပါတော့တယ်။

“ ပြီးခဲ့တဲ့ နှစ်မှာ ကျမတို့ခံခဲ့ဖူးတော့လေ လေယာဉ်တွေ လာကြဲမှာစိုးရိမ်ပြီး ကျမတို့ ကြိုတင် ရှောင်တော့ ကျမတို့ အတွက် ပိုပြီးကောင်းတာပေါ့ ။ ကျမတို့ တပတ်ကျော်လောက် သွားအိပ်ပြီးပေါ့။” လို့ မော်ဖဲမယ်က ပြောပါတယ်။

ညနေ နေဝင်ရီတရော အချိန်တွေရောက်ရင် သားသမီး သုံးဦးကိုခေါ်ကာ လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ စောင်၊ ထမင်းအိုး၊ ပန်းကန်တွေ၊ ထမင်းဟင်းချက်ဖို့ ရေတွေ သယ်ပြီး တောတဲက ယာယီ တဲဆီ သွားကြတာပါ။

ညစဉ် တောထဲမှာ အိပ်စက်နေချိန် အေးလွန်းတာကြောင့်၊ စောင်မလုံလောက်တာ ၊ ရာသီဥတုအအေးဒဏ်ကြောင့်လည်း ကလေးငယ်တွေ ဖျားနာမှုတွေ ရှိနေပါတယ်။

“ကျမသား၊ သမီးတွေ နဲ့ သွားအိပ်တာ အရမ်းအေးတော့ တယောက်ပြီးတယောက် ဖျားနာဖြစ်နေတာပေါ့နော။ အမြဲ ဆေးခန်းသွားပြရတယ် ကျမတို့ ဒီလို သွားနေတော့ ကံကောင်းရင်တော့ အသက်ရှင်မယ် ကံမကောင်းရင်တော့ သေရင်လည်း တူတူသေရင် ပြီးတာပါပဲ။” လို့ မော်ဖဲမယ်က ညှိုးငယ်တဲ့အသံနဲ့ ပြောရှာပါတယ်။

နေ့စဉ် ညပိုင်းမှာတော့ တောထဲက တဲလေးမှာ အိပ်စက်ပြီး မနက်ပိုင်းမှာ နေအိမ်ပြန်တာကို ပြုလုပ်နေတာ တပတ်ကျော်ကြာမြှင့်လာပါပြီ။ အအေးဒဏ်ကလည်း ပိုလာပါတယ်။

မော်ဖဲမယ် ကတော့ ရှားတောမြို့နယ်ဇာတိပါ။ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် လုံခြုံမယ်လို့ယူဆရတဲ့ စစ်ကောင်စီတပ်တွေနဲ့ဝေးတဲ့ ထိုင်း- ကရင်နီ နယ်စပ် က စစ်ရှောင်စခန်းကိုလာရောက်ခိုလှုံနေထိုင်နေတာ သုံးနှစ်ထဲရှိနေပါပြီ။ သို့ပေမဲ့ ဘယ်နေရာရောက်ရောက် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုက ရှိနေတာကြောင့် သူမဟာ စိတ်ပင်ပန်းမှုဒဏ်ကို ခံနေရပါတယ်။

မော်ဖဲမယ်လိုပဲ လေကြောင်းရန်နဲ့ ဒရုန်းတွေကို ကြောက်ရွံ့တာကြောင့် တောထဲသွားအိပ်စက်နေရသူတွေထဲမှာ အသက် ၃၇ အရွယ် မော်စိုးမြာလည်း ပါဝင်ပါတယ်။ အိမ်ရှိရဲ့သားနဲ့ ကိုယ့်အိမ် ၊ ကိုယ့်ယာမှာ နွေးနွေးထွေးထွေး မအိပ်ရတဲ့အတွက် စိတ်ထဲ ဝမ်းနည်းရတယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။

“ကျမ ပထမရက်သွားအိပ်တာ စိတ်ပျက်တာပေါ့နော်။ ကျမ အသက်ရှူ လိုက်တာနဲ့ ကျမ မျက်ရည်တွေ ကျကျလာတယ် ကျမ ပက်လက်အိပ်ပြီး မျက်ရည်တွေက နားထဲမှာ ကျကုန်တာ” လို့ မော်စိုးမြာက ပြောပါတယ်။

တောတောင်တွေထဲမှာ သွားရောက်ပြီး ညအိပ် ညနေ နေရတာက အသက်အရွယ်ကြီးရင့်သူတွေအတွက် မလွယ်ကူဘူးလို့ အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ မော်ရှားမြာက ပြောပါတယ်။ ထိတ်လန့်စရာတွေနဲ့ ကြုံလာရင် တုန်ယင်ပြီး ဘားမှ မလုပ်တတ်တော့ဘူးလို့ မော်ရှားမြာက ပြောပါတယ်။

“တောထဲတောင်ထဲ ပြေးပုန်းရင်လည်း ကံသေပါရင်တော့ သေရမှာပဲ။ ကံမသေရင်တော့မသေဘူး။” လို့ အသက်ရှင်သန်ရေးအတွက် ကံစီမံရာကိုသာ ပုံအပ်ထားတဲ့ မော်ရှားမြာက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လူတွေအိပ်မောကျချိန်ဖြစ်တဲ့ မနက် ၄နာရီခွဲ အချိန်မှာ ဒရုန်းတွေ အမြဲလွတ်ပြီး ကင်းထောက်တတ်တာကြောင့် ညအမှောင်တွေထဲမှာ ဒရုန်းတွေမှာပါတဲ့ အနီရောင် အလင်းတန်းကိုတွေ့ရင်ပဲ စစ်ရှောင်တွေက အချင်းချင်းသတိပေးရင်း ပုန်းရှောင်နေရပါတယ်။

ညစဉ်ရက်ဆက် ဒရုန်းတွေကို သတိထားနေကြရတာကြောင့်လည်း အိမ်ရေးမဝတဲ့ည တွေများနေပြီလို့ ဆိုကြပါတယ်။

အခုလိုဆောင်းတွင်းရဲ့ အေးစက်လှတဲ့ မနက်ခင်းတွေမှာ အစောကြီးနိုးနေတတ်တဲ့ စစ်ရှောင်တွေကတော့ အနွေးဓါတ်ရဖို့ မီးမွေးပြီး အနွေးဓါတ်ရယူလိုပေမဲ့ ဒရုန်းတွေကနေ စစ်ရှောင်တွေရဲ့ တည်နေရာတွေကို သိရှိသွားမှာကို စိုးရိမ်တာကြောင့်လည်း သတိထားရပြန်ပါတယ်။

မနက်ဆို အစောနိုးကြပြီး ‌တောင်ကြားမှာ အိပ်စက်ရတာဟာ ရာသီဥတုအေး‌တဲ့ ဒဏ်တွေကြောင့် မနက်ခင်းလေးမှာ စောစောနိုးပြန်ပါတယ်။ မိခင်အများစုကတော့ မိမိတို့ရဲ့ ကလေးငယ်လေးကို ပွေ့ချီရင်း နဲ့ နှင်းမြူကြားမှာ မီးမွှေးပြီး ဟင်းချက်နေကြသူလည်း ရှိပါတယ်။ မနက်အစောပိုင်း မီးမွှေးတဲ့အခါလည်း ဒရုန်းကနေတဆင့် တွေ့ရှိသွားမှာကိုလည်း တဖန်စိုးရိမ်ရပြန်တယ်လို့ ဆိုပါတယ်။

“ဒရုန်းက မနက် ၄နာရီ ၄ ခွဲဆို အမြဲသွားတယ်။ ပတ်ပတ်လည်လည် သွားတယ်။ ဟိုတနေ့ တမနက်မှာ ကျမအမေက မီးထမွှေးတော့ အေးနေတော့ သူအိပ်မပျော်တာ၊ ကျမတို့ခေါင်းပေါ် အနီးမှာ သွားတော့ ဒရုန်းအလင်းရောင် လင်းလာတော့ လက်နက်ကြီး ပစ်ချပြီလားလို့ ကျမထင်တော့ အာ…အမြန်ပြေးတော့ သူကိုပြောတာပေါ့နော်” လို့ မော်ဖဲမယ်က အဲ့ဒီမနက်က မြင်တွေ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပါတယ်။

မော်ဖဲမယ် အပါအဝင် စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာကို ထွက်ပြေးပြီး တိုက်ပွဲသံ၊ လက်နက်သံတွေကို မကြားရတော့ဖို့ မျှော်လင့်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုကနေတော့ မလွတ်ကင်းနိုင်သေးပါဘူး။

၂၀၂၅ခုနှစ် နှစ်သစ်ကူးကာလအတွင်း စစ်ကောင်စီက လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့ နဲ့ ဖယ်ခုံမြို့နယ်အနောက်ခြမ်း ပီကင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားရှိရာကျေးရွာ ၊ စစ်ရှောင်စခန်းရှိရာနေရာကိုလည်း ဒရုန်းနဲ့ နေ့စဉ်ထောက်လှမ်းမှုရှိနေပါတယ်။

ဝေဟင်ကနေ တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးရန် ၊ ဒရုန်းရန်တွေဟာ ကရင်နီပြည် အပါအဝင် နယ်စပ်ဒေသတွေအထိ ခြောက်လှန့်နေဆဲဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts