spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

“လုံခြုံရေးအတွက် ဗုံးခိုကျင်းသာ ရွေးချယ်စရာရှိတဲ့ အရပ်သားပြည်သူများရဲ့ ဘဝ”

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

“ဘယ်သူမှတော့ မသေခင်ထဲက မြေကြီးထဲတော့ ဆင်းမအိပ်ချင်ကြဘူးလေနော် ၊ ဒါပေမယ့်လဲ လေယာဉ်လာကြဲတဲ့အချိန် ပြေးချိန်မမီတာကြောင့်ရယ် ၊ တချို့က Drone နဲ့ချတာဆိုတော့ အသံမကြားလိုက်မှာ စိုးရိမ်တာကြောင့် ဗုံးခိုကျင်းထဲဘဲ အိပ်ဖြစ်တယ်”

ဒါကတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ပြောတဲ့ စကားပါ။

လတ်တလောတိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် သူတို့နေထိုင်ရာအရပ်လေးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၅ရက် ရဲ့ နေ့၊ ၆ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်နေပါတယ်။ လက်နက်ကြီး အပြင် စာသင်ကျောင်း တစ်ကျောင်းကို မတ်လ ၅ ရက်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဒေသခံတွေ အတော်လေး စိုးရိမ်နေကြပြီး ညညဆို ဗုံးခိုကျင်းထဲ ဝင်အိပ်ကြရတာပါ။

အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဗုံးခိုကျင်းထဲကို မအိပ်ချင်ပဲ လုံခြုံရေးအရ အိပ်စက်နေကြရတာပါ။

လက်တလော တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲ၊ ဘောလခဲနဲ့ဆိုရင် ဒီးမော့ဆိုဟာ အတော်လေး အလှမ်းဝေးတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီကတော့ ပြီးခဲ့ မတ် ၅ ရက်နေ့ကနေစပြီး ဒီးမော့ဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

“ဒီမနက် ၉ နာရီလောက်သူတို့ (၁၀၂) တပ်ကနေ လက်နက်ကြီးထုလာတယ်။ ပြီးတော့ မနေ့က (မတ်လ ၅ရက်)လည်း စာသင်ကျောင်းကို သူတို့‌လေယာဉ်နဲ့ လာကြဲသွားတယ်။ ပြီးတော့ လက်နက်ကြီးလဲ ထု(ပစ်)လာတယ်။ စစ်ရှောင်နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်” လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံလူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုချိန်ဟာ အခြေခံပညာစာသင်ကျောင်းတွေမှာ ပညာသင်နှစ်ရဲ့ နောက်ဆုံးကာလတွေဖြစ်လို့ ကလေးတွေဟာ အတန်းတင်စာမေးပွဲတွေကို ဖြေဆိုနေကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်ပြီး ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စာသင်ကျောင်း တစ်ကျောင်းဟာ လုံခြုံရေးအရ နောက်ဆုံးစာမေးပွဲကို တောထဲတစ်နေရာမှာ ရွေ့ပြောင်း ဖြေဆိုခဲ့ကြပါတယ်။

ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကို ဖြေဆိုရမယ့်အချိန်မှာ စစ်ကောင်စီရဲ့ ကင်းထောက်ဒရုန်းတွေ မကြာခဏ ပျံဝဲနေတာကြောင့်လည်း စိုးရိမ်မှုတွေ ပိုနေရတယ်လို့ ကျောင်းတာဝန်ခံ လူငယ် အမျိုးသမီးတစ်ဦး က အခုလို ပြောပါတယ်။

“ကျမတို့ရွှေ့ပြောင်းတဲ့ကိစ္စက အုပ်ချုပ်ရေးပိုင်းနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲမတိုင်ခင်လဲ ကင်းထောက်လေယာဉ်တွေ ဝဲလာတာလဲ ရှိတယ်ပေါ့နော်။ ဆိုတော့ ဘောလခဲဘက်မှာလဲ စစ်ရေးသတင်းတွေ ကြားနေရတာရှိတယ်ဆိုတော့ ကျမတို့အနေနဲ့ လုံခြုံရေးအရ အရင်ဆုံးရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်” လို့ ကျောင်းတာဝန်ခံ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဆိုပါကျောင်းတာဝန်ခံရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ မတ်လ ၅ ရက်နေ့မှာပဲ အဆိုပါ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မနက်၁၁ နာရီ ဝန်းကျင်မှာ တစ်ကြိမ်နဲ့ မွန်းလွဲပိုင်း ၁ နာရီမှာ တကြိမ် ပါ။ စာသင်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပေမယ့် ဆုံးဖြတ်ချက်မှန်ကန်ခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့ပါဘူး။

ဒီစစ်ရေး ပဋိပက္ခတွေကြားထဲက စာသင်ကျောင်းတွေကို ဘယ်လောက်ထိ ပစ်မှတ်ထား တိုက်ခိုက်နေပါစေ မျိုးဆက်သစ်ကလေးတွေရဲ့ ပညာရေးကို အဆုံးထိတိုင်အောင်သွားနိုင်ဖို့ ကြိုးစားပေးသွားမယ်လို့ အဆိုပါ ကျောင်းတာဝန်ခံလူငယ်အမျိုးသမီး က ဆက်ပြောပါတယ်။

“ကျမတို့ရဲ့ ပညာရေးကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ကြိုက်သလို အုပ်ချုပ်လို့ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုက်ပြီးတော့ ဖျက်ဆီးနေတာပေါ့နော်။ ကျမတို့ဘက်ကတော့ တတ်နိုင်သလောက် တတ်နိုင်သရွေ့ ဆက်ပြီးတော့မှ ဘယ်လိုပဲ ပဋိပက္ခဖြစ်နေပါစေ ၊ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ၊ ဒီပညာ‌ရေးကတော့ ဆက်ပြီးတော့ လုပ်ဆောင်သွားရမဲ့ အခန်းကဏ္ဍလို့ မြင်မိပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော ကျောင်းသားတွေရော ကျောင်းသားမိဘတွေရော ဆရာ၊ ဆရာမအားလုံးအတူပေါင်းပြီးတော့မှ ပိုကောင်းတဲ့ ပိုလုံခြုံတဲ့ ပညာရေးတစ်ခုဆီကို အရောက်သွားရမှာပေါ့နော်။ အဲ့ဒါက အားလုံးမှာ တာဝန်ရှိပါတယ်” လို့ ကျောင်းတာဝန်ခံ လူငယ်အမျိုးသမီးက ပြောပါတယ်။

အဆိုပါ ကျောင်းတာဝန်ခံ ဆရာမကိုယ်တိုင်ကလည်း စစ်ရှောင်တစ်ဦးဖြစ်ပြီး သူနေထိုင်ရာ ကျေးရွာကလေးကိုစွန့်ကာ လုံခြုံမယ်ထင်တဲ့ တစ်နေရာမှာ တခြားသော စစ်ရှောင်တွေနဲ့အတူ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းအန္တာရာယ်ကို စိုးရိမ်တာကြောင့် သူကိုယ်၌ကလည်း ညညဆို ဗုံးခိုကျင်းထဲ ဝင်အိပ်နေရတာပါ။

“လက်နက်ကြီးနဲ့ လေယာဉ်ကလဲ ဘယ်ချိန်လာမယ်မှန်းလဲ မသိဘူး။ လေယာဉ်ကလဲ ဝုန်းကနဲဒိုင်းကနဲ ရောက်လာရင် ပြေးဖို့အချိန်မမီဘူးပေါ့နော်။ ပြောရမယ်ဆိုရင် ညအိပ်ရင်ပြေးဖို့အချိန်မမှီတဲ့အတွက် တော်တော်များများကတော့ ဗုံးခိုကျင်းထဲမှာ ဆင်းအိပ်တယ်ပေါ့နော်။” လို့ ကျောင်းတာဝန်ခံ ဆရာမက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ကြုံတွေ့နေရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ အိမ်တိုင်းဗုံးခိုကျင်း တူးထားကြဖို့ အုပ်ချုပ်ရေးမှုတွေ တိုက်တွန်းပြောဆိုပြီး အိမ်တိုင်ရာရောက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုရန်ကနေ လုံခြုံမှုရဖို့အတွက် မှီခိုစရာကတော့ ဗုံးခိုကျင်းကလွဲပြီး ရွေးချယ်စရာ မရှိကြပါဘူး။

spot_img
spot_img
spot_img

Recent posts