ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် လွိုင်ကော်မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီ ကင်းပုန်းရှိရာနေရာကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက် ၄ လက်သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
“ဒီဇင်ဘာလ ၂ ရက်နေ့မှာတစ်ခေါက်ဖြစ်တယ်။ ပြီးတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာတစ်ခေါက်ပေါ့နော။ နှစ်ခေါက်ပေါင်းမှ ငါးယောက်သေတယ်ပေါ့နော။ပြီးသေနတ် ၄ လက်ရတယ်ပေါ့။ လွိုင်ကော်မှာတော့ တိုက်ပွဲ ကြီးကြီးမားမား မဖြစ်ပါဘူး” လို့ တာအယ်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ဦးထက်မနည်းသေဆုံးခဲ့သလို လက်နက်ငယ် များစွာလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်တဲ့ တစ်လေးလုံးစစ်ဆင်ရေး ၉ လအကြာထိ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ငြိမ်သက်သွားခဲ့ပြီး မြို့ပြင်တွေမှာ ကြိုကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။
လွိုင်ကော်မြို့တွင်းမှာတော့ ဒေသခံတွေ ပြန်လည်နေထိုင်ကြပေမဲ့ နာနတ်တော၊ ထေးငှားလျား၊ ပန်ကန်း ရပ်ကွက်တွေမှာ စစ်ကောင်စီက နေထိုင်ခွင့်မပြုသေးဘူးလို့ ဒေသခံဆီက သိရပါတယ်။
လွိုင်ကော်မြို့နယ်ထဲကို မေလအတွင်း စစ်ကောင်စီအင်အား ၅၀၀ ခန့်နဲ့ သြဂုတ်လအတွင်း အင်အား ၂၀၀ ခန့် ထိုးစစ်ဆင်ခဲ့ပြီးနောက် အင်အားထပ်မံဖြည့်တင်းတာ မရှိတော့ဘူးလို့ တာအယ်စိုးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းတွေက စက်တင်ဘာလအတွင်း လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်မှာ နေရာပြန်ယူထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တပ်စွဲ ထားတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့တွင်းမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၊ ခြေလျင်တပ်ရင်း ခလရ (၂၆၁) ၊ ခလရ (၂၅၀) ၊ ခလရ (၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ခွဲ ထပခ (၇၂၂) တို့ရှိနေပါတယ်။